အားကောင်းသော မုန်တိုင်းငယ်၏ လက်ရှိအခြေအနေကို အဝါရောင်အဆင့် သတ်မှတ်၊ အားကောင်းသော မုန်တိုင်းငယ်၏အရှိန်ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးနိုင်

အားကောင်းသော မုန်တိုင်းငယ်၏ လက်ရှိအခြေအနေကို အဝါရောင်အဆင့် သတ်မှတ် အားကောင်းသော မုန်တိုင်းငယ်၏အရှိန်ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးနိုင်

နေပြည်တော်   မေ  ၇

ယနေ့မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင် တို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အားကောင်းသော မုန်တိုင်းငယ်အဖြစ်သို့ ပိုမိုအားကောင်းလာကာ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းသို့ ရောက်ရှိခဲ့ပါသည်။အဆိုပါ အားကောင်းသော မုန်တိုင်းငယ်သည် အိန္ဒိယနိုင်ငံ ပို့ပလဲယား၏ အနောက်တောင်ဘက် ရေမိုင် ၁၆၀ မိုင်ခန့်၊ ဗီဆာကာပတ္တနမ်မြို့၏ အရှေ့တောင်ဘက် ရေမိုင် ၆၁၅ မိုင်ခန့်၊ ပူရီမြို့၏ အရှေ့တောင်ဘက် ရေမိုင် ၆၃၀ မိုင်ခန့်၊  မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့၏ အနောက်တောင်ဘက် ရေမိုင် ၂၈၅ မိုင်ခန့်နှင့် ဟိုင်းကြီးကျွန်းမြို့၏ အနောက်တောင်ဘက် ရေမိုင် ၄၁၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

အားကောင်းသော မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်သည်။

အားကောင်းသော မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း အဆိုပါအားကောင်းသော မုန်တိုင်းငယ်သည်   မြန်မာစံတော်ချိန် ည  ၁၀ နာရီခွဲအချိန်တွင် မြောက်လတ္တီကျု ၁၀.၂ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၉၀.၅ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၁၀၀၀ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်နှုန်းခန့်ဖြစ်ပါသည်။

နောက်(၇၂)နာရီအတွင်း ခန့်မှန်းချက် အဆိုပါအားကောင်းသော မုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၁၈ နာရီအတွင်း ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း၌ ဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့ လည်းကောင်း၊ နောက် ၂၄ နာရီအတွင်း ဘင်္ဂလား ပင်လယ်အော် အရှေ့အလယ်ပိုင်း၌ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ လည်းကောင်း ပိုမိုအားကောင်းလာနိုင်ကာ အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး မေ ၁၀ ရက်တွင် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ  အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းလွန်-သြရိဿကမ်းခြေ)သို့ ရောက်ရှိနိုင်ကာ  ထိုမှတစ်ဆင့် မြောက်-အရှေ့မြောက်ဘက်သို့ကွေ့ပြီး ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ သြရိဿကမ်းလွန်)သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။                                 

သတိပေးနှိုးဆော်ချက်

  အဆိုပါအားကောင်းသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် ယနေ့ညမှ မေ ၁၂ ရက်အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြားနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကာ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍မိုးကြီးနိုင်ပါသည်။ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၈ ပေမှ ၁၀ ပေခန့် ရှိနိုင်ပါသည်။

အကြံပြုချက်

    သို့ဖြစ်ပါ၍ အားကောင်းသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊  မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြု နေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေး နှိုးဆော်အပ်ပါသည်။                

       (မိုး/ဇလ)