လျှပ်စစ်ကားများ အရောင်းသွက်စေရေး အစိုးရက ထောက်ပံ့ငွေပေးရန်လိုအပ်နေ

တရုတ်နိုင်ငံမှာ အရောင်းထိုင်းသွားတဲ့ လျှပ်စစ်ကားများ အရောင်းပြန်သွက်စေရေးအတွက်   ဒေသတွင်း အစိုးရများအနေနဲ့ ကားဝယ်ယူသူတိုင်းကို ထောက်ပံ့ငွေများ ပြန်ပေးရန် လိုအပ်ကြောင်း   လေ့လာသူများက ပြောပါတယ်။

အထူးသဖြင့်  ပြည်နယ်အဆင့်အစိုးရများက လာမယ့်လတွေအတွင်းမှာ လျှပ်စစ်ကားဝယ်ယူသူတွေကို ယွမ်ဘီလီယံပေါင်းများစွာ အကုန်အကျခံပြီး   ထောက်ပံ့ပေးဖို့ လိုအပ်တယ်လို့ မြောက်ပိုင်းတရုတ်နည်း ပညာတက္ကသိုလ်မှ သုတေသီတစ်ဦးဖြစ်တဲ့ ဒေးဗစ်ဇန်းက ပြောထားတာပါ။

ဒီလိုမျိုးအစိုးရတွေအနေနဲ့ လျှပ်စစ်ကားဝယ်သူတွေကိုထောက်ပံ့ကြေးပေးခြင်းက လျှပ်စစ်ကား ထုတ်လုပ်သူ တွေရဲ့ ရောင်းအားက ယွမ်ဘီလီယံပေါင်းများစွာအထိ မြင့်တက်လာမှာ ဖြစ်တယ်လို့လည်း သူကပြော ထားပါသေးတယ်။

ဒီအစီအစဉ်ကို ကွမ်တုံပြည်နယ် အစိုးရက ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့  စတင်အကောင်အထည် ဖော်နေပါပြီ။ ဒါကြောင့်လည်း ဒေးဗစ်ဇန်းရဲ့ ပြောဆိုချက် ထွက်ပေါ်လာတာပါ။

ကွမ်တုံပြည်နယ်အစိုးရက သူ့ပြည်နယ်အတွင်းမှာ နေထိုင်သူတွေအနေနဲ့   ကားအဟောင်းအစား   လျှပ်စစ်ကားအသစ်နဲ့ အစားထိုးဖို့ ဝယ်ယူမယ်ဆိုရင် မေလကနေ ဇွန်လအတွင်းမှာ   ထောက်ပံ့ငွေယွမ် ၁၀၀၀၀ ရရှိမယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် လျှပ်စစ်ကား အတွက်သာမက ဓာတ်ဆီကားဝယ်ယူသူတွေ အနေနဲ့လည်း ယွမ် ၅၀၀၀ ရရှိမယ်ဆိုပြီး  ပြောထားတဲ့ အတွက်  ကွမ်တုံပြည်နယ်အစိုးရအနေနဲ့ မော်တော်ကားထုတ်လုပ်ရေး လုပ်ငန်းကြီးတစ်ခုလုံးကို ထောက်ပံ့မှုတွေပေးဖို့ ရည်မှန်းထားပါတယ်။

တစ်ချိန်တုန်းကတော့ တရုတ်လျှပ်စစ်ကားဈေးကွက်က တော်တော်ကြီးကို ကြီးမားခဲ့တာပါ။ ဒါပေမဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်လို့ လော့ဒေါင်းတွေ ချလိုက်ရချိန်မှာတော့ ကားဈေးကွက်က ရုတ်တရက်ထိုးရပ်သွားခဲ့တာ ဖြစ်ပါတယ်။

အဓိကကတော့ တရုတ်နိုင်ငံရှိ မော်တော်ကားထုတ်လုပ်ရေးဇုန်ဖြစ်တဲ့ ရှန်ဟိုင်းမြို့မှာ ပြီးခဲ့တဲ့နှစ်လအတွင်း   တင်းကျပ်တဲ့ လော့ဒေါင်းတွေ ချမှတ်လိုက်ရတာကြောင့် လျှပ်စစ်ကားဈေးကွက်က ရပ်ဆိုင်းလုနီးပါး ဖြစ်သွားရပါတယ်။

ရှန်ဟိုင်းမြို့    တစ်ခုတည်းမှာကိုပဲ တက်စလာကုမ္ပဏီရဲ့  Gigafactory 3 စက်ရုံမှာ မတ် ၂၈ ရက်ကနေ ဧပြီ ၁၈ ရက်အတွင်း  ထုတ်လုပ်ရေးဌာနတစ်ခုလုံး ရပ်ဆိုင်းလိုက်ရတာကြောင့် သူတို့အနေနဲ့ မော်တော်ကားအစီးရေ ၅၀၀၀၀ အထိကို မထုတ်လုပ်နိုင်ခဲ့ပါဘူး။

တရုတ်ပြည်တွင်းမှာ   တက်စလာရဲ့ ပြိုင်ဘက်ဖြစ်တဲ့ နီယို၊ အိတ်စပန်း၊ လီအော်တိုတို့ဆိုရင်လည်း ဧပြီလအတွင်း လျှပ်စစ်ကားထုတ်လုပ်မှုပမာဏက ထက်ဝက်အထိ ကျဆင်းသွားခဲ့ပါတယ်။

လျှပ်စစ်ကားထုတ်လုပ်ရေးလုပ်ငန်းက တရုတ်နိုင်ငံအတွက် အင်မတန်မှအရေးကြီးတဲ့ လုပ်ငန်းတစ်ခု ဖြစ်နေပါတယ်။   ဒီလိုအရေးကြီးလုပ်ငန်းဖြစ်ရတဲ့ ပထမအကြောင်းပြချက်က တရုတ်နိုင်ငံက ၂၀၆၀ ပြည့်နှစ်မှာ ကာဗွန်ကင်းစင်နိုင်ငံ ဖြစ်စေရေး အကောင်အထည်ဖော်မယ်လို့ ကတိပြုထားပြီး အဲဒီကတိပြုမှုအတွက်  လျှပ်စစ်ကားတွေက အရေးပါတဲ့ နေရာမှာရှိနေလို့ပါ။

ဒုတိယအကြောင်းပြချက်ကတော့ အလုပ်အကိုင်ဖန်တီးပေးနိုင်မှုကြောင့် ဖြစ်ပါတယ်။

တရုတ်ပြည်မကြီးမှာ အလုပ်သမားအင်အား သန်း ၈၀၀ ရှိတဲ့အနက် ခြောက်ပုံတစ်ပုံက လျှပ်စစ်ကားထုတ်လုပ်မှု လုပ်ငန်းမှာ အလုပ်လုပ်ကိုင်နေတာပါ။

ဒါကြောင့် ရှန်ဟိုင်းမြို့မှာရှိတဲ့ လျှပ်စစ်ကားဈေးကွက်အနေနဲ့ အလုံးစုံလော့ဒေါင်းကို ဖြည်လိုက်ပြီးချိန်မှာ  အရင်တုန်းကလို ပုံမှန်အတိုင်း ပြန်မလည်ပတ်နိုင်ဘူးဆိုရင် လျှပ်စစ်ကားထုတ်လုပ်ရေး ကုမ္ပဏီအမြောက်အမြား ပိတ်သိမ်းပြီး      အလုပ်သမား ထောင်ပေါင်းများစွာသည်လည်း အလုပ်လက်မဲ့ ဖြစ်သွားနိုင်ပါတယ်။

Ref: SCMP