ကုန်ကြမ်းဝင်ရောက်မှု ထက်ဝက်ခန့် လျော့ကျနေသော်လည်း ကမ္ဘာ့ရွှေဈေးနှုန်းနှင့်အတူ ရန်ကုန်ရွှေဈေးနှုန်းပါ ကျဆင်းလျက်ရှိ

ကုန်ကြမ်းဝင်ရောက်မှု ထက်ဝက်ခန့် လျော့ကျနေသော်လည်း ကမ္ဘာ့ရွှေဈေးနှုန်းနှင့်အတူ ရန်ကုန်ရွှေဈေးနှုန်းပါ ကျဆင်းလျက်ရှိ

ယခုရက်ပိုင်းအတွင်း ရန်ကုန်ရွှေဈေးကွက်သို့ နယ်ဒေသများမှ ကုန်ကြမ်းဝင်ရောက်မှု ထက်ဝက်ခန့်လျော့ကျနေသော်လည်း ကမ္ဘာ့ရွှေဈေးနှုန်းနှင့်အတူ ရန်ကုန်ရွှေဈေးနှုန်းပါ    ကျဆင်းလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ   ဦးမျိုးမြင့်၏ ပြောဆိုချက်အရ သိရသည်။

ထိုသို့ကျဆင်းရာတွင်   တစ်ပတ်တာ ကာလအတွင်း  ကမ္ဘာ့ရွှေဈေးနှုန်း   တစ်အောင်စလျှင်  အမေရိကန်ဒေါ်လာ ၄၀ ဝန်းကျင်အထိနှင့်    ရန်ကုန်အခေါက်ရွှေ ဈေးနှုန်း    တစ်ကျပ်သားလျှင်   ငွေကျပ် သုံးသောင်းဝန်းကျင်အထိ   ကျဆင်း လာကြောင်း၊   ရန်ကုန်ရွှေဈေးကွက်အတွင်း ပြီးခဲ့သည့်တစ်ပတ်က စက်သုံးဆီဈေးနှုန်း မြင့်တက်နေသည့် အတွက် ရွှေကုန်ကြမ်း တစ်ရက်လျှင်   ပိဿာချိန်  ၂၀ မှ ၂၅ ပိဿာဝန်းကျင်သာ  ဝင်ရောက်ကြောင်း သိရသည်။

“ကုန်ကြမ်းက   ဓာတ်ဆီ၊  ဒီဇယ်တွေ ဈေးတက်လို့ အဝင်နည်းသွားတယ်။ အရင်တုန်းက  ဘယ်လောက်ဝင်လဲဆိုတာတော့ အတိအကျပြောလို့ မရဘူး။ အခုက ပိဿာချိန် ၂၀ နဲ့ ၂၅ ပိဿာလောက် ဝင်ပါတယ်။  အဝင်က  အရင်ကထက် ထက်ဝက်လောက်တော့ လျော့သွားတယ်” ဟု ဦးမျိုးမြင့်က ပြောသည်။

လတ်တလောတွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ် သိန်း ၂၀ ဝန်းကျင် ရှိနေသည့်အတွက်    ဝယ်လိုအားနည်းနေခြင်းဖြစ်ကာ ဈေးနှုန်းများ ဆက်လက် ကျဆင်းလာပါက ဝယ်လိုအား များလာနိုင်ကြောင်း သိရသည်။

“အခုက ဝယ်လိုအားရော ရောင်းလိုအားပါ သိပ်မရှိဘူး။ ပြန်ရောင်းတဲ့ သူလောက်ပဲ ရှိတာ။ ရွှေလုပ်ကွက်ထဲကသူတွေ၊ အထည်ပျက်သမားတွေ   ပြန်လာရောင်းနေလို့ အရောင်းအဝယ်နည်းနည်း ဖြစ်နေတာပါ” ဟု ဦးမျိုးမြင့်က ပြောသည်။

ဧပြီ ၂၆ ရက်တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၈၉၈ ဒေါ်လာအထိရှိနေပြီး   ပြည်တွင်းငွေလဲနှုန်းမှာ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ လျှင် ငွေကျပ် ၁၈၅၀ အထိ ဈေးနှုန်းရှိနေကြောင်း၊ ရန်ကုန်အခေါက် ရွှေဈေးနှုန်းမှာ တစ်ကျပ်သားလျှင်  ငွေကျပ် ၂၀၅၀၀၀၀ အထိ ဈေးနှုန်းရှိကြောင်း သိရသည်။