ကလေးငယ်တွေမှာ အဖြစ်များလာတဲ့ ပြင်းထန်အသည်းရောင် ရောဂါအကြောင်း

ကျွန်တော်တို့ကမ္ဘာကြီးမှာ ရောဂါတွေက အမျိုးစုံလင်လောက်အောင်ကို တစ်မျိုးပြီးတစ်မျိုး ဖြစ်လာနေပါတယ်။ ကိုဗစ်-၁၉ ရောဂါက ကမ္ဘာ့ကပ်ရောဂါအဖြစ် ပြောင်းလဲပြီးနောက် အခုမှအနည်းငယ် ငြိမ်သက်စပြုချိန်မှာ နောက်ထပ်ရောဂါတစ်မျိုးက ထပ်မံပေါ်ထွက်လာပြန်ပါပြီ။

ကိုဗစ်-၁၉ ရောဂါတုန်းက သက်ကြီးပိုင်းတွေနဲ့  သက်လတ်ပိုင်းတွေမှာ အသေအပျောက်များပြီး   ကလေးငယ် တွေမှာ အသေအပျောက် နည်းပါးတယ်။

အခုဖြစ်ပေါ်နေတဲ့ ပြင်းထန်အသည်းရောင်ရောဂါကျတော့ ကလေးငယ်တွေမှာသာ အဖြစ်များနေတာပါ။ ပြင်းထန်အသည်းရောင်ရောဂါကြောင့်   အခုအချိန်အထိ အသက်ဆုံးရှုံးသွားရတဲ့   ကလေးငယ် စုစုပေါင်း လေးဦးအထိရှိလာပါပြီ။

ရောဂါဖြစ်ပွားတဲ့ကလေးငယ်တွေထဲကမှ ငွေကြေးတတ်နိုင်တဲ့  မိဘတချို့ကတော့ သူတို့ကလေးတွေကို အသည်းအစားထိုးကုသခြင်းဖြင့်   အသက်ဆက်ထားကြပါတယ်။

ဘယ်လိုအကြောင်းကြောင့် ကလေးတွေမှာ ပြင်းထန်အသည်းရောင်ရောဂါ ဖြစ်တယ် ဆိုတာကိုတော့ အတိအကျ မသတ်မှတ်နိုင်သေးပါဘူး။

လက်ရှိအချိန်မှာပညာရှင်တွေက ပြင်းထန်အသည်းရောင်ရောဂါဖြစ်ရခြင်းရဲ့ အဓိကအကြောင်းရင်းတစ်ရပ် ဖြစ်နိုင်တဲ့ အဒဲနိုဗိုင်းရပ်မျိုးစိတ်ကို အသေးစိတ်လေ့လာမှုတွေ လုပ်နေပါတယ်။

အဒဲနိုဗိုင်းရပ်ဆိုတာကတော့ လည်ချောင်း ပသိတစ်သျှူးမှာ   ပထမဆုံးတွေ့ရှိရတဲ့ ဒီအန်အေဗိုင်းရပ် အမျိုးအစားတစ်မျိုးဖြစ်ပြီး အများစုက  သာမန်အအေးမိဖျားနာခြင်း အပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေကို ဖြစ်ပွားစေပါတယ်။

ပညာရှင်တွေဟာ ပြင်းထန်အသည်းရောင်ရောဂါနဲ့ ပတ်သက်ပြီး လေ့လာမှုတွေလုပ်နေဆဲဖြစ်ပေမယ့် ကျွန်တော့်အနေနဲ့ လက်ရှိအချိန်အထိ သိရှိထားသမျှသော အချက်အလက်တွေကို   ဒီနေရာကနေတစ်ဆင့် မျှဝေပေးချင်ပါတယ်။

 

ရောဂါကိုစတင်တွေ့ရှိချိန်

 

ကလေးငယ်တွေမှာ ပြင်းထန်အသည်းရောင်ရောဂါ ဖြစ်ပွားမှုကို စတင်တွေ့ရှိတာက အမေရိကန်နိုင်ငံ အလာဘားမားပြည်နယ်ရှိ ဆေးရုံတစ်ရုံမှာဖြစ်ပါတယ်။ အချိန်အားဖြင့်တော့ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာပါ။

အဲဒီအချိန်တုန်းက ကလေးငယ်ငါးဦးဟာ အကြောင်းရင်းမသိရတဲ့ အသည်းပျက်စီးမှု ဝေဒနာနဲ့ ဆေးရုံလာတက်ကြတာ ဖြစ်ပါတယ်။

အခု ၂၀၂၂ ခုနှစ်  အစောပိုင်းမှာတော့ စကော့တလန်မှာ ပြင်းထန်အသည်းရောင်ရောဂါ ဖြစ်ပွားသူ ၁၀ ဦးရှိတာကို တွေ့ရ ပါတယ်။

ဧပြီ ၂၁ ရက်အထိ  စာရင်းအရဆိုရင် ကမ္ဘာတစ်ဝန်းမှာ    ဒီရောဂါဖြစ်ပွားတဲ့ ကလေးငယ်စုစုပေါင်း ၁၆၉ ဦးရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

အဲဒီ ၁၆၉ ဦးထဲကမှ ၁၁၄ ဦးဟာ ဗြိတိန်နိုင်ငံကဖြစ်ပြီး တခြားသူတွေကတော့ စပိန်၊ အစ္စရေး၊ ဒိန်းမတ်၊ အိုင်ယာလန်၊ နယ်သာလန်၊ အီတလီ၊ နော်ဝေး၊ ပြင်သစ်၊ ရိုမေးနီးယားနဲ့ ဘယ်ဂျီယံနိုင်ငံတို့မှ ဖြစ်ပါတယ်။

ဒါကြောင့် အမေရိကန်ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနက ပြင်းထန်အသည်းရောင်ရောဂါနဲ့ ပတ်သက်လို့ တစ်နိုင်ငံလုံးကို ကျန်းမာရေးသတိပေးချက် ထုတ်ပြန်ခဲ့ပေမယ့် ဧပြီ ၂၈ ရက်မှာတော့ နောက်ထပ်ပြည်နယ် ငါးခုမှာပါ ဒီရောဂါဖြစ်ပွားသူတွေကို တွေ့လာရပါတယ်။

အလားတူ ဧပြီ ၂၈ ရက်မှာပဲ ပြင်းထန်အသည်းရောင်ရောဂါ ဖြစ်ပွားသူနှစ်ဦးကို တွေ့ရှိရတဲ့အတွက်  တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ဒီရောဂါဖြစ်ပွားသူ သုံးဦးအထိရှိလာတယ်လို့ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ဧပြီ ၃၀ ရက်မှာ စင်ကာပူကျန်းမာရေး ဝန်ကြီးဌာနက   သူ့နိုင်ငံအတွင်းမှာလည်း အလားတူ ပြင်းထန် အသည်းရောင်ရောဂါ ဖြစ်ပွားသူတစ်ဦးရှိတယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ စင်ကာပူမှလူနာကတော့ အသက် ၁၀ နှစ်မျှသာရှိသေးတဲ့ ကလေးငယ်ပါ။

အင်ဒိုနီးရှားနိုင်ငံမှာဆိုရင် ပြီးခဲ့တဲ့ လကုန်ပိုင်းတုန်းက ပြင်းထန်အသည်းရောင်ရောဂါ ကြောင့် သေဆုံးသွားရတဲ့ ကလေးငယ် သုံးဦးအထိရှိလာပြီလို့ သိရပါတယ်။

 

ဘယ်လောက်အထိပြင်းထန်လဲ

 

ပြင်းထန်အသည်းရောင်ရောဂါဖြစ်နိုင်ခြေအများဆုံးသူတွေက အသက်တစ်လမှသည် ၁၆ နှစ်အထိဖြစ်နိုင်ပြီး အများစုကတော့ အသက် ၁၀ နှစ်နှင့်အောက်တွေဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်တဲ့ ပြင်းထန်အသည်းရောင်ရောဂါ ဖြစ်ပွားသူ ၁၆၉ ဦးအနက်  ၁၀ ရာခိုင်နှုန်းဖြစ်တဲ့ ကလေးငယ် ၁၇ ဦးဟာ အသည်းအစားထိုးကုသမှုလုပ်ဖို့ လိုအပ်တာတွေ့ရပြီး အနည်းဆုံး တစ်ဦးသေဆုံးထားတာကို တွေ့ရပါတယ်။

အမေရိကန်နိုင်ငံ ဝစ္စကွန်ဆင်ပြည်နယ်မှာ စောင့်ကြည့်စစ်ဆေးမှုခံယူနေဆဲ ပြင်းထန်အသည်းရောင်ရောဂါ ဖြစ်ပွားသူလို့ ယူဆရသူလေးဦးအနက် တစ်ဦးသေဆုံးသွားပါတယ်။

တကယ်လို့များ   သူတို့အားလုံးဟာ ပြင်းထန်အသည်းရောင်ရောဂါ ဖြစ်ပွားသူတွေလို့ သတ်မှတ်နိုင်ရင် ဒီသေဆုံးမှုဟာ အမေရိကန်နိုင်ငံမှာ ပြင်းထန်အသည်းရောင်ရောဂါကြောင့် ပထမဆုံးသေဆုံးမှု ဖြစ်လာပါလိမ့်မယ်။

 

အဖြစ်များတဲ့ရောဂါလက္ခဏာများ

 

ပြင်းထန်အသည်းရောင်ရောဂါကြောင့် ဖြစ်လေ့ရှိတဲ့၊ အဖြစ်များတဲ့ရောဂါလက္ခဏာတွေကတော့   ဝမ်းဗိုက်ပိုင်းနာကျင်ခြင်း၊ ဝမ်းသွားပြီးအန်ခြင်း၊ အဲဒီနောက်အသားဝါခြင်းတို့ ဖြစ်ပါတယ်။

အသားဝါတာကိုသတ်မှတ်တာကတော့ အရေပြား ဒါမှမဟုတ် မျက်စိထဲက အဖြူရောင်အသားဟာ အဝါရောင်အဖြစ် ပြောင်းသွားတာမျိုးကို ခေါ်တာဖြစ်ပါတယ်။

ဆိုးဆိုးဝါးဝါးအသည်းရောင်မှုလက္ခဏာတွေကိုတော့ ဓာတ်ခွဲခန်းမှာ စမ်းသပ်ကြည့်ရင် သိနိုင်ပါတယ်။  ဘယ်လိုလဲဆိုတော့ အသည်းအင်ဇိုင်းပမာဏက အလွန်အမင်းများပြားနေတာကို   တွေ့ရပါလိမ့်မယ်။ ကလေးအများစုကတော့ အဖျားမရှိကြပါဘူး။

အသည်းရောင်ရောဂါ  ဖြစ်ပွားခြင်းရဲ့ တခြားရောဂါလက္ခဏာတွေထဲမှာ မောပန်းခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ ဆီးအရောင်ညိုညစ်ခြင်း၊  ဝမ်းအရောင်ဖြူဖျော့ခြင်းနဲ့ အဆစ်အမျက်တွေနာကျင်ကိုက်ခဲခြင်းတို့လည်း အပါအဝင်ဖြစ်ပါတယ်။

 

ရောဂါဖြစ်ရတဲ့အကြောင်းရင်း

 

ဒီရောဂါဖြစ်လိုက်ပြီဆိုရင် လူအစုလိုက်ဖြစ်တာကို   အများဆုံးတွေ့ရလေ့ရှိတဲ့အတွက် ဗိုင်းရပ်ကူးစက်မှုကြောင့် ဖြစ်နိုင်တယ်လို့ ချီကာဂိုကလေးဆေးရုံမှ ဆရာဝန်နဲ့ အမေရိကန်ကူးစက်ရောဂါအဖွဲ့အစည်းမှ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ တီနာတန်းက ပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ ပြင်းထန်အသည်းရောင်ရောဂါဖြစ်ပွားသူကလေးငယ်များအနက် အနည်းဆုံး ၇၄ ဦးမှာ အဒဲနိုဗိုင်းရပ်တွေ့ရှိရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီပမာဏဟာ ရောဂါဖြစ်ပွားသူစုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်းကျော်ရှိပြီး အဒဲနိုဗိုင်းရပ်တွေ့ရှိရသူများအနက် ၁၈ ဦးမှာတော့ F type 41 လို့ခေါ်တဲ့ သီးခြားမျိုးရိုးဗီဇတစ်ခုကို တွေ့ရှိရပါတယ်။

ဒါပေမဲ့   အဒဲနိုဗိုင်းရပ်ဆိုတာမျိုးက ကလေးငယ်တွေမှာ ဒီလောက်အထိရောဂါ ပြင်းထန်အောင် မဖြစ်နိုင်တဲ့ အတွက် ပြင်းထန်အသည်းရောင်ရောဂါက အဒဲနိုဗိုင်းရပ်ကြောင့် ဖြစ်တာလား ဆိုတာကိုတော့ အတိအကျမပြောနိုင်သေးပါဘူး။

တချို့ကလည်း ဒီရောဂါဟာ ကိုဗစ်-၁၉ ရောဂါနဲ့ဆက်စပ်နေတယ်လို့ ဆိုကြပေမယ့် ကနဦး အလာဘားမား ပြည်နယ်မှ ရောဂါဖြစ်ပွားသူတွေမှာတော့ ကိုဗစ်-၁၉ ရောဂါလည်းမရှိသလို   အဲဒီရောဂါဖြစ်ပွားဖူးတဲ့ ရာဇဝင်လည်းမရှိတာကို တွေ့ရတဲ့အတွက် ဒီအဆိုကိုတော့ ပယ်ချနိုင်ပါတယ်။

အလားတူ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်လားဆိုပြီး တချို့က ပြောကြသော်လည်း  အခုရောဂါဖြစ်တဲ့ကလေးငယ်အများစု ကိုဗစ်ကာကွယ် ဆေးမထိုးရသေးတဲ့သူတွေ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က    အတည်ပြုထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

ဒါတင်မကသေးပါဘူး။ အသည်းရောင်ရောဂါအများဆုံးဖြစ်ပွားလေ့ရှိတဲ့ A၊ B၊ C၊ D၊ E ဗိုင်းရပ်မျိုးစိတ်တွေထဲက တစ်ခုမှ မတွေ့ရတဲ့အတွက်လည်း ပညာရှင်တွေက ဒီရောဂါဖြစ်ရခြင်းအကြောင်းရင်းကို မဖော်ထုတ်နိုင်ဘူး ဖြစ်နေပါတယ်။

နောက်ထပ်ဖြစ်နိုင်တဲ့ အချက်တွေက ဓာတုအဆိပ်သင့်ခြင်းကြောင့်လား၊ တခြားအဆိပ်သင့်ခြင်းကြောင့်လား ဆိုတာကို ပညာရှင်တွေကတွက်ချက်ယူဆပြီး ရောဂါဖြစ်ပွားရာဒေသတွေမှာ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေဆဲဖြစ်ပါတယ်။ ဘယ်လိုအဖြေထွက်လာမလဲဆိုတာကိုတော့ မသိရသေးပါဘူး။

အဒဲနိုဗိုင်းရပ်ဆိုတာ  အအေးမိခြင်း၊ ဖျားနာခြင်း၊ လည်ချောင်းနာခြင်း၊ လေပြွန်များရောင်ရမ်းပြီး ချောင်းဆိုးရင်ကျပ်ခြင်း၊ အဆုတ်ရောင်ခြင်းနဲ့ ကာလဝမ်းရောဂါဖြစ်ခြင်း စတဲ့ရောဂါအများအပြားကို ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်တစ်မျိုးဖြစ်ပြီး သူ့မှာ မျိုးကွဲပေါင်းများစွာရှိပါတယ်။

အဲဒီထဲကမှ လူသားတွေကိုကူးစက်နိုင်တဲ့ အဒဲနိုဗိုင်းရပ်မျိုးကွဲ အမျိုး ၅၀ ကျော်ရှိပါတယ်။ အများစုကတော့ အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါတွေ ဖြစ်လေ့ရှိပြီး အစာအိမ်နဲ့အူရောင်ရမ်းခြင်း၊ မျက်မြှေးရောင်ခြင်းနဲ့  ဆီးအိမ်ပိုးဝင်ခြင်းတို့ကိုလည်း ဖြစ်စေနိုင်ပါတယ်။

အမျိုးအစားအမှတ် ၄၁ ဖြစ်တဲ့ အဒဲနိုဗိုင်းရပ်ကတော့ ဝမ်းသွားခြင်း၊ အန်ခြင်းနဲ့ ဖျားခြင်းတို့အပြင် တစ်ခါတစ်ရံ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေနဲ့လည်း တွဲပြီး ဖြစ်တတ်ပါတယ်။

ဒါပေမဲ့ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေမှာတော့  အဒဲနိုဗိုင်းရပ်ကူးစက်ခြင်းကြောင့် အသည်းရောင်ရောဂါ ဖြစ်တယ်လို့တော့ မကြားဖူးပါဘူး။

အခုဖြစ်နေတဲ့ ပြင်းထန်အသည်းရောင်ရောဂါဆိုတာ အခုမှအသစ်အဆန်းမဟုတ်ဘဲ နဂိုကတည်းကရှိနှင့်ပြီးသား ရောဂါတစ်ခုလားဆိုတာကိုလည်း  ပညာရှင်တွေက တွက်ချက်သုံးသပ်ကြပါတယ်။

ဒီလိုသုံးသပ်ရာမှာတော့ အခုဖြစ်နေတဲ့ ပြင်းထန်အသည်းရောင်ရောဂါက နဂိုကတည်းက ရှိပြီးသား ရောဂါဖြစ်ပေမယ့် ရှားပါးရောဂါဖြစ်ကြောင်း၊ ဒါဟာ အဒဲနိုဗိုင်းရပ်ကူးစက်မှုကြောင့် ဖြစ်နိုင်ကြောင်းနဲ့ အခုမှတွေ့ရှိရတာက   အဆင့်မြင့်မားလာတဲ့ စစ်ဆေးစမ်းသပ်မှုတွေကြောင့်  ဖြစ်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ကပ်ဘေးကာလအတွင်း အဒဲနိုဗိုင်းရပ်ကူးစက်မှုက အနိမ့်ဆုံးအဆင့်ကို ရောက်သွားဖူးပါတယ်။ အခုမကြာသေးမီကမှ ဒီဗိုင်းရပ်ကူးစက်မှု မြင့်တက်လာတာပါ။

ဒီလိုကူးစက်မှု   မြင့်တက်လာချိန်မှာ ကလေးငယ်တွေက   ဗိုင်းရပ်ကူးစက်မှုဒဏ်ကို ခံနိုင်ရည်မရှိဘဲ        ပြင်းထန်အသည်းရောင်ရောဂါ ဖြစ်လာတာ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် နိုဗယ်အဒဲနိုဗိုင်းရပ် ထွက်ပေါ်လာမှုဟာ ဖြစ်နိုင်ခြေရှိပြီး ဒီဖြစ်နိုင်ခြေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ရလိမ့်မယ်လို့တော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။      

Ref: CNA