တရုတ်က စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် အခြေခံအဆောက်အအုံများ တိုးမြှင့်ဆောက်လုပ်မည်

တရုတ်နိုင်ငံအနေဖြင့်  စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်တွင်းဝယ်လိုအား မြင့်မားလာစေရေးအတွက် အခြေခံအဆောက်အအုံများ တိုးမြှင့်ဆောက်လုပ်မည် ဖြစ်ကြောင်း     သမ္မတရှီကျင့်ဖျင်၏ ပြောဆိုချက်ကို ကိုးကား၍  နိုင်ငံပိုင်သတင်းဌာနက ဧပြီ ၂၆ ရက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး ကန့်သတ်ချက်များ ချမှတ်ရမှုကြောင့်  စားသုံးသူများ၏ ငွေကြေးသုံးစွဲမှုနှုန်း  ကျဆင်းနေစဉ်  ကမ္ဘာပေါ်တွင် ဒုတိယမြောက်စီးပွားရေး အင်အားကြီးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၏ စီးပွားရေးသည် သိသိသာသာကျဆင်းမည့် အလားအလာနှင့် ရင်ဆိုင်နေရသည်။

အလားတူ အဆိုပါ ကန့်သတ်ချက်များချမှတ်ရမှုကြောင့် အိမ်ခြံမြေဈေးကွက် အခြေအနေသည်လည်း အကျဘက်တွင်သာရှိကာ ပို့ကုန်တင်ပို့မှုက နှေးကွေးမည့် အလားအလာရှိနေသည်။

ထို့ကြောင့် အခြေခံအဆောက်အအုံစီမံကိန်းများ အကောင်အထည်ဖော်မှုက ရင်းနှီးမြှုပ်နှံမှုများကို ရရှိစေမည် ဖြစ်သည့်အပြင် ထိုမှတစ်ဆင့် စက်မှုလုပ်ငန်းတိုးတက်မှုအတွက် အထောက်အပံ့ဖြစ်စေကာ တစ်ဖက်တွင်လည်း နိုင်ငံတော်လုံခြုံရေးကို   ကာကွယ်ရာရောက်မည်ဖြစ်ကြောင်း ရှီကျင့်ဖျင်ကပြောသည်။

အဆိုပါ အခြေခံအဆောက်အအုံ လုပ်ငန်းများအနက် သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်နှင့်ရေ အရင်းအမြစ် လုပ်ငန်းများကို  အဓိကဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်သည်။

အစိုးရအနေဖြင့် အစိမ်းရောင်နှင့် ကာဗွန်ထုတ်လွှတ်မှု နည်းသော   စွမ်းအင်စက်ရုံများကို တည်ဆောက်မှု တိုးမြှင့်ကာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းကွန်ရက်များကို အဆင့်မြှင့်တင်ပြီး ခရီးသည်တင်နှင့် ကုန်တင်လေဆိပ်များကို  တည်ဆောက်သွားမည်ဖြစ်ကြောင်း ရှီကျင့်ဖျင်ကဆက်ပြောသည်။

အခြေခံအဆောက်အအုံ အမျိုးအစားအသစ်များတွင် အဆင့်မြင့် တွက်ချက်မှုစနစ်များ၊ အင်တာနက် အခြေပြု တွက်ချက်မှုစနစ်များ၊  လူတူအသိဉာဏ်အခြေခံများနှင့် ကြိုးမဲ့အင်တာနက်ချိတ်ဆက်မှု စနစ်တို့လည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။     

Ref:CNA