သရက်သီးအကြောင်း သိမှတ်ဖွယ်ရာအဖြာဖြာ

သရက်သီးအကြောင်း သိမှတ်ဖွယ်ရာအဖြာဖြာ

အရည်အသွေး ကောင်းမွန်လတ်ဆတ်သော သရက်သီး၏ အနံ့အရသာနှင့်မွှေးရနံ့တို့ကို မည်သည့်သစ်သီးမျှလိုက်မမီနိုင်ပေ။ ထို့ကြောင့် “အသီးမှာ သရက်၊ အရွက်မှာ လက်ဖက်၊ အသားမှာဝက်” ဟုပြောစမှတ်ပြုကြသည်။ အိန္ဒိယနိုင်ငံတွင်လည်း သရက်သီးကို “အသီးမှာဘုရင်” ဟု သမုတ်ကြသည်။ ကမ္ဘာပေါ်တွင် သရက်သီးမျိုးစိတ်ပေါင်း ထောင်နှင့်ချီရှိပြီး မြန်မာပြည်တွင် စိမ်းစားသီး၊ မချစ်စု၊ မန္တလေးရင်ကွဲ၊စိန်တစ်လုံး၊ မြကျောက်၊ ရွှေဟင်္သာ၊ ပတ္တမြားငမောက်၊ အောင်ဒင်၊ ပန်းဆွဲ၊  စိုင်သီး၊ ပန်းသရက်၊ သုံးလုံး တစ်တောင် သရက်မျိုးများကို အမည်အမျိုးမျိုးဖြင့် နေရာဒေသအလိုက် ခေါ်ဝေါ်ကြောင်းသိရသည်။

သရက်သီးစားဖွယ်စုံ

နွေလယ်ကာလမှ မိုးနှောင်းကာလများအထိ ပေါပေါများများရရှိနိုင်သော သရက်သီးမှည့်များကို သရေစာသစ်သီးအဖြစ် စားသုံး လေ့ရှိကြသလို သရက်ပျဉ်၊ ဖျော်ရည်၊သရက်ယို၊ ရေခဲမုန့်၊ သကြားလုံး၊ ကျောက်ကျော၊  ဂျယ်လီ၊ ပူတင်းအဖြစ်လည်းကောင်း၊ ဝမ်းပြင်း (မစိမ်းလွန်း၊ မမှည့်လွန်း)သရက်သီးများကို နွယ်ချို၊ ငရုတ်သီးမှုန့်၊ ဆားအနည်းငယ်ဖြူး၍သော်လည်းကောင်း စားကြသည်။ ထို့ပြင် သရက်သီးသုပ်၊ သရက်ချဉ်သုပ်၊ ဆားရည်စိမ်၊ သနပ်အဖြစ်လည်း ထမင်းမြိန်လှသည်။

သရက်နှင့် ကျန်းမာရေး

အချိုဓာတ်၊ အချဉ်ဓာတ်ကို တစ်ပြိုင်တည်းပေးစွမ်းနိုင်သည့် သရက်သီးသည် အရသာရှိရုံသာမက လူသားတို့ကျန်းမာရေးကို များစွာအထောက်အကူပြုပေးသော ပရိုတင်း၊  ကာဗိုဟိုက်ဒရိတ် (ခေါ်) ကစီဓာတ်၊ အဆီ၊ ဗီတာမင်အေ၊  ဗီတာမင်စီ၊ ပိုတက်စီယမ်၊  ကယ်စီယမ်၊ မဂ္ဂနီးစ်၊ ဆီလီနီယမ်၊ အိုင်းယွန်း၊ ဆိုဒီယမ်နှင့် ဖော့စဖောရပ် စသည့်အာဟာရဓာတ်များအပြင် အလွယ်တကူ ချေဖျက်နိုင်သည့် အမျှင်ဓာတ် ၄၀ ရာခိုင်နှုန်းလည်း  ပါဝင်သည်။ အသီးသာမက အရွက်နှင့်အစေ့တို့လည်း ဆေးဖက်ဝင်သည်။ ဆေးသိပ္ပံပညာရှင်များ၏ အဆိုအရ မျောက်များသည် သရက်သီးအစေ့ကိုပါ စားသုံးလေ့ရှိသောကြောင့်   ခွန်အားများတိုးပွားကာ အပင်အမြင့်ခုန်နိုင်သည်ဟု ဆိုရိုးစကားရှိသည်။

  • Institute of Food Research မှ လေ့လာချက်များအရ သရက်သီးထဲတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများအပြင် ဓာတ်ပေါင်းစုတို့ အလုံအလောက်ပါရှိသောကြောင့် အူမကြီးကင်ဆာ၊ ရင်သားကင်ဆာနှင့် ဆီးကျိတ်ကင်ဆာတို့ မဖြစ်ပေါ် လာအောင် ကာကွယ်ပေးနိုင်ကြောင်း သိရသည်။
  • ပျော်ဝင်လွယ်သော အမျှင်ဓာတ်၊ Pectin နှင့် ဗီတာမင်စီတို့ များစွာပါဝင်သောကြောင့် သွေးအတွင်းမကောင်းသည့် ကိုလက်စထရောအဆင့်ကို လျော့ကျစေသည်။
  • သရက်သီး တစ်ခွက်စာ ပမာဏတွင် လူတစ်ဦးစီမှာ တစ်နေ့တာ လိုအပ်သော ဗီတာမင်အေ၏ ၂၅ ရာခိုင်နှုန်းခန့် ပါဝင်သည်။ ထို့ပြင် flavonoids, Betacarotene, alpha-caroteneနှင့် betacryptoxanthin တို့လည်း ပါရှိနေသဖြင့် မျက်စိအမြင် အာရုံကို တိုးတက်ကောင်းမွန်စေပြီး မျက်စိခြောက်သွေ့ခြင်းနှင့် ကြက်မျက်သင့်ရောဂါ၊ မျက်စိယားယံခြင်း၊ ရောင်ကိုင်းခြင်း နှင့် မျက်ကြည်လွှာရောဂါ အမျိုးမျိုးတို့ကို ကာကွယ်ပေးနိုင်သည်။
  • မန်ကျည်းသီးထဲတွင် တွေ့ရသော Tartaric အက်စစ်၊    သစ်တော်သီးထဲတွင် တွေ့ရသော Malic အက်စစ်၊ သံပရာသီးနှင့် ရှောက်သီးတို့ထဲတွင် တွေ့ရသော Citric အက်စစ်တို့အားလုံး သရက်သီးထဲတွင် မျှခြေပါဝင်နေသောကြောင့် ခန္ဓာကိုယ်၏ အယ်ကာလီဓာတ်ကို ညီညွတ်မျှတစေသည်။
  • သရက်သီးထဲတွင် Glycemic ပါဝင်မှု ၄၁ မှ ၆၀ ရှိပြီး ဆီးထဲရှိသကြားပမာဏကို မျှတစေသဖြင့် ဆီးချိုရောဂါသည်များ အသင့်အတင့် စားသုံးပေးသင့်သည်။ ထို့ပြင် ညအိပ်ရာမဝင်ခင် ရေနွေးဆူဆူတွင် သရက်ရွက် ၁၀ ရွက် သို့မဟုတ် ၁၅ ရွက်ထည့်၍   အဖုံးဖုံးထားပြီး နံနက်ရောက်သောအခါ အရည်စစ်သောက်ပေးခြင်းဖြင့် ဆီးချိုရောဂါကို   သက်သာလာစေနိုင် သည်။
  • ဗီတာမင်အီးဓာတ် အမြောက်အမြားပါဝင်သည့်အတွက် ခန္ဓာကိုယ်အတွင်းရှိ ဟော်မုန်းထုတ်လုပ်မှုစနစ်ကို ကောင်းမွန်စွာ အထောက်အကူပေး၍ ကာမအားကိုတိုးပွားစေကာ သက်လုံကောင်းပြီး လန်းဆန်းပေါ့ပါးတက်ကြွစေသည်။
  • သရက်သီးထဲတွင် သင်္ဘောသီးကဲ့သို့ ချေဖျက်လွယ်သော အမျှင်ဓာတ်အမြောက်အမြားပါရှိသဖြင့် အစာကြေညက်စေပြီး ဝမ်းမှန်စေသည်။ ထို့ပြင် အစာအိမ်နှင့် အူများကို သန့်စင်စေရုံသာမက အသည်းကိုပါ ကောင်းကျိုးပြုသည်။
  • သရက်သီးသည် ခန္ဓာကိုယ်ကိုအေးမြစေသော အစွမ်းသတ္တိပါရှိသဖြင့် ပူပြင်းသော နွေရာသီတွင် သရက်သီး ဖျော်ရည် သောက်ပြီး အပူဒဏ်သင့်ခြင်းကို ကာကွယ်နိုင်သည်။ ထို့ပြင် ဆီးရွှင်စေသဖြင့် ဆီးကျောက်တည်မှုအန္တရာယ်ကို လျှော့ချ ပေးပြီး ကျောက်ကပ်ကို သန့်စင်စေကာ ခန္ဓာကိုယ်တွင် ဆီးဆိပ်တက်ခြင်းပြဿနာကို မဖြစ်ပေါ်စေနိုင်ပါ။
  • သရက်သီးထဲတွင် ဗီတာမင်အေ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနှင့် အတူဗီတာမင်စီ ၇၆ ရာခိုင်နှုန်းနှင့် ကာရိုတီးနွိုက် ၂၅ မျိုး ထူးထူးခြားခြားပါဝင်သောကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို တိုးတက်ကောင်းမွန်စေသည်။
  • Cameroonian University တွင် ကိုယ်အလေးချိန် ၁၀၂ ပေါင်ရှိသော အမျိုးသားတစ်ဦးကို ရက်သတ္တ ၁၀ ပတ်မျှ သရက်သီး တစ်မျိုးတည်းသာ ကျွေးပြီး စမ်းသပ်ခဲ့ရာ အံ့ဖွယ်ကောင်းလောက်အောင် ၁၂ ဒသမ ၅ ကီလို ကိုယ်အလေးချိန် ကျသွားသည့် အပြင် မကောင်းသောကိုလက်စထရောနှင့် သွေးထဲရှိသကြားပမာဏတို့ ကျနေ ကြောင်းစမ်းသပ်တွေ့ရှိရသည်။ ထို့ကြောင့် ဘေးဥပဒ် ကင်းဝေးစွာဖြင့် ကိုယ်အလေးချိန်ကျလိုပါက သရက်သီးစားသုံးရန် အကြံပြုထားသည်။ (အကယ်၍ ကိုယ်အလေး ချိန်တက်လိုပါက သရက်သီးကို နို့ဖြင့် တွဲဖက်စားသောက်ပေးရပါမည်။ ခွန်အားများ တိုးပွားစေနိုင်၏)
  • သရက်သီးထဲတွင် Glutamine အက်စစ်ပါရှိသည့်အတွက် ဦးနှောက်ထဲရှိဆဲလ်များကို နှိုးဆော်ပေးကာ မှတ်ဉာဏ် စွမ်းပကားကို တိုးတက်စေသည့်အတွက် ကလေးငယ်များကို သရက်သီးကျွေးပေးသင့်သည်။
  • သရက်သီးထဲတွင် ဗီတာမင်အေဓာတ် အမြောက်အမြားပါရှိသောကြောင့် အသားအရေကို နူးညံ့ချောမွေ့စေနိုင်သည်။ သရက်သီးကို ခပ်ပါးပါးလှီးပြီး မျက်နှာပေါ်တွင် ညင်သာစွာကပ်ကာ အချိန် ၁၅ မိနစ်ခန့် အကြာတွင် ရေနွေးဖြင့် သန့်စင်ဆေးကြောပေးပါက ချွေးပေါက်များကိုပွင့်စေပြီး ဝက်ခြံပေါက်ခြင်းမှ ကာကွယ်နိုင်သည်။ ထိုကဲ့သို့ မကြာခဏ ပြုလုပ်ပေးခြင်းဖြင့် အသားအရေ၏ အစိုဓာတ်ကိုထိန်းညှိပေးကာ ဖြူစင်ဝင်းပသော လှတစ်မျက်နှာကို ပိုင်ဆိုင်နိုင်ပါ လိမ့်မည်။
  • သွေးအားနည်းရောဂါရှိသူများသည် ညစာစားပြီးတိုင်း သရက်သီးကို မှန်မှန်မှီဝဲ စားသုံးခြင်းဖြင့် သွေးနီဥပမာဏ တိုးပွား လာစေနိုင်သည်။ ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာတို့ကို သက်သာစေသလိုသွေးဆုံးပြီးစ အမျိုးသမီးများအတွက်ကို လည်း အထူးသင့်တော်သည်။ ထို့ပြင် ကယ်စီယမ်နှင့် မဂ္ဂနီစီယမ်တို့ပါရှိခြင်းကြောင့် သားလျှောသားပျက်ခြင်းမှ ကာကွယ် ပေးနိုင်ရုံမျှမက သံဓာတ်ကြွယ်ဝခြင်း၊ HB ပမာဏကိုထိန်းညှိကာ ခန္ဓာကိုယ်တွင်း အောက်ဆီဂျင်ကောင်းစွာ လည်ပတ် စေနိုင်ခြင်းကြောင့်လည်း ကိုယ်ဝန်ဆောင်မိခင်များသည် သရက်သီးနှင့် သရက်သီးဖျော်ရည်တို့ကို သောက်သုံးပေးသင့် သည်။ (သို့သော် မွေးဖွားခါနီး မိခင်လောင်းများ အလွန်အကျွံမစားသုံးသင့်ပါ)
  • ပိုတက်စီယမ်နှင့် မဂ္ဂနီစီယမ်တို့ လုံလောက်စွာပါရှိခြင်းကြောင့် သွေးဖိအားကို ပုံမှန်ဖြစ်စေခြင်း၊ glycemic ဓာတ်ပါဝင်မှု နည်းပါးသောကြောင့် သွေးထဲရှိသကြားပမာဏကို ထိန်းညှိပေးကာ အဆီပမာဏကိုလည်း မျှတစေခြင်း စသည့် အကျိုး ကျေးဇူးများကြောင့် သွေးတိုးရောဂါဝေဒနာသည်များအတွက် အထူးသင့်တော်ကောင်းမွန်သည်။
  • Beta-carotene, Potassium နှင့် Selenium တို့ ပါရှိသဖြင့် နှလုံးနှင့် နှလုံးကြွက်သားများကို ကျန်းမာကြံ့ခိုင်စေသည်။ သွေးဖြူဥကိုလှုံ့ဆော်ပေးကာမလိုလားအပ်သည့် ဗက်တီးရီးယားများကို ပျက်စီးစေနိုင်သည်။
  • တရုတ်ဆေးကျမ်းများမှာ သရက်သီးတွင် ဖိနိုလစ်ကွန်ပေါင်း တစ်မျိုးပါဝင်သည့်အတွက် အရွယ်တင်နုပျိုစေခြင်း၊ ကျန်းမာရေး ပြဿနာများကို ဖြစ်ပွားစေနိုင်သော ဖရီးရယ်ဒီကယ်များကို ထိန်းထားပေးနိုင်သည့် ဓာတ်တိုးဆန့်ကျင် ပစ္စည်းများ ပေါကြွယ်ဝစွာပါရှိသည့်အတွက် သွားဖုံးသွေးယိုရောဂါ၊ ချောင်းဆိုး၊ အဖျားတက်ခြင်း၊ မအီမသာပျို့အန်ခြင်း၊ ပင်လယ်လှိုင်းမူးခြင်း၊ ကြွက်တက်ခြင်းစသည့် ဝေဒနာများကို ပျောက်ကင်းစေနိုင်ကြောင်း ဖော်ပြထားသည်။   ကိုယ်လက် လှုပ်ရှား အားကစားလုပ်ပြီးနောက် စွမ်းအင်ပြန်လည် ဖြည့်ပေးနိုင်သည်ဟုလည်း ဆိုသည်။

သရက်သီးအစေးလောင်ခြင်းမှ ကာကွယ်နည်း

သရက်သီးခူးရာတွင် အစေးလောင်မှုကို ကြိုတင်ကာကွယ်ရန်အတွက်-

  • သရက်သီးကို ရင့်မှခူးဆွတ်ရပါမည်။
  • ညနေပိုင်းတွင် သရက်စေးထွက်ရှိမှုအားနည်းတတ်သောကြောင့် ညနေမှခူးဆွတ်သင့်ပါသည်။
  • သရက်သီးကို   လက်တွင်ရေစိုအဝတ်ပတ်ပြီး ဝါးခြင်းချူတံစသည့် ပစ္စည်းများဖြင့် သေသေချာချာ ခူးဆွတ်ကိုင် တွယ်ပါ။
  • အစေးလောင်ခြင်းမှ ကင်းဝေးစေရန်အတွက် အခွံမနွှာခင် သရက်သီးအညှာပိုင်းကို ဓားဖြင့်လှီးဖြတ်ပြီး ရေထဲတွင် ခေတ္တမျှ စိမ်ထားသင့်သည်။ (ထိုသို့   စိမ်ထားခြင်းက သရက်သီး၏ အရသာကို မပျက်ပြယ်စေနိုင်ပါ) သတိပြုရန်
  • အမှည့်လွန်သော သရက်သီးများကို နှမြောတသစွာဖြင့်    မစားမိပါစေနှင့်။ ဝမ်းလျှောဝမ်းပျက်စေနိုင်သည်။
  • သရက်သီးသည် ယင်ကောင်ကြိုက် အစားအစာဖြစ်သောကြောင့် ယင်ကောင်ပေါများလွန်းသည့် မိုးရာသီမှာ သရက်သီး ခွဲနေစဉ်နှင့် မစားသေးခင်အချိန်များတွင် ယင်မနားအောင် အထူးဂရုစိုက်ပါ။ ယင်ကောင်နားထားသော သရက်သီးကို စားမိပါက ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်နိုင်သည်။

အချုပ်အားဖြင့်ဆိုသော်   သန့်ရှင်းလတ်ဆတ်သော သရက်သီးကိုစားခြင်းက အထက်ဖော်ပြပါ   ကျန်းမာရေး အကျိုးကျေးဇူးများကို    ခံစားရရှိနိုင်ပါသည်။ သရက်သီးများများစားပြီးနောက် ရေနိုင်နိုင်ချိုးပေးခြင်းဖြင့် အပူကန်မိတ်ဖုထွက်ခြင်းနှင့် မျက်စိအခိုးဝေသီခြင်း တို့မှ သက်သာစေပါသည်။ ယနေ့မြန်မာပြည်အနှံ့ဈေးများထဲတွင် သရက်သီးအမျိုးအစားအစုံတို့ကိုဈေးနှုန်းချိုသာစွာဖြင့် ဖောဖော သီသီရရှိနိုင်ကြပါပြီ။ ထို့ကြောင့် သင့်ကျန်းမာရေးအတွက် အရည်အသွေးကောင်းမွန်ပြီး လတ်ဆတ်သော သရက်သီး မွှေးမွှေးချိုချို လေးများကို သင့်တင့်မျှတစွာဖြင့် သရက်သီးပေါ်ချိန်တွင် အရသာရှိရှိ   စားသုံးကြပါစေကြောင်း အကြံပြုလိုက်ရပါသည်။   ။

ပေါက်ပေါက်