ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသည့်ခရီးသွားများအတွက် ကျန်းမာရေးဆိုင်ရာဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း

 

၁။         ယခုအခါ မြန်မာနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများ ကျဆင်းလာပါသဖြင့်  နိုင်ငံတကာ ပုံမှန် လေကြောင်းခရီးစဉ် (Commercial Flight)များဖြင့် မြန်မာနိုင်ငံသို့ လာရောက်မည့် မြန်မာနိုင်ငံသားများ၊ နိုင်ငံခြားသားများ နိုင်ငံ အတွင်းသို့ ဝင်ရောက်ရာတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် စီစဉ်၍ (၁၇-၄-၂၀၂၂)ရက်နေ့၊ (၀၀း၀၀)နာရီမှစ၍ ပြေးဆွဲဆောင်ရွက်ခဲ့ရာ (၂၈-၄-၂၀၂၂)ရက်နေ့အထိ ဝင်ရောက်လာသူခရီးသည်များမှကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းလွန်စွာနည်းပါးကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

၂။         အဆိုပါတွေ့ရှိချက်အရ ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ နိုင်ငံတကာ ပုံမှန်လေကြောင်းခရီးစဉ် (Commercial Flight)များ ဖြင့် ပြန်လည်လိုက်ပါလာသူများအား ယခင်က သတ်မှတ်ဟိုတယ်တွင် (၂၄)နာရီနေထိုင်စေ၍ RT-PCR နည်းဖြင့် ဓာတ်ခွဲစမ်းသပ် စစ်ဆေးခဲ့ခြင်းအစား (၁-၅-၂၀၂၂)ရက်နေ့၊ (၀၀း၀၀)နာရီမှစတင်၍ ကုန်ကျစရိတ်သက်သာပြီး ဓာတ်ခွဲအဖြေအချိန်တိုအတွင်း ချက်ချင်းရရှိနိုင်သော RDT နည်းဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်စစ်ဆေးပေးခြင်းကို ပြောင်းလဲဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၃။         ၎င်းအပြင် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ် (Relief Flight) များ၊ နယ်စပ် ဝင်/ထွက်ဂိတ်များမှ ပြန်လည် ဝင်ရောက်လာ သူများအား ယခင်က ကိုဗစ်-၁၉ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပြီးပါက အသွားအလာကန့်သတ်ထားရှိမှု (၅) ရက်အစား (၃)ရက်သို့ လည်းကောင်း၊ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံမှုမရှိပါက အသွားအလာကန့်သတ်ထားရှိမှု (၇)ရက်အစား (၅)ရက်သို့လည်းကောင်း    ပြင်ဆင်ပြောင်းလဲဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၄။         သို့ဖြစ်ပါ၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော (က) နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ် (Commercial Flight)၊ (ခ) ကယ်ဆယ်ရေးလေယာဉ် (Relief Flight)နှင့် (ဂ) နယ်စပ် ဝင်/ထွက်ဂိတ်များမှ ဝင်ရောက်လာမည့် ခရီးသွားများ အတွက် အသွားအလာကန့်သတ်မှုနှင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း ဆောင်ရွက်မည့် အစီအစဉ်များပါ လမ်းညွှန်ချက်များကို ကျန်းမာရေး ဝန်ကြီးဌာန၏  အင်တာနက်စာမျက်နှာ www.moh.gov.mm တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း သတင်းထုတ်ပြန်ကြေညာ အပ်ပါသည်။   

ကျန်းမာရေးဝန်ကြီးဌာန

 (၂၉-၄-၂၀၂၂)