ရုရှား၏ အရေးယူပိတ်ဆို့မှု စာရင်းတွင် ဂျပန်ဝန်ကြီးချုပ် ပါဝင်လာ

ရုရှားအစိုးရက သတ်မှတ်ပြဋ္ဌာန်းသော အရေးယူ ပိတ်ဆို့မှုစာရင်းတွင်     ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါလည်း ပါဝင်လာကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၄ ရက်တွင် ထုတ်ပြန်သည်။

ဖူမီအိုကီရှီဒါ ဦးဆောင်သော   ဂျပန်အစိုးရက ရုရှားနိုင်ငံအပေါ်ဆန့်ကျင်သည့် ဆောင်ရွက်ချက်များ လုပ်ဆောင်မှုကြောင့် အရေးယူပိတ်ဆို့မှု စာရင်းတွင်     ဂျပန်ဝန်ကြီးချုပ်ကိုပါ   ထည့်သွင်းရခြင်း ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရုရှားအစိုးရက   ယခုထုတ်ပြန်သော အရေးယူပိတ်ဆို့မှုစာရင်းတွင် တာဝန်ရှိသူများနှင့် လူသိများ ကျော်ကြားသူများ ၆၃ ဦးပါဝင်ပြီး ထိုအထဲတွင်  ဂျပန်နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ ဘဏ္ဍာရေးနှင့် တရားရေးဝန်ကြီးတို့လည်း ပါဝင်ကာ ၎င်းတို့ကို    ရုရှားနိုင်ငံသို့ ဝင်ရောက်ခွင့်တားမြစ်ထားသည်။

ဂျပန်အစိုးရသည်  ရုရှားနိုင်ငံအပေါ် သိက္ခာချခြင်းနှင့်   တိုက်ရိုက်ခြိမ်းခြောက်ခြင်းများ အပါအဝင်    လက်မခံနိုင်သော အပြောအဆိုများကို ထုတ်ပြောကြောင်း၊ ဂျပန်အစိုးရ၏ထုတ်ဖော်ပြောမှုများကို လူသိများ ကျော်ကြားသူများနှင့်    ဂျပန်သတင်းထောက်များက ထပ်ဆင့်ပြန်လည် ပြောဆိုကြောင်း၊ ဂျပန်နိုင်ငံ၏ လုပ်ရပ်များသည် အနောက်ဘက်သို့ လုံးလုံးလျားလျားယိမ်းပြီး ဘက်လိုက်မှုရှိကြောင်း    ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက   အပြစ်တင်ဝေဖန်ထားသည်။

ရုရှားက ယူကရိန်းနိုင်ငံအတွင်း အထူးစစ်ဆင်ရေး လုပ်ဆောင်ချိန်မှစ၍ ဂျပန်နိုင်ငံသည် အနောက်နိုင်ငံများ နည်းတူ ရုရှားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။

ထိုအရေးယူပိတ်ဆို့မှုများတွင်  ရုရှားနိုင်ငံသားများ၏     ဂျပန်နိုင်ငံအတွင်းရှိ ပိုင်ဆိုင်မှုများကို ထိန်းသိမ်းခြင်း၊ ကုန်ပစ္စည်း အချို့တင်သွင်းမှုကို တားမြစ်ခြင်း၊ နိုင်ငံအတွက် လိုအပ်သော ကျောက်မီးသွေးများကို တဖြည်းဖြည်းလျှော့ချ တင်သွင်းခြင်းတို့ ပါဝင်ကြောင်း သိရသည်။

Ref:RT