နီပေါတောင်တက်သမားက ဧဝရတ်တောင်သို့ ၂၆ ကြိမ်တက်ပြီး စံချိန်အသစ်တင်

နီပေါတောင်တက်သမား တစ်ဦးဖြစ်သည့် ကာမီရီတာရှာပါသည် ဧဝရတ်တောင်ထိပ်သို့ ၂၆ ကြိမ်မြောက် တက်ရောက်ပြီး ကမ္ဘာ့စံချိန် အသစ်တင်ခဲ့ကြောင်း သိရသည်။

အသက် ၅၂ နှစ်ရှိ ကာမီရီတာရှာပါသည် အခြားတောင်တက်သမား ၁၀ ဦးကို ဦးဆောင်၍ အရှေ့တောင်ဘက်လမ်းကြောင်း မှတစ်ဆင့် အမြင့် ၈၈၄၈ ဒသမ ၈၆ မီတာရှိသော ဧဝရတ်တောင်ပေါ်သို့ မေ ၇ ရက်တွင်တက်ခဲ့ခြင်း ဖြစ်သည်။

ကာမီရီတာရှာပါသည် ပြီးခဲ့သည့်နှစ်တွင် ၎င်းကိုယ်တိုင် တင်ခဲ့သည့်စံချိန်ကို ယခုနှစ်တွင် ချိုးဖျက်ကာ ကမ္ဘာ့စံချိန်အသစ်တင်ခြင်းဖြစ်ကြောင်း ခရီးသွားလုပ်ငန်းဌာနမှ ညွှန်ကြားရေးမှူးချုပ် တာရာနက်အက်ဟီကာရီက မေ ၈ ရက်တွင်ပြောသည်။

ကာမီရီတာရှာပါ အသုံးပြုသွားလာခဲ့သောလမ်းကြောင်းသည်    နယူးဇီလန်နိုင်ငံသား ဆာအက်ဒမွန်ဟီလာရီနှင့် နီပေါ နိုင်ငံသား တန်ဇင်းနော်ဂေးတို့က ၁၉၅၃ ခုနှစ်တွင်   ဦးဆောင်ဖောက်လုပ်ခဲ့သည့် လမ်းကြောင်းဖြစ်ပြီး   ယနေ့အချိန်အထိ နာမည်ကျော်လမ်းကြောင်းအဖြစ်   တည်ရှိနေဆဲဖြစ်သည်။

နီပေါအစိုးရက   ယခုနှစ်မေလအထိ ကျရောက်သည့် တောင်တက်ရာသီအတွက် တောင်တက်သမား ၃၁၆ ဦးကိုခွင့်ပြုခဲ့ပြီး ပြီးခဲ့သည့်နှစ်တွင်မူ ၄၀၈ ဦးကို  ခွင့်ပြုကာ တောင်တက်သမား  အများဆုံးရာသီအဖြစ် မှတ်တမ်းတင် နိုင်ခဲ့ကြောင်း သိရသည်။

ဧဝရတ်တောင်ပေါ်ကို စတင်တက်ရောက်သည့် ၁၉၅၃ ခုနှစ်မှစကာ နီပေါနှင့် တိဗက်လမ်းကြောင်းများမှနေ၍    ယခုအချိန်အထိ တောင်ပေါ်သို့ တက်ရောက်မှုပေါင်း ၁၀၆၅၇ ကြိမ်ရှိပြီဖြစ်ကာ တောင်တက်စဉ် လူသေဆုံးမှုအနေဖြင့် ၃၁၁ ဦးရှိကြောင်း သိရသည်။

Ref: TST