နှစ်ပေါင်း ၆၆ သန်းကျော်ရှိ ရေနေသတ္တဝါများ၏ ကျောက်ဖြစ် ရုပ်ကြွင်းများကို ဘန်ကောက်၌ တွေ့ရှိ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ လူသွားလမ်းတစ်ခု၌ နှစ်ပေါင်း ၆၆ သန်းကျော်ရှိ ရေနေသတ္တဝါများ၏ ကျောက်ဖြစ်ရုပ်ကြွင်းများကို တွေ့ရှိကြောင်း သိရသည်။

ဘန်ကောက်မြို့ရှိ ကုန်တိုက်တစ်ခုသို့လာသော  အမြင်စူးရှသည့် ဈေးဝယ်သူတစ်ဦးက လူသွားစင်္ကြံတစ်ခုပေါ်၌   ခရုပုံသဏ္ဌာန်ရှိသည့်  ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုကို ဦးစွာတွေ့ရှိခြင်း ဖြစ်သည်။

ထို့နောက်  သဘာဝအရင်းအမြစ်နှင့် ပတ်ဝန်းကျင်ဝန်ကြီးဌာနမှ  ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်များက မီတာ ၄၀၀ ရှည်သော  လူသွားစင်္ကြံတစ်လျှောက်မှ ပင်လယ်ခရုတစ်မျိုးဖြစ်သည့်  အမ်မိုနိုက်ကျောက်ဖြစ်ရုပ်ကြွင်း ၇၇ ခုကို    ရှာဖွေတွေ့ရှိသည်။

အဆိုပါအမ်မိုနိုက်များသည် လွန်ခဲ့သော နှစ်ပေါင်း ၆၆ သန်းကတည်းက မျိုးသုဉ်းပျောက်ကွယ် သွားဖွယ်ရှိသည်ဟု ကျောက်ဖြစ်ရုပ်ကြွင်းကာကွယ်ရေးဌာနမှ ညွှန်ကြားရေးမှူး ပရီးချာဆိုင်သောင်းက မေ ၃ ရက်တွင်ပြောသည်။

ထို့ပြင် ယခုတွေ့ရှိသော  အမ်မိုနိုက်များသည်  ယခင်တွေ့ဖူးနေကျဖြစ်သော ခရုကျောက်ဖြစ်ရုပ်<ကင်းများနှင့် ကွဲပြား ခြားနားကာ   တကယ့်အစစ်အမှန်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ယင်းလူသွားစင်္ကြံကို လွန်ခဲ့သောနှစ်နှစ်က  ပြန်လည်ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ  ကန်ထရိုက်တာ တချို့က အဆိုပါ    ကျောက်ဖြစ်ရုပ်ကြွင်းများကို ကွန်ကရစ်အတွင်းထည့်လောင်းကာ အလှဆင်ခဲ့ဟန်ရှိကြောင်း ဒေသတွင်းသတင်းဌာနများက ဖော်ပြထားသည်။

Ref:CNA