စပျစ်ထွက်ရှိချိန် ရာသီနှောင်းပိုင်းတွင် ဝယ်လိုအားများနေ

စပျစ်ထွက်ရှိချိန် ရာသီနှောင်းပိုင်းတွင် ဝယ်လိုအားများနေ

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်မှ ထွက်ရှိသောစပျစ်များ စပျစ်ထွက်ရှိချိန် ရာသီနှောင်းပိုင်းတွင်   ဝယ်လိုအား များနေသည့်အတွက် ဈေးကောင်း ရရှိနေကြောင်း စပျစ်စိုက်ပျိုး ရောင်းချသူများ၏ ပြောကြားချက်အရ သိရသည်။

ထိုသို့ဈေးကောင်းရရှိရာတွင်   တစ်ပိဿာလျှင် ငွေကျပ် ၁၆၀၀ မှ ၂၅၀၀ ဝန်းကျင်အထိ ဈေးနှုန်း ပိုမိုရရှိလာသည်။

“ဒီနှစ်က စပျစ်ထွက်ရှိချိန် အစပိုင်းမှာကတည်းက ဈေးရတာမဆိုးဘူး။ ဝယ်လိုအားလည်း များတယ်။ အခုရာသီနှောင်းပိုင်းမှာ ကျတော့ အဝယ်လိုက်တာနဲ့ အသီးရှားတာနဲ့ဆိုတော့ ဈေးပိုကောင်း လာတာပါ။

ဒီနှစ်က တရုတ်နိုင်ငံကလည်း စပျစ်အဝင်နည်းတဲ့အတွက် ပြည်တွင်းစပျစ်တွေ ဈေးကောင်း ပိုရလာတယ်။ ဖြန့်ချိနေတာက တော့ နယ်စုံရောက်ပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်မှ စပျစ်စိုက်ပျိုး တင်ပို့ရောင်းချသူတစ်ဦးက ပြောသည်။

လတ်တလောတွင် စပျစ်အညိုသီး အမျိုးအစား တစ်ပိဿာလျှင်   ငွေကျပ် ၄၅၀၀ နှင့် BQ အမျိုးအစား စပျစ်တစ်ပိဿာလျှင် ငွေကျပ် ၆၈၀၀ မှ ၇၀၀၀ အထိ ဈေးနှုန်း ရှိနေကြောင်း သိရသည်။

အဆိုပါဒေသမှ ထွက်ရှိသည့် စပျစ်များကို  နေပြည်တော်၊  ပဲခူးတိုင်းဒေသကြီး ဖြူးနှင့် ပဲခူး၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် တောင်ကြီး၊ ကချင်ပြည်နယ် ဗန်းမော်၊ မြစ်ကြီးနား၊ ကရင်ပြည်နယ် ဘားအံ စသည့် မြို့နယ်များသို့ တင်ပို့နေခြင်း ဖြစ်ကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်၌  စပျစ်စိုက်ပျိုးသည့် ကျေးရွာပေါင်း ၃၀ ကျော်မှ စိုက်ပျိုးသူဦးရေ ၃၅၀၀ မှ ၄၀၀၀ ဝန်းကျင်အထိရှိကာ  ဧကတစ်သောင်းကျော်  စိုက်ပျိုးထားရာ  အောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်း သိရသည်။