ဥရောပသမဂ္ဂက ရုရှားမှရေနံတင်သွင်းမှု ရပ်ဆိုင်းမယ့် အစီအစဉ်ကြောင့် ဆီဈေးနှုန်းများ ပြန်လည်မြင့်တက်လာ

ဥရောပသမဂ္ဂက ရုရှားမှရေနံတင်သွင်းမှု ရပ်ဆိုင်းမယ့် အစီအစဉ်အပါအဝင်  အခုသီတင်းပတ်အတွင်းမှာ   တင်းကျပ်တဲ့ အရေးယူပိတ်ဆို့မှုတွေချမှတ်မယ့် အခြေအနေကြောင့်   ကမ္ဘာ့စက်သုံးဆီဈေးဟာ မေ ၃ ရက်နံနက်ပိုင်းမှာ တစ်ဖန်ပြန်လည် မြင့်တက်လာပါတယ်။

ရုရှားနိုင်ငံအပေါ် ဒီလိုမျိုး အရေးယူပိတ်ဆို့မယ့် အစီအစဉ်ကို ထောက်ခံဖို့အတွက် ကြိုတင်ပြင်ဆင် ထားခဲ့တယ်လို့ ဂျာမနီအစိုးရကလည်း ပြောထားပါသေးတယ်။

ဒါကြောင့် ဂရင်းနစ်စံတော်ချိန် နံနက် ၂ နာရီခွဲ (မြန်မာစံတော်ချိန် နံနက် ၉ နာရီ) ဝန်းကျင်မှာ Brent ရေနံစိမ်းဈေးနှုန်းက သုည ဒသမ ၂ ရာခိုင်နှုန်းဖြစ်တဲ့ ၂၅ ဆင့်မြင့်တက်ပြီး တစ်စည်ကို ၁၀၇ ဒသမ ၈၃ ဒေါ်လာရှိလာပါတယ်။

တစ်ချိန်တည်းမှာပဲ    အမေရိကန်ရဲ့ WTI ရေနံစိမ်းက တစ်စည်ကို ၁၇ ဆင့်မြင့်တက်ကာ ၁၀၅ ဒသမ ၃၄ ဒေါ်လာအထိ မြင့်တက်လာတာကိုတွေ့ရပါတယ်။

ဂျာမနီ စီးပွားရေး ဝန်ကြီးရဲ့ မှတ်ချက်ပြု စကားတွေ ထွက်ပေါ်လာပြီးမှ ဆီဈေးတွေက တက်သွားတာပါ။ သူကဘာပြောလဲဆိုတော့ ဥရောပသမဂ္ဂအနေနဲ့ ရုရှားဆီကနေ ရေနံတင်သွင်းမှုကို   အခုချက်ချင်းသော်လည်း ကောင်း၊ လာမယ့်လအနည်းငယ် အတွင်းမှာသော်လည်းကောင်း တားမြစ်ပိတ်ဆို့ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်ဆိုပြီး   SPI Asset Managementမှ  တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့  စတီဖန်အင်းက ပြောထားပါတယ်။

ဥရောပသမဂ္ဂက    ယူကရိန်အရေးနဲ့ ပတ်သက်ပြီး ရှရှားအပေါ်ခြောက်ကြိမ်မြောက် အရေးယူပိတ်ဆို့မှု အစီအစဉ်ကို ဒီရက်ပိုင်းမှာ အချောသပ်ဖို့ရှိပါတယ်။  အဲဒီအစီအစဉ်ထဲမှာ ရုရှားရေနံကို ဝယ်ယူမှုတားမြစ်ချက်လည်း ပါဝင်ပါတယ်။

ဒါပေမဲ့ ဟန်ဂေရီနဲ့ ဆလိုဗက်ကီးယားနိုင်ငံတို့ကိုတော့ သူ့ရဲ့တားမြစ်ချက်ကနေ ကင်းလွတ်ခွင့်ပေးထားတယ်လို့   ဥရောပသမဂ္ဂတာဝန်ရှိသူများက  ပြောထားတာ တွေ့ရပါတယ်။

ဘာဖြစ်လို့လဲဆိုတော့   ဟန်ဂေရီနဲ့ ဆလိုဗက်ကီးယား နိုင်ငံတို့ဟာ သူတို့နိုင်ငံအတွက် လိုအပ်တဲ့ စွမ်းအင် ၁၀၀ ရာခိုင်နှုန်းကို ရုရှားဆီကနေသာ ဝယ်ယူတင်သွင်းနေရတဲ့ အတွက်ကြောင့်ပါပဲ။

အမေရိကန်ပင်လယ်ကွေ့ကနေထွက်ရှိတဲ့ လောင်စာဆီတွေကလည်း ပြည်ပကို တင်ပို့ဖို့နေနေသာသာ ပြည်တွင်းမှာတင်လောက် အောင်သုံးစွဲနေရတာ တွေ့ရပါတယ်။

လေ့လာမှတ်တမ်းတင် အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Vortexa  အဖွဲ့ရဲ့ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့လအတွင်း ပင်လယ်ကွေ့ကနေ ပြည်တွင်းကို ဖြန့်ဖြူးရတဲ့ ဓာတ်ဆီ၊ ဒီဇယ်နဲ့ လေယာဉ်ဆီပမာဏက    တစ်ရက်ကို စည်ပေါင်းနှစ်သန်းကျော်ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရေနံစိမ်းတစ်စည်ကနေ ထွက်ရှိလာတဲ့ ရေနံထွက်ပစ္စည်းတွေကြား ကွာခြားချက်က ၇၃ ဒသမ ၅၀ ဒေါ်လာရှိပါတယ်။

ဒါဟာ ၁၉၈၆ ခုနှစ်နောက်ပိုင်း အများဆုံးကွာခြားမှုဖြစ်ပါတယ်။

ဒီအတွက်  အမေရိကန်နိုင်ငံအတွင်း ဒီဇယ်တစ်ဂါလန်ပျမ်းမျှဈေးနှုန်းဟာ ၅ ဒသမ ၃၂၁ ဒေါ်လာရှိလာပြီး ဓာတ်ဆီတစ်ဂါလန် ဈေးနှုန်းထက် တစ်ဒေါ်လာပိုများလာတာကို တွေ့ရပါတယ်။         

Ref:CNA