ဗီယက်နမ်က ၂၀၃၀ ပြည့်နှစ် အရောက်တွင် စွမ်းအင်ပမာဏကို ယခုထက်နှစ်ဆ ထုတ်လုပ်မည်

ဗီယက်နမ်နိုင်ငံအနေဖြင့် ၂၀၃၀ ပြည့်နှစ်အရောက်တွင်  စွမ်းအင်ပမာဏကို  ယခုထက် နှစ်ဆဖြစ်သည့် ၁၄၆၀၀၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း အစိုးရက  ဧပြီ  ၂၆  ရက်တွင် ထုတ်ပြန်သည်။

ထိုသို့စွမ်းအင်များ   တိုးတက်ထုတ်လုပ်ရာတွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များကို  အဓိက ဦးစားပေးကာ  ကျောက်မီးသွေးအပေါ် မှီခိုနေရမှုကို လျှော့ချမည်ဖြစ်သည်ဟု  အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ စွမ်းအင်တိုးမြှင့်ထုတ်လုပ်ရေး အစီအစဉ်တွင် ကျောက်မီးသွေးစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများ တည်ဆောက်မှုကို ကန့်သတ်သွားမည်ဖြစ်ပြီး ဟိုက်ဒရိုဂျင်နှင့် အမိုးနီးယား အပါအဝင် အခြားလောင်စာ အရင်းအမြစ်များဖြင့် ထုတ်လုပ်သည့် စက်ရုံများ တည်ဆောက်မှုကိုမူ  ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

ယခုကဲ့သို့ အစီအစဉ်ကိုချမှတ်ခြင်းသည် ကုလသမဂ္ဂ၏ ရာသီဥတု ညီလာခံဖြစ်သော COP26 ၌ပေးခဲ့သည့် ၂၀၅၀ ပြည့်နှစ်တွင် ကာဗွန်ကင်းစင်နိုင်ငံဖြစ်စေရေး ဆောင်ရွက်သွားမည်ဟူသော ကတိကဝတ်အတွက် အခြေခံ ဖြစ်ကြောင်းနှင့် အစီအစဉ်မူကြမ်းကို လာမည့်လတွင် ဝန်ကြီးချုပ်ထံတင်ပြသွားမည် ဖြစ်ကြောင်း အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

ဒေသတွင်းကုန်ထုတ်လုပ်မှု အင်အားကြီးနိုင်ငံ ဖြစ်သည့် ဗီယက်နမ်နိုင်ငံသည် အရှေ့တောင်အာရှတွင် လျှပ်စစ်ဓာတ်အား အများဆုံး ထုတ်လုပ်နိုင်သည့်နိုင်ငံ ဖြစ်ပြီး ၂၀၂၁ ခုနှစ်အကုန်အထိ  လျှပ်စစ်ဓာတ်အား  ၇၆၆၂၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်ထားနိုင်သည်။

အဆိုပါလျှပ်စစ်ဓာတ်အားများအနက် လေအားလျှပ်စစ်နှင့် နေအားလျှပ်စစ်တို့က နိုင်ငံက ထုတ်လုပ်သော လျှပ်စစ်ဓာတ်အား စုစုပေါင်း၏ ၂၇ ရာခိုင်နှုန်းရှိသည်။

လက်ရှိအချိန်တွင်မူ     ကျောက်မီးသွေးရရှိမှု အခက်အခဲကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက် နိုင်သည့် အတွက် ပြည်သူများအနေဖြင့် စွမ်းအင်ကို ချွေတာအသုံးပြုရန် အစိုးရက သတိပေး တောင်းဆိုထားကြောင်း သိရသည်။           

         Ref:CNA