လူသားတွေရဲ့ရှင်သန်နိုင်စွမ်းကိုစမ်းသပ်မယ့် အိန္ဒိယနဲ့ ပါကစ္စတန်တို့မှာဖြစ်တဲ့အပူလှိုင်း

လက်ရှိ အိန္ဒိယနိုင်ငံနဲ့ပါကစ္စတန်နိုင်ငံတို့မှာ အပူလှိုင်းဖြစ်ပေါ်နေပြီး သူ့ရဲ့အပူချိန်များကလည်း စံချိန်တင် ရလောက်အောင်ကို ပြင်းထန်နေပါတယ်။

ရာသီဥတု ပြောင်းလဲမှုကြောင့်ဖြစ်တဲ့ အဲဒီဒေသတွေမှာဖြစ်ပေါ်လာတဲ့ အပူချိန်ပြင်းထန်မှုက လူသားသန်းပေါင်း များစွာရဲ့ အသက်အန္တရာယ်နဲ့ ရှင်သန်နေထိုင်နိုင်စွမ်းကို စမ်းသပ်နေပါပြီ။

ပြီးခဲ့တဲ့ဧပြီလအတွင်း    အိန္ဒိယနိုင်ငံအလယ်ပိုင်းနဲ့ အနောက်မြောက်ပိုင်းတို့မှာ ဖြစ်ပေါ်ခဲ့တဲ့အပူချိန်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၂ နှစ်အတွင်း အမြင့်ဆုံးကို ရောက်ရှိခဲ့တာတွေ့ရပါတယ်။

အနောက်မြောက်ပိုင်းမှာဖြစ်ပေါ်ခဲ့တဲ့ အပူချိန်က ၃၅ ဒသမ ၉ ဒီဂရီစင်တီဂရိတ်နဲ့ အလယ်ပိုင်းမှာဆိုရင် ၃၇ ဒသမ ၇၈ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိခဲ့တာပါ။

အိန္ဒိယနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့နယူးဒေလီမှာတော့ ခုနစ်ရက်ဆက်တိုက် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်အထိ ရှိတာကိုလည်း တွေ့ရပါတယ်။     နယူးဒေလီမြို့အတွက်တော့ ဒီအပူချိန်ဟာ ဧပြီလအတွက်ပျမ်းမျှအပူချိန်ထက် ၃ ဒီဂရီစင်တီဂရိတ်ပိုများနေတာပါ။

တချို့ပြည်နယ်တွေမှာတော့   အပူချိန်မြင့်တက်မှုကြောင့်   စာသင်ကျောင်းတွေပိတ်ရ၊ စိုက်ပျိုးသီးနှံတွေပျက်စီး၊ စွမ်းအင်ပြတ်လပ်မှုတွေဖြစ်ပေါ်မှုနဲ့ အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ခဲ့ရသလို ဒေသခံပြည်သူတွေ အနေနဲ့လည်း မလိုအပ်ဘဲအိမ်အပြင် မထွက်ဖို့နဲ့ ရေများများသောက်ဖို့ တာဝန်ရှိသူတွေက သတိပေးမှုတွေ ပြုခဲ့ရပါတယ်။

အဲဒီလိုပြင်းထန်လှတဲ့   အပူလှိုင်းဟာ အိန္ဒိယနိုင်ငံရဲ့ အိမ်နီးချင်းဖြစ်တဲ့ ပါကစ္စတန်နိုင်ငံအပေါ်ကိုလည်း ကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်စေပြန်ပါတယ်။

ပါကစ္စတန်နိုင်ငံ   အရှေ့တောင်ပိုင်း ဆင်းပြည်နယ်မှာရှိတဲ့ ဂျာကော့ဘာဘတ်နဲ့ ဆီဘီမြို့တို့မှာဆိုရင် စံချိန်တင်ရတဲ့ အမြင့်ဆုံးအပူချိန်က ၄၇ ဒီဂရီစင်တီဂရိတ် ဖြစ်ပြီး ဧပြီ ၂၉ ရက်မှာ ဖြစ်ပေါ်တာပါ။

ဒီအပူချိန်ဟာ အဲဒီရက်အတွင်း မြောက်ကမ္ဘာခြမ်းရှိ ဘယ်မြို့မဆိုရဲ့အပူချိန်ထက် များစွာသာလွန်နေပြီး စံချိန်တင်ရတယ်လို့ ပါကစ္စတန်မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။

အိန္ဒိယနိုင်ငံအတွင်းမှာ  ဖြစ်ပေါ်နေတဲ့ အပူချိန်က   အခုသီတင်းပတ်အတွင်းမှာ လျော့ကျသွားနိုင်ဖွယ်ရှိတယ်လို့   အိန္ဒိယ မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့လည်း ရာသီဥတုပြောင်းလဲခြင်းကြောင့် အခုလိုမျိုးရာသီဥတု ဖောက်ပြန်မှုက မကြာခဏဖြစ်ပွားနိုင်သလို ရေရှည်အပူလှိုင်းတွေလည်း ဖြစ်လာနိုင်တဲ့အပြင် နှစ်နိုင်ငံစလုံးမှာရှိတဲ့ လူဦးရေ ၁ ဘီလီယံကျော်အပေါ် ကြီးစွာသောသက်ရောက်မှုတွေ ဖြစ်စေနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်များက သတိပေးလိုက်ပါပြီ။

ပညာရှင်တွေက    ဘာကြောင့်အခုလိုမျိုး သတိပေးချက်တွေ ထုတ်ပြန်ရတာလဲ။ ရာသီဥတုပြောင်းလဲမှုကြောင့်   ဘယ်လို အကျိုးဆက်တွေ သက်ရောက်နိုင်မလဲ ဆိုတာကို ဆက်လက်တင်ပြသွားပါမယ်။

အိန္ဒိယနိုင်ငံဟာ ပုံမှန်အားဖြင့်ဆိုရင် မေလနဲ့ဇွန်လတို့မှာသာ အပူလှိုင်းတွေကို ရင်ဆိုင်နေရမြဲဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ မတ်လနဲ့ဧပြီလကတည်းက အပူချိန်မြင့်တက်မှုတွေနဲ့ ရင်ဆိုင်လာရတာပါ။

အိန္ဒိယနိုင်ငံရဲ့    ပေါင်မုန့်ခြင်းအဖြစ် တင်စားရတဲ့ မြောက်ပိုင်းပြည်နယ်ပန်ဂျပ်မြို့ဟာ အပူလှိုင်းရဲ့ နောက်ဆက်တွဲဒဏ်ကို အဆိုးဆုံးခံစားရတဲ့နေရာ ဖြစ်နေပါတယ်။

အဲဒီပြည်နယ်မှာရှိတဲ့ သန်းပေါင်းများစွာသော လယ်ယာစိုက်ပျိုးရေး အလုပ်သမားတွေသာမက သူတို့ကိုယ်တိုင် ထွန်ယက်စိုက်ပျိုးထားတဲ့   ဂျုံခင်းတွေဟာလည်း အပူဒဏ်ကို အလူးအလဲခံနေရပါတယ်။

ဂျုံခင်းတွေဆိုတာ အဲဒီတောင်သူလယ်သမားတွေအနေနဲ့ သူတို့ရဲ့မိသားစုအတွက် စားဝတ်နေရေးကို ဖြေရှင်းပေးတဲ့ နေရာသာ ဖြစ်ရုံမကဘဲ နိုင်ငံတစ်ဝန်းကိုပါ ရောင်းချပြီး ပြည်သူတွေရဲ့စားသောက်ရေးကို ပံ့ပိုးပေး

နေရတာပါ။

အခုတော့ ဧပြီလအတွင်းအပူချိန်ဟာ အဲဒီဒေသအတွက်  ပျမ်းမျှအပူချိန်ထက် ၇ ဒီဂရီစင်တီဂရိတ် ပိုမိုပူပြင်းနေတာကြောင့် ဂျုံအထွက်နှုန်းသိသိသာသာ ကျဆင်းစေတယ်လို့  ပန်ဂျပ်ပြည်နယ်စိုက်ပျိုးရေးဌာန ညွှန်ကြားရေးမှူး ဂါဗင်ဒါဆင်းက ပြောပါတယ်။

ဂျုံအထွက်နှုန်းကျဆင်းမှုကို ပမာဏအားဖြင့် ပြောရမယ်ဆိုရင်    တစ်ဟက်တာကို ဂျုံကီလိုဂရမ် ၅၀၀ လောက်ဆုံးရှုံးရတယ်လို့ ဂါဗင်ဒါဆင်းက ဆိုပါတယ်။

ဒီအခြေအနေဟာ တစ်နေရာတည်းကွက်ကြည့်ရင်    အိန္ဒိယနိုင်ငံအတွက်ပဲ မြင်မှာဖြစ်သလို ဖြန့်ကြက်ကြည့် ရင်တော့ ကမ္ဘာ့ဂျုံဈေးကွက်အပေါ်ကိုပါ ထိခိုက်နိုင်စွမ်း ရှိပါတယ်။

ရုရှားနဲ့ယူကရိန်းတို့ကြား ဖြစ်တဲ့ ပဋိပက္ခကြောင့် ကမ္ဘာ့ဂျုံဈေးကွက်ဟာ ယိုင်နဲ့နေပါတယ်။ ဒီကြားထဲကမှ ဂျုံတင်ပို့တဲ့ အိန္ဒိယနိုင်ငံကလည်း ဂျုံထွက်ရှိမှု ကျဆင်းသွားတယ်ဆိုရင် ဒီအကျိုးဆက်ဟာ ကမ္ဘာ့ဂျုံဈေးကွက်အပေါ် ကြီးစွာသော သက်ရောက်မှု ဖြစ်စေနိုင်ပါတယ်။

အိန္ဒိယနိုင်ငံဟာ ဒီနှစ်ထဲမှာ ကမ္ဘာ့ဈေးကွက်ထဲကို  ဂျုံတန်ချိန် ၁၅ သန်းလောက် တင်ပို့ဖို့ မျှော်မှန်းထားပါတယ်။ ဒါပေမဲ့လည်း အခုဖြစ်ပွားနေတဲ့   အပူချိန်မြင့်တက်မှုက သူတို့ရဲ့မျှော်မှန်းချက်ကို    ရိုက်ချိုးလိုက်သလိုပါပဲ။

အလားတူ တောင်သူလယ်သမားတွေကလည်း ကြမ်းတမ်းဆိုးဝါးလှတဲ့ အပူချိန်ရဲ့ ဖိစီးမှုဒဏ်ကို    ခံစားနေကြ ရတယ်လို့ အစိုးရတာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချန်ဒီဆင်းက ပြောထားပါသေးတယ်။

ဂျုံထွက်ရှိမှုကျဆင်းသွားတဲ့အတွက် တောင်သူလယ်သမားတွေလည်း  ဝင်ငွေလျော့နည်းပြီး တစ်ဖက်က ဓာတ်မြေသြဇာနဲ့    စက်သုံးဆီဈေးတွေ မြင့်တက်လာတာကြောင့်    သူတို့ဟာအရင်းမရှုံးအောင်ကို တော်တော်ကြီး ကြိုးပမ်းရဦးမှာ ဖြစ်ပါတယ်။

တောင်သူလယ်သမားတွေ၊ ဆောက်လုပ်ရေးအလုပ်သမားတွေ၊ အလုပ်ကြမ်းသမားတွေလိုမျိုး နေအိမ်ပြင်ပမှာ အလုပ်လုပ်ရတဲ့ သူတွေဟာ   အပူချိန်မြင့်တက်မှုဒဏ်ကို တခြားသူတွေထက် ပိုမိုဆိုးဝါးစွာ ခံစားနေရပေမယ့် သူတို့မှာ အပူချိန်ကို လျှော့ချဖို့ ရွေးချယ်စရာလည်းမရှိသလို ပြင်းထန်လှတဲ့ အပူချိန်ကနေ ရှောင်ပြေးလို့လည်း မရပါဘူးလို့ ချန်ဒီဆင်းက ဆိုပါတယ်။

အိန္ဒိယနိုင်ငံရဲ့တချို့ဒေသတွေမှာဆိုရင် မြင့်တက်လာတဲ့ အပူချိန်ကို အန်တုနိုင်စေဖို့ လုပ်ဆောင်ကြတဲ့အတွက်    လျှပ်စစ်မီး လိုအပ်ချက်ကလည်း မြင့်တက်လာပါတယ်။

ဒါကြောင့်ပဲ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအတွက်အသုံးပြုတဲ့  ကျောက်မီးသွေးပြတ်လပ်မှုဖြစ်ပွားပြီး လျှပ်စစ်ဓာတ် အားပြတ်တောက်မှုများလည်း ဖြစ်ပွားကာ လူသန်းပေါင်းများစွာဟာ   တစ်ရက်ကို ကိုးနာရီကြာ    လျှပ်စစ်မီးပြတ်တဲ့ဒဏ်ကို ခံစားနေရပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်မှာဆိုရင်  အထင်ကရကျောက်မီးသွေးဓာတ်အားပေးစက်ရုံငါးလုံးအနက် သုံးလုံးမှာရှိတဲ့ ကျောက်မီးသွေးလက်ကျန်ပမာဏဟာ အလွန်တရာနည်းပါးပြီး ၂၅ ရာခိုင်နှုန်းအောက်အထိ ကျဆင်းသွားတာကိုတွေ့ရပါတယ်။

ဒီအတွက်ကြောင့်   အိန္ဒိယအစိုးရဟာ ခရီးသည်တင်မီးရထားခရီးစဉ် ၆၅၀ ကျော်ကို အခုမေလကုန်အထိ ပြေးဆွဲခြင်းမပြုဖို့ တားမြစ်ထားပါတယ်။

အကြောင်းရင်းကတော့ ဓာတ်အားပေးစက်ရုံတွေမှာ နည်းပါးနေပြီဖြစ်တဲ့ ကျောက်မီးသွေးတွေကို အချိန်မီဖြည့်တင်း ပေးနိုင်ရေးအတွက် ကျောက်မီးသွေး သယ်ယူပို့ဆောင်ပေးမယ့်ရထားတွေ သွားလာနိုင်စေဖို့ ဖြစ်တယ်လို့ မီးရထားဝန်ကြီးဌာနမှ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ပြောထားပါတယ်။

အနောက်ဘန်ဂေါနဲ့ သြရိဿပြည်နယ်တို့ အပါအဝင် အိန္ဒိယနိုင်ငံအနောက်ပိုင်းရှိ ပြည်နယ်များက အပူချိန်မြင့်တက် နေစဉ် ကာလအတွင်း    စာသင်ကျောင်းတွေကို ပိတ်ထားဖို့အတွက် ကြေညာထားပါတယ်။

အပူချိန်မြင့်တက် နေစဉ်အတွင်း ကျောင်းသွားတဲ့ ကလေးငယ်အများစုဟာ နှာခေါင်းသွေးလျှံကြပါတယ်။ သူတို့က အပူလှိုင်းကို ခံနိုင်ရည်မရှိကြပါဘူး။

ပြီးခဲ့တဲ့နှစ် အနည်းငယ်တုန်းက  ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရများဟာ အပူလှိုင်းများရဲ့ အကျိုးသက်ရောက် မှုများကို လျှော့ချနိုင်ရေးအတွက်    လုပ်ဆောင်ချက်အများအပြားကို ဆောင်ရွက်ခဲ့ကြပါတယ်။

အဲဒီလုပ်ဆောင်ချက်တွေထဲမှာ စာသင်ကျောင်းများကိုပိတ်ခြင်း၊    ပြည်သူလူထုအတွက်   ကျန်းမာရေး အကြံပြုချက်များ ထုတ်ပြန်ခြင်းတို့ ပါဝင်ပါတယ်။

ဒါပေမဲ့   ဒီလိုလုပ်ဆောင်ချက်တွေက အပူလှိုင်းများရဲ့အကျိုးဆက်ကိုလျှော့ချဖို့ မလုံလောက်သေးပါဘူး။ နောင်တစ်ချိန်မှာ ထပ်မံရင်ဆိုင်ရမယ့် အပူလှိုင်းများအတွက် နောက်ထပ်ပြင်ဆင်စရာတွေ အများကြီးရှိပါ သေးတယ်လို့ ချန်ဒီဆင်းက ပြောထားပါတယ်။

ဒါကြောင့် အခုဖြစ်ပေါ်နေတဲ့ ရာသီဥတုပြောင်းလဲမှု၊   အပူလှိုင်းများဖြစ်ပေါ်မှုနဲ့ အပူချိန်မြင့်တက်မှုတို့ဟာ လူသားတွေရဲ့ အသက်ရှင်သန်ရပ်တည်နိုင်စွမ်းကို စမ်းသပ်မယ့်အရာတွေပဲ ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။             

Ref:CNN

ထက်မြက်