NATO တပ်ဖွဲ့၏ စစ်ရေးလေ့ကျင့်ခန်းကို တူရကီသပိတ်မှောက်

တူရကီနိုင်ငံက  ဂရိနိုင်ငံနှင့်တင်းမာမှု မြင့်တက်နေစဉ် NATO တပ်ဖွဲ့က  လုပ်ဆောင်သော   စစ်ရေးလေ့ကျင့်ခန်းကို သပိတ်မှောက်ပြီး ပါဝင်လေ့ကျင့်မည် မဟုတ်ကြောင်း လုံခြုံရေးသတင်းအရင်းအမြစ်များကိုကိုးကား၍  တူရကီသတင်းဌာနများက ဧပြီ ၃၀ ရက်တွင် ဖော်ပြထားသည်။

Tiger Meet ဟု အမည်ပေးထားသည့် အဆိုပါစစ်ရေးလေ့ကျင့်ခန်းကို  ဂရိနိုင်ငံအနောက်ပိုင်းရှိ အာရာဇော့လေတပ် စခန်း၌ မေ ၉ ရက်မှ ၂၂ ရက်အထိ လုပ်ဆောင်သွားမည်ဖြစ်ပြီး ယင်းစစ်ရေးလေ့ကျင့်ခန်းသို့ တူရကီက  F-16 Fighting Falcon တိုက်လေယာဉ်များစေလွှတ်ရန် ယခင်က စီစဉ်ထားသည်။

သို့သော်   စစ်ရေးလေ့ကျင့်ခန်းနှင့် ပတ်သက်၍  ဂရိအစိုးရက ထုတ်ပြန်သော စာရွက်စာတမ်းများတွင် ပါဝင်သည့်အသုံး အနှုန်းက  နိုင်ငံတကာဥပဒေနှင့် ဆန့်ကျင်နေသောကြောင့်  ထိုအသုံးအနှုန်းကို ပြင်ဆင်ပေးရန်  တူရကီဘက်ကတောင်း ဆိုသော်လည်း ဂရိဘက်က  ငြင်းဆိုလိုက်သည်။

ထို့ကြောင့်  တူရကီက  အဆိုပါ စစ်ရေးလေ့ကျင့်ခန်း၌မပါဝင်ရန် ဧပြီ ၂၂ ရက်တွင်ဆုံးဖြတ်ချက်ချကာ  စစ်ရေးလေ့ကျင့် ခန်းမှနုတ်ထွက်ကြောင်း  အိမ်ရှင်နိုင်ငံကို အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် တူရကီအနေဖြင့် ဂရိနိုင်ငံနှင့် ပြန်အဆင်ပြေစေရေးအတွက် နည်းလမ်းပေါင်းစုံကိုအသုံးပြုခဲ့သော်လည်း ဂရိအစိုးရက ၎င်းတို့၏နိုင်ငံအတွင်း လုပ်ဆောင်သော စစ်ရေးလေ့ကျင့်ခန်း၌ တူရကီကိုပါဝင်စေလိုစိတ် မရှိသည့်အတွက် ချစ်ကြည်ရင်းနှီးမှုဟူသော ရည်ရွယ်ချက်ကို ပျက်စီးအောင်လုပ်ဆောင်လိုက်ကြောင်း လုံခြုံရေးသတင်းအရင်းအမြစ်တစ်ခုက ပြောသည်ဟု  သိရသည်။                                   

Ref:RT