တစ်နေ့တာကျန်းမာရေးအတွက် သင်ဘယ်လိုနေထိုင်သင့်သလဲ

တစ်နေ့တာကျန်းမာရေးအတွက် သင်ဘယ်လိုနေထိုင်သင့်သလဲ

အသက်ရှည် ကျန်းမာလိုသူများအတွက် တစ်နည်းအားဖြင့် လူ့သက်တမ်းစေ့နေနိုင်ရေးအတွက် နေ့စဉ်လိုက်နာရမည့် အချက်များ ရှိသည်။

ထိုအချက်များမှာကို သိရှိထားခြင်းဖြင့် ရောဂါဝေဒနာကျရောက်လာမှ ကုသခြင်းထက် မဖြစ်မီကြိုတင် ကာကွယ်ခြင်းပြုရာ ရောက်ပါလိမ့်မည်။ အစားအသောက် အနေအထိုင် အပြုအမူအမှားများကြောင့် လူတို့သက်တမ်းတိုရခြင်းဖြစ်သည်။

“အသက်ဉာဏ်စောင့်၊ ဥစ္စာကံစောင့်” ဟူသောစကားနှင့်အညီ အသိဉာဏ်ဖြင့် ဆင်ခြင်နေထိုင်သူများ လူ့သက်တမ်းစေ့နေနိုင်မည်။ မိသားစုအကျိုးသယ်ပိုးနိုင်မည်ဟု ယုံကြည်သည်။ လူ့သက်တမ်းစေ့ သက်ရှည်ကျန်းမာစွာ နေနိုင်ဖို့အတွက် မိမိသိသမျှ တိုင်းရင်း ဆေးပညာရှုထောင့်မှ တင်ပြလိုပါသည်။ ထိုအချက်များကို သင်ယုံကြည်စွာလိုက်နာကြည့်ပါ။ အချိန်အပိုင်းအခြားဖြင့် တင်ပြပေးပါ မည်။

နံနက်အိပ်ရာထချိန်

“စောစောအိပ်ထပြုကျင့်က တွင်းပကိုယ်ခန္ဓာ၊ ရောဂါခပ်သိမ်းရှောင်ခွာတိမ်း အေးငြိမ်းလွန်ချမ်းသာ” ဟူသော စကားရပ်ကို  မမေ့ပါနှင့်။ လိုက်နာကျင့်သုံးပါ။ နံနက်စောစောအိပ်ရာထသူသည် ဦးနှောက်နှင့်အာရုံကြောများ အသစ်ကဲ့သို့ဖြစ်နေသော ခံစားမှုကို ရရှိနိုင်သည်။ ညကကောင်းစွာ အိပ်စက်ထားလျှင် နံနက်ခင်းတွင် စိတ်ကြည်လင်နေနိုင်သည်။ အိပ်ရာထချိန်ကို အရုဏ်တက်ချိန် နံနက် ၅ နာရီဝန်းကျင် အကောင်းဆုံးဟု ဆေးကျမ်းများကဆိုသည်။ အိပ်ရာမနိုးလျှင် နာရီနှိုးစက်ပေးထားပြီး ထလျှင်လည်းဖြစ်သည်။ သို့သော် လေဖြတ်ဝေဒနာကို အထူးလေ့လာသည့်သုတေသီများ၏ အဆိုအရ အိပ်ရာမှထလျှင် ရုတ်တရက်ဗြုန်းခနဲ မထဘဲ သုံးမိနစ် ခန့် အချိန်ယူပြီးမှထရမည်။ အထူးသဖြင့် အသက် ၅၀ ကျော် လူကြီးများနှင့် သွေးတိုး၊ နှလုံးရောဂါရှိသူများ အိပ်ရာထတွင် မူးလဲ တတ်သည်ကို သတိပြုပါ။

နံနက်စောစောလမ်းလျှောက်ခြင်း

နံနက်စောစောလမ်းလျှောက်ခြင်းကြောင့် ခန္ဓာကိုယ်ရှိသွေးကြောများ သွေးလှည့်ပတ်မှု ကောင်းစေသည်။ ညကအိပ်စက်ထားသဖြင့် တောင့်တင်းနေသော ကြွက်သားနှင့် အကြောများ ပြေလျော့စေနိုင်သည်။ လေကောင်းလေသန့်ရသောပတ်ဝန်းကျင်တွင် လမ်းလျှောက်ရင်း အသက်ရှူလေ့ကျင့်ခန်း၊ ကိုယ်ကာယ လေ့ကျင့်ခန်းများပြုလုပ်ပေးပါ။ သန့်ရှင်းသောလေကြောင့် အဆုတ်အား ကောင်းလာသည့်အပြင် နှလုံးအားပါကောင်းလာစေနိုင်သည်။

နံနက်စောစော နေရောင်ခြည်သည် တေဇောဓာတ်ကိုပေးသဖြင့် အရိုးအဆစ်များကို သန်မာစေနိုင်သည်။ ကြွက်သားအားကောင်း စေရန် လမ်းများများ လျှောက်ပေးပါ။ ခြေသလုံးကြွက်သား အားကောင်းလျှင် နှလုံးအားကောင်းသည်ဟုဆိုသည်။ ရှေးစာပေများတွင် သလုံးမြင်းခေါင်းဟုခေါ်သည်။ ရဟန်းတော်များ သလုံးမြင်းခေါင်းကောင်းနေသ၍ ဆွမ်းခံစားရမည်ဟုဆိုသည်။ ခြေသလုံးကို ဒုတိယ နှလုံးဟုလည်း တင်စားပြောဆိုကြသည်။ ခြေသလုံးအားကောင်းခြင်းသည် နှလုံးအားကောင်းခြင်းနှင့် အတူတူပင်ဖြစ်သည်။  နံနက် စောစော ၂ မိုင်ခန့် လမ်းလျှောက်ပေးလျှင် ကျန်းမာစေနိုင်သည်။ ကျန်းမာရေး အထူးလိုက်စားသူများက ခြေလှမ်းတစ်သောင်း လမ်းလျှောက်ပါဟု ဆိုသည်။

နံနက်စာကိုကောင်းစွာစားပါ

နံနက်စောစော အစာစားခြင်းသည် တစ်နေ့တာ လှုပ်ရှားသွားလာရမည့် ခန္ဓာကိုယ်အတွက် ရိက္ခာထောက်ပံ့ပေးခြင်းဖြစ်သည်။ ဆွမ်းခံ စားသည့် ရဟန်းတော်များသည် နံနက်စောစောအရုဏ်တက်တွင် ယာဂုဆွမ်း သို့မဟုတ် ဆန်ပြုတ်အရည်ကြဲကို ဘုဉ်းပေးပြီးမှ သပိတ်ကို ပိုက်ပြီး ဆွမ်းခံထွက်သည်။ ကျောင်းတိုက်ကြီးများတွင် ဆွမ်းခံမှပြန်လာသောအခါ စုဝေးကြပြီး နံနက်ဆွမ်းကို ဘုဉ်းပေး ကြသည်။ ထိုအချိန်တွင် နံနက် ၇ နာရီခန့်ရှိနေပြီဖြစ်သည်။ ထို့နောက်တွင်မှ စာချခြင်း၊ စာဝါလိုက်ခြင်း၊ စာကျက်ခြင်း အမှုကို ပြုကြသည်။ နံနက်စောစော ယာဂုဆွမ်းနှင့် ဆွမ်းခံပြန်လာပြီးနောက် နံနက်ဆွမ်း နှစ်ကြိမ် အာဟာရဖြည့် ဘုဉ်းပေးထားသောကြောင့် အင်အားပြည့်ဖြိုးစွာ သာသနာ့တာဝန် ထမ်းဆောင်နိုင်သည်။ ရဟန်းတော်များသည် ညစာမဘုဉ်းပေးသော်လည်း နံနက်စာ ဆွမ်းကို ဘုဉ်းပေးသဖြင့် ကျန်းမာရေးကောင်းမွန်ကြသည်။

လူတို့တွင်လည်း နံနက်စာ အာဟာရကို ဂရုတစိုက် စားသုံးခြင်းဖြင့် ကျန်းမာစေနိုင်သည်။ ထမင်းမစားဘဲ ကော်ဖီ၊ လက်ဖက်ရည်၊ မုန့်စားသုံးရုံဖြင့် အာဟာရမပြည့်နိုင်ပါ။ အနည်းဆုံး ကြက်ဥနှစ်လုံးခန့်စားသုံးသင့်သည်။ ကျေးလက်တောရွာများတွင် နေထိုင်ကြသူ များသည် နံနက်စာကို အဝစားပြီးမှ လယ်ယာအလုပ်ခွင်ဆင်းကြသည်။ အသက်ရှည်ကျန်းမာကြသည်ကို တွေ့ရသည်။ မြန်မာ လူမျိုးများသည် ထမင်းစားမှသာ အာဟာရဖြစ်သည်ဟုယူဆကြသည်။ နံနက်စာကို အသားရောအသီးအနှံပါ စုံလင်စွာ စားသောက် သင့်သည်။ အာဟာရမပြည့်သူများသည် ကိုယ်ခံအားမကောင်းသဖြင့် ရောဂါပိုးများ ကပ်ငြိလွယ်သည်ကို သတိပြုပါ။

နေ့လယ်ချိန်မှာ သတိပြုစရာ

နေ့လယ်ချိန်သည် လူအများအတွက် အလုပ်ချိန်ဖြစ်သည်။ နေ့လယ်ချိန်ကို နှစ်ပိုင်း ပိုင်းခြားရလျှင် နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီအထိကို တစ်ချိန်၊ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိကို တစ်ချိန်ပိုင်းခြားနိုင်သည်။ ပထမတစ်ပိုင်းသည် တက်ချိန်ဖြစ်သဖြင့် အလုပ်လုပ်၍ အားကောင်းသည်။ စိတ်တက်ကြွမှုရှိသည်။ ဒုတိယတစ်ပိုင်းသည် ကျချိန်ဖြစ်သဖြင့် အလုပ်ပင်ပန်းတတ်သည်။ စိတ်တက်ကြွမှု အားနည်းသည်။

နေ့လယ်စာစားသည့်အချိန်မှာ မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၁ နာရီအတွင်းဖြစ်သင့်သည်။ ထို့ထက် နောက်ကျလျှင် ကျချိန် ရောက်သဖြင့် စားမကောင်း အစာမကြေ ဖြစ်တတ်သည်။ နံနက်က ချိုင့်ဖြင့်ထည့်ယူလာသော ထမင်းဟင်းကို စားရသူများသည် အစာမကြေရောဂါဖြစ်လေ့ရှိသည်။ ရောဂါဟူသမျှ အစာမကြေခြင်းမှ စသည်ဟုဆိုသဖြင့် ဇက်ကြောတက်ခြင်း၊ ခေါင်းကိုက်ခြင်း စသောဝေဒနာငယ်လေးများ ဝင်လာလေ့ရှိသည်။ အထူးသဖြင့် ရုံးဝန်ထမ်းများတွင် အစာမကြေနောက်ကြောတက်ရောဂါနှင့် နာတာရှည် အစာအိမ်ရောဂါများ ဖြစ်လေ့ရှိသည်ကိုတွေ့ရသည်။ ထမင်းဟင်းကို ပူပူနွေးနွေးစားနိုင်လျှင် အစာအိမ်အတွက် အကောင်းဆုံးဖြစ်သည်။ အစာအိမ်မကောင်းရသည့် တခြားအကြောင်းတစ်ခုမှာ နေ့လယ်စာစားပြီးနောက် အချိုရည် အအေးသောက် ခြင်း၊ ရေခဲရေသောက်ခြင်း၊ water cooler မှ ရေကို သောက်ခြင်းတို့ကြောင့် အစာအိမ်မှ အပူ ဓာတ်(ဝမ်းမီး)ပျက်ပြီး အာဟာရကို ကောင်းစွာ မစုပ်ယူနိုင်တော့ပေ။ အစာမကြေခြင်းကြောင့် အစာဟောင်းအိမ်တွင် စမြင်းဖြစ်ပြီး ဝမ်းချုပ်ခြင်း နောက် ဆက်တွဲအဖြစ် လိပ်ခေါင်းရောဂါ ဖြစ်ခြင်းတို့သည် တစ်ခုနှင့်တစ်ခု ဆက်နွှယ်ဆင့်ပွားဖြစ်လာသော ရောဂါများဖြစ်သည်။ ထို့ကြောင့် နေ့လယ်စာ စားပြီးလျှင် မြန်မာ့ရိုးရာ ရေနွေးကြမ်းသောက်သုံးခြင်းသည်သာအကောင်းဆုံးဖြစ်သည်။

ညနေချိန်နှင့်လေရောဂါ

ရှေးက အာယုဗေဒဆေးကျမ်းများ၏ အဆိုအရ အချိန်ပိုင်းအလိုက်ကြီးစိုးသော ဓာတ်များမှာ-

(၁) နံနက်မှာ သလိပ်

(၂) နေ့လယ်မှာ သည်းခြေ

(၃) ညနေမှာလေ

(၄) ညမှာအပုပ်

ဓာတ်များကြီးစိုးသည်ဟုဆိုသည်။  ညနေချိန်သည် ၄  နာရီမှနောက်ပိုင်း နေဝင်ချိန်အထိဖြစ်သည်။ ထိုအချိန်တွင် လေဓာတ်ကြီးစိုး သည်။ လေစာများ တစ်နည်းအားဖြင့်လေပွစာများကို ရှောင်ကြဉ်စားသောက်သင့်သည်။ လေစာများမှာ လက်ဖက်၊ မုန်ညင်း၊ မုန်လာ၊ ကြက်ဟင်းခါး၊ ခွေးတောက်၊ တမာ၊ ကြောင်လျှာ၊ မျှစ်၊ မျှစ်ချဉ်၊ ဝက်သား၊ ဘဲသားစသည် များစွာရှိသည်။ အခါးအရသာမှန်သမျှလေစာ ဖြစ်သည်။  အစပ်အရသာသည်လည်း လေကို ပွားစေ၊ ပျက်စေသည်။

လေနိုင်သော အရသာများမှာ အချို၊ အချဉ်၊ အငန် အရသာ သုံးမျိုးဖြစ်သည်။ ဘုန်းကြီးရဟန်းများသည် ညနေစာ၊ ညစာ မစား (မဘုဉ်း)သဖြင့် လေရောဂါမဖြစ်စေရန် ချိုချဉ်ငန်အရသာရှိသော ဖျော်ရည်တစ်မျိုးမျိုးကို ကပ်ကြသည်။ မန်ကျည်းမှည့်ကို ထန်း လျက်ဖြင့်စိမ်ပြီး ဆားလှော်အနည်းငယ် ထည့်သည့်ဖျော်ရည်သည် ဝမ်းတွင်းအပူ ငြိမ်းစေသည်။ လေပူနှင့်အပုပ်ကိုလည်း နိုင်သည်။ ရှောက်သီး ဖျော်ရည်၊ သံပရာဖျော်ရည်၊ ကမ္ဗလာဖျော်ရည်များသည်လည်း လေရောဂါနှင့်သင့်သည်။ ညနေစာစားသုံး သူများသည် ချဉ်ရည်ဟင်းတစ်မျိုးမျိုးနှင့် တွဲဖက်စားသုံးသင့်သည်။

လေရောဂါသည် ကုရခက်သောရောဂါ အမျိုးအစားတွင်ပါဝင်သည်။ ညနေစာကို လွန်ကဲစွာစားသုံးလျှင် လေပွပြီးအစာမကြေ ရောဂါဖြစ်တတ်သည်။ ညနေစာကြောင့် လေရောဂါဖြစ်လျှင် ညအိပ်မပျော်ရောဂါ နောက်ဆက်တွဲ ဖြစ်လာတတ်သည်။ ကြေလွယ်  ကျက်လွယ်သော အစာကိုသာ စားသုံးသင့်သည်။ ပူပူနွေးနွေးစားရမည်။ အဝမစားဘဲ နေ့လယ်စာ၏  တစ်ဝက်သာစားသုံးသင့်သည်။ ညနေစာ၊ ညစာမစားသုံးခြင်းကြောင့် ဘုန်းကြီးနှင့်ရဟန်းသံဃာများ အသက်ရှည်ပြီး ရောဂါကပ်ငြိမှုနည်းသည်ဟု ယူဆကြ သည်။ ကျန်းမာလိုလျှင် ညနေစာ(လေစာ)ကို ရှောင်ကြဉ်ခြင်းသည် အကောင်းဆုံးဖြစ်သည်။           

ညစာနှင့်ညဉ့်နက်စာ စားသုံးခြင်း ဆိုးကျိုးဂိလာနဟုခေါ်သော အစားမစားလျှင်မဖြစ်သည့် ရောဂါစွဲကပ်နေသူများမှလွဲ၍ မစားသင့် သော အစာမှာ ညစာဖြစ်သည်။ အာယုဗေဒကျမ်းများအလိုအရ ညစာမှရသော အကျိုးမှာ..အပုပ်ဓာတ်ဖြစ်သည်။ အပုပ်ဓာတ်သည် အသားအရေကို ညစ်နွမ်းစေသည်။ စိတ်ကြည်လင်မှုကိုလည်း ဖျက်ဆီးသည်။  အာရုံကို  ငုပ်လျှိုးစေသည်ဟု ကျမ်းများ ကဆိုသည်။ အပုပ်ဓာတ်လွှမ်းမိုးသူတို့၏ ရုပ်အဆင်းမှာ ပြုံးရယ်မှုကင်းပြီး မှုန်ကုပ်ခြင်း၊ မျက်ကွင်းညိုခြင်း၊ ပါးများတွင် အမဲကွက်နှင့် တင်းတိပ်များ ထွက်ခြင်း၊ ခံတွင်းအနံ့ဆိုးခြင်း၊ စိတ်နှလုံးမသာယာခြင်းတို့ကို ဖြစ်စေသည်ဟုဆိုသည်။

အပုပ်ဓာတ်သည် ရုပ်ဆင်းအင်္ဂါကို ညစ်နွမ်းစေသဖြင့် အလှအပကြိုက်သူများသည် ညစာ(အပုပ်စာ)ကို ရှောင်ကြဉ်သင့်သည်။ ထို့ထက်ဆိုးသည်မှာ ညဉ့်နက်စာ ( ည ၉ နာရီ နောက်ပိုင်းစားသော အစာ) ကို ပို၍ ရှောင်ကျဉ်သင့်သည်။

ညစာစားပွဲ၊ ညဧည့်ခံပွဲများသည် ည ၁၀ နာရီ၊ ၁၁ နာရီအထိ စားကြသောက်ကြသည်ကိုတွေ့ရသည်။  အထူးသဖြင့်  ည ဧည့်ခံပွဲများ တွင် အသားစားသုံးမှုများပြီး အရက်သေစာနှင့် တွဲဖက်ဧည့်ခံသည်ကို တွေ့ရသည်။ သုတေသနပညာရှင်များ၏ အဆိုအရ   နှလုံးတိုက် ခိုက်မှု  (Heart attack)ရသူများ၊ လေဖြတ်ပြီး ဦးနှောက်သွေးကြောပြတ်သူများသည် ညစာစားပွဲများမှ အပြန်တွင် ဖြစ်လေ့ရှိ သည်ဟု ဆိုသည်။

ညအိပ်ချိန်

ညအိပ်ရာဝင်ချိန်သည် အစောဆုံး ၈နာရီနှင့် နောက်အကျဆုံး ၁၁ နာရီဖြစ်သင့်သည်။ ထို့ထက်နောက်ကျလျှင် ကျန်းမာရေး အတွက်မကောင်း..အသက်တိုတတ်သည်ဟုဆိုသည်။ အိပ်ရာမဝင်မီ တစ်နေ့တာကြုံတွေ့ခဲ့ရသော အလုပ်သောက စိတ်သောက များကို တတ်နိုင်သမျှလျှော့ချပြီး ဘာသာတရားနှင့်ဆိုင်သော ပုတီးစိပ်ခြင်း၊ တရားထိုင်ခြင်း၊ တရားစာရွတ်ဆိုခြင်း၊ နားထောင်ခြင်း ပြုပြီး အိပ်ပျော်သွားလျှင် အကောင်းဆုံးဖြစ်သည်။

နှလုံးသည်  လူတို့အသက်ရှင်နေသမျှ ခုန်နေရသည်။ ကျုံ့ချိန်နှင့်ပွချိန် နှစ်ခုကြားတွင်သာ အနားရသည်ဟုဆိုသည်။ အိပ်ချိန်နောက် ကျလျှင် နှလုံးအတွက်မကောင်းဟု ဆိုသည်။ အိပ်ရာမဝင်မီ အစားအသောက် များစွာစားလျှင်လည်း အစာအိမ်မှ အစာမချေနိုင်။ လေပွပြီးနှလုံးသို့ လေရိုက်သဖြင့် ကြာလျှင် နှလုံးကြီးသောရောဂါ၊ နှလုံးပွသော ရောဂါဖြစ်လာပြီး နောက်ဆုံးတွင် နှလုံးပျက်စီးသော ရောဂါ အထိဖြစ်လာနိုင်သည်။

အသည်းသည် အစာအိမ်မှ စားထားသမျှ ချေပြီးသမျှ အာဟာရများအထဲမှ မလိုအပ်သော အဆိပ်အတောက်များကို စုပ်ယူထားပြီးမှ ဖျက်ဆီးပစ်သည်ဟု ဆိုသည်။ ထိုသို့ အသည်းအလုပ်လုပ်ချိန်မှာ ည ၁၁ နာရီနောက်ပိုင်းမှဖြစ်သည်ဟု အနောက်တိုင်း သုတေသီများ က သုတေသနပြုလုပ်တွေ့ရှိသည်ကို ကျန်းမာရေးမဂ္ဂဇင်းများတွင် ဖတ်ရှုရသည်။ အသည်း၏တာဝန်သည် အစာအိမ်မှ စားသမျှ ချေဖျက်သမျှ နောက်ဆုံး အဆိပ်အတောက်မပါအောင် တာဝန်ခံရသူဖြစ်နေသည်။ ညအိပ်ချိန်နောက်ကျလျှင် အသဲ၏ အလုပ်ချိန် နောက်ကျသဖြင့် အဆိပ်အတောက်များစုပုံပြီး ခန္ဓာကိုယ်တွင် ရောဂါရလာနိုင်သည်။ ထို့ကြောင့် ညအိပ်ရာဝင်ချိန်ကို များစွာ နောက်မကျအောင် သတိပြုကြစေလိုသည်။

နိဂုံးချုပ်အားဖြင့် အထက်တွင်ဖော်ပြခဲ့သော တစ်နေ့တာလုပ်ဆောင်သင့်သည့် အနေအထိုင်၊ အပြုအမူ၊ အစားအသောက် စသည် များကို  ဘက်စုံတောင့်စုံဆင်ခြင်နေထိုင်သူမှသာ ကျန်းမာခြင်းနှင့် အသက်ရှည်ခြင်း ဆုလာဘ်ကို ရရှိနိုင်မည်ဖြစ်သည်။ မိမိထင်သလို နေထိုင်စားသောက်ပြီး ရောဂါဝင်လာသောအခါမှ ကျန်းမာရေးကို ပြန်လည်တောင့်တ၍မရနိုင်ပေ။ ခန္ဓာကိုယ်အတွက် အရေးကြီး သော ကိုယ်တွင်းအင်္ဂါများ နှလုံး၊ အဆုတ်၊ အသည်း၊ အစာအိမ်၊ ကျောက်ကပ်စသည်များ မိမိအိပ်ချိန်၊ စားချိန်မမှန်ခြင်းကြောင့် မှားယွင်းသော အပြုအမူအနေအထိုင်ကြောင့် ပျက်စီးမသွားစေရန် ကြိုတင်သတိရှိစောင့်ရှောက်နိုင်စေရန် သတိပေးရေးသား တင်ပြလိုက်ရပါသည်။   ။

ကြည်လွင်မြင့်(မုဒြာ)