တတိယကမ္ဘာစစ်ဖြစ်စေနိုင်သည့် အန္တရာယ်အစစ်နှင့် ပတ်သက်၍ ရုရှားသတိပေး

ယူကရိန်းနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ ပေးပို့ရေးအတွက် အမေရိကန်နှင့်မဟာမိတ်နိုင်ငံများမတွေ့ဆုံမီတွင် တတိယကမ္ဘာစစ်ဖြစ်စေနိုင်သည့်  အန္တရာယ်အစစ်နှင့် ပတ်သက်၍ ရုရှားက သတိပေးလိုက်ကြောင်း သိရသည်။

တတိယကမ္ဘာစစ်   ဖြစ်နိုင်ခြေက တကယ်ကို စိုးရိမ်ရကြောင်းနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ယူကရိန်းအစိုးရ၏ စမ်းတဝါးဝါး ဖြစ်နေခြင်းကြောင့် ယခုကဲ့သို့ ဖြစ်လာရခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂျီလက်ရော့က ဧပြီ ၂၆ ရက်တွင် ပြောသည်။

ထို့ပြင် တင့်ဖျက်ဒုံးကျည်များ၊ သံချပ်ကာယာဉ်များနှင့် အဆင့်မြင့်မောင်းသူမဲ့ယာဉ်များ အပါအဝင် အနောက်အုပ်စုက ယူကရိန်းသို့ နောက်ဆုံးပေါ်လက်နက်များ ပံ့ပိုးပေးနေမှုသည် ပဋိပက္ခကို ချုပ်ငြိမ်းစေခြင်းထက် ယင်းပဋိပက္ခကို ပို၍ သက်ဆိုးရှည်စေသည့် မကောင်းသောလုပ်ဆောင်ချက် များဖြစ်ကြောင်း လက်ရော့ကပြောသည်။

ယင်းလက်နက်များသည် အထူးစစ်ဆင်ရေးဆောင်ရွက်နေသည့်   ရုရှားတပ်မတော်၏ စစ်ရေးပစ်မှတ်များ ဖြစ်လာမည် ဖြစ်ကြောင်းနှင့်   ယူကရိန်းနိုင်ငံအနောက်ပိုင်းရှိ သိုလှောင်ရုံများသည်  တစ်ဖွဲ့ထက်ပိုသည့် ရုရှားတပ်ဖွဲ့၏ပစ်မှတ်ထားခြင်းခံရကြောင်း ၎င်းကဆိုသည်။

အနှစ်ချုပ်ရလျှင် NATO တပ်ဖွဲ့သည် ကြားခံနိုင်ငံမှတစ်ဆင့် ရုရှားနှင့်စစ်ခင်းနေခြင်းဖြစ်ပြီး ထိုကြားခံနိုင်ငံကို လက်နက်များတပ်ဆင်ပေးနေခြင်းဖြစ်ကြောင်းနှင့် စစ်ပွဲဆိုသည်မှာ   စစ်ပွဲသာဖြစ်ကြောင်း လက်ရော့က  ဆက်ပြောသည်ဟု  သိရသည်။

Ref: SCMP