တရုတ်ရေတပ်စွမ်းပကားကို ပိုမိုမြှင့်တင်ပေးနေတဲ့ ဟိုင်နန်ရေယာဉ်

တရုတ်နိုင်ငံရဲ့   ပင်ကိုအမှတ်တံဆိပ်လို့တောင်ဆိုလို့ရတဲ့ ကုန်း၊ ရေ နှစ်သွယ်သွား တိုက်ခိုက်ရေး ရေယာဉ်တစ်စင်း ရှိပါတယ်။ သူ့ရဲ့နာမည်ကတော့ ဟိုင်နန်ပါ။

ဟိုင်နန်ကိုပြီးခဲ့တဲ့နှစ်မှာ တပ်တော်သွင်းခဲ့ပြီးနောက် တစ်နှစ်ပြည့်တဲ့အချိန်မှာတော့ သူဟာတောင်တရုတ် ပင်လယ်အတွင်း ရန်သူအပေါ် ဟန့်စစ်ဆင်နိုင်စွမ်းနဲ့ မိမိတပ်ဖွဲ့တွေအပေါ် ထောက်ပံ့ပို့ဆောင်ရေး လုပ်ပေးနိုင်စွမ်း တို့မှာ တရုတ်ရေတပ်အနေနဲ့ အားကိုးအားထားပြုရတဲ့အထိကို   စွမ်းဆောင်လာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။

ဒါပေမဲ့  သူ့မှာအခက်အခဲလေးတစ်ခုရှိနေတာကိုလည်း   သွားတွေ့ရပါတယ်။ အဲဒီအခက်အခဲကတော့ သူ့ရဲ့တိုက်ပွဲဝင် စနစ်က ရေတပ်မှာရှိတဲ့ တခြားစစ်သင်္ဘောတွေနဲ့ ပုံစံတစ်ခုတည်းမှာ အတူတကွ တာဝန်ထမ်းဆောင်နိုင်စေမယ့် ပူးပေါင်းပါဝင်မှုပါပဲ။

ဟိုင်နန်စစ်ရေယာဉ်က တရုတ်နိုင်ငံရဲ့ ပထမဆုံးနဲ့ အရွယ်အစားအကြီးဆုံးသော Type 075 အမျိုးအစား    ကုန်း၊ ရေ နှစ်သွယ်သွား တိုက်ရေယာဉ်ဖြစ်ပါတယ်။

ရေတပ်တစ်ခုလုံးမှာရှိတဲ့ သင်္ဘောတွေနဲ့ နှိုင်းယှဉ်ရင်တော့ လက်ရှိတပ်တော်ဝင်ပြီး စစ်ဆင်ရေးတာဝန်တွေ ထမ်းဆောင်နေတဲ့ လေယာဉ်တင်သင်္ဘောနှစ်စင်းပြီးရင် ဒုတိယမြောက် အကြီးဆုံးစစ်ရေယာဉ်ပါ။

သူ့ကို ပြီးခဲ့တဲ့နှစ် ဧပြီလနှောင်းပိုင်းမှာ တပ်တော်သွင်းခဲ့တာဖြစ်ပြီး ဒီနှစ်မတ်လအစောပိုင်းမှာတော့    ဟိုင်နန်အနေနဲ့ ပဏာမစစ်ဆင်ရေး စွမ်းရည်တွေကို ရရှိနိုင်ခဲ့ပြီလို့     ရေယာဉ်မှူးရဲ့ပြောဆိုချက်ကို ကိုးကားပြီး တရုတ်နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။

Type 075 ကုန်း၊ ရေ နှစ်သွယ်သွားတိုက်ရေယာဉ်က     တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကို ထောက်ပံ့မှုများစွာ ပေးနိုင်ပါတယ်။

အကြောင်းရင်းကတော့ သူဟာတရုတ်နိုင်ငံအနီး ဝန်းကျင်ဒေသများမှာသာမက ကမ်းဝေးဒေသတွေမှာပါ   တာဝန်ထမ်း ဆောင်နိုင်စွမ်းရှိတာကြောင့် ဖြစ်ပါတယ်။

သူ့အနေနဲ့ထမ်းဆောင်ရတဲ့ အဓိကတာဝန်က စစ်ပွဲအတွင်းမှာဆိုရင် ကျွန်းငယ်တစ်ခုကို ကမ်းတက်စစ်ဆင်ရေး ဆောင်ရွက်တဲ့အခါမျိုးနဲ့   စစ်ပွဲအတွင်းမဟုတ်ဘူးဆိုရင် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး၊ ဘေးအန္တရာယ်ကယ်ဆယ်ရေးနဲ့ တရုတ်နိုင်ငံသားများကို   ကယ်ဆယ်ရေးလုပ်ငန်းတို့မှာ ပါဝင်ဆောင်ရွက်ရတာ ဖြစ်ပါတယ်။

ဟိုင်နန်ဟာ     တိုက်ပွဲဝင်လေ့ကျင့်မှုနဲ့ ကျည်စစ်ကျည်မှန်အသုံးပြုလေ့ကျင့်ခန်းတွေကို ဧပြီ ၂၂ ရက်တုန်းက လုပ်ဆောင် ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမဲ့ အဲဒီလေ့ကျင့်ခန်းရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မေ ၃ ရက်ကျမှသာ တရုတ်အွန်လိုင်း စစ်ရေးသတင်းဌာနတစ်ခုက ထုတ်ပြန်ခဲ့တာပါ။

အဲဒီလေ့ကျင့်ခန်းကို   တောင်တရုတ်ပင်လယ်အတွင်းမှာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး လုပ်ဆောင်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ စစ်ရေယာဉ်မှာ လိုက်ပါတာဝန်ထမ်းဆောင်တဲ့ စစ်သည်တွေ အနေနဲ့ တပ်ဆင်ထားတဲ့ လက်နက်စနစ်တွေကို ပိုမိုအကျွမ်းတဝင်ရှိစေဖို့ ဖြစ်ပါတယ်။

တရုတ်ရေတပ်က အဲဒီစစ်ရေးလေ့ကျင့်ခန်းကို မလုပ်မီတစ်ရက်အလို ဧပြီ ၂၁ ရက်မှာ ရေတပ်အတွက်ဒုတိယမြောက် Type 075 ကုန်း၊ ရေ နှစ်သွယ်သွားတိုက်ရေယာဉ် နောက်တစ်စင်းကို   တပ်တော်သွင်းခဲ့ပါသေးတယ်။ ဒုတိယမြောက် တိုက်ရေယာဉ်ရဲ့ နာမည်ကတော့ ကွမ်ရှီးပါ။

ဟိုင်နန်နဲ့ပတ်သက်ပြီး   သုတေသနပညာရှင်တစ်ဦးဖြစ်တဲ့ ကျို့ချန်မင်းပြောထားတာ ရှိပါသေးတယ်။ သူက ဟိုင်နန်ဟာ တောင်တရုတ်ပင်လယ်အတွင်းရှိ  ကျွန်းတွေဆီကို လိုအပ်တဲ့ထောက်ပံ့ ပို့ဆောင်ရေးပစ္စည်းတွေ ကောင်းစွာပေးပို့နိုင်တဲ့အပြင် ဟန့်စစ်ဆင်နိုင်စွမ်းလည်း မြင့်မားတယ်လို့ ဆိုပါတယ်။

ဟိုင်နန်စစ်ရေယာဉ်တစ်စင်းက ရဟတ်ယာဉ်များ၊ ရှပ်ပြေးယာဉ်များနဲ့ ကုန်း၊ ရေနှစ်သွယ်သွား တိုက်ယာဉ်များကို တင်ဆောင်နိုင်ပါတယ်။

ဒီအတွက် သူဟာဒေသတွင်းမှာဆိုရင် ရန်သူ့စစ်ရေယာဉ်တွေကို    ကောင်းစွာရင်ဆိုင်တိုက်ခိုက်နိုင်စွမ်းရှိသလို တစ်ချိန် တည်းမှာပဲ တောင်တရုတ်ပင်လယ်ရဲ့ကျွန်းတွေမှာရှိတဲ့ စစ်သည်တွေဆီကို ထောက်ပံ့ရေးပစ္စည်းတွေ ပေးပို့နိုင်တာ ဖြစ်ပါတယ်။

အလားတူပဲ   အမေရိကန်သုတေသနဌာန တစ်ခုဖြစ်တဲ့ Rand မှအကြီးတန်းသုတေသီ တီမိုသီဟိကလည်း ကျို့ချန်မင်းရဲ့ အမြင်ကို ထောက်ခံထားပါသေးတယ်။

ဒီစစ်ရေယာဉ်ကို   တည်ဆောက်ရတဲ့ရည်ရွယ်ချက်က အထူးသဖြင့် ကုန်း၊ ရေ နှစ်သွယ်တိုက်ခိုက်မှု စစ်ဆင်ရေးများ အတွက် ဖြစ်ပါတယ်။ သူက ကုန်း၊ ရေ နှစ်သွယ်သွား သံချပ်ကာယာဉ်များနဲ့ ရဟတ်ယာဉ်များကို

တင်ဆောင်နိုင်တဲ့အတွက် ကျွန်းငယ်ကဲ့သို့သော ပစ်မှတ်တစ်ခုကို    ဘက်ပေါင်းစုံကနေ တိုက်ခိုက်နိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် ရန်သူတွေက  သိမ်းပိုက်သွားတဲ့ ကျွန်းငယ်တွေကို တရုတ်ရေတပ်က ပြန်လည် တိုက်ခိုက်သိမ်းပိုက်မယ့် စစ်ဆင်ရေးတွေမှာ ဒီစစ်ရေယာဉ်က များစွာအသုံးတည့်စေမှာပါ}} လို့ တီမိုသီဟိက ပြောပါတယ်။

ဟိုင်နန်အနေနဲ့ ပဏာမစစ်ဆင်ရေးစွမ်းရည်တွေကို ရရှိသွားတာဟာ   တရုတ်ရေတပ်အနေနဲ့ လုပ်ဆောင်နေတဲ့ တိုက်ခိုက်ချေမှုန်းရေးစွမ်းရည်တွေ တိုးမြှင့်ရေးအတွက် မှတ်ကျောက်တစ်ခု ဖြစ်လာပါတယ်။

အစဉ်အလာအားဖြင့်ဆိုရင်    တရုတ်ရေတပ်ဟာ ကမ်းနီးစစ်ဆင်ရေးများအတွက် သာအဓိကထားပြီး  ကြိုတင်ပြင်ဆင်လေ့ ရှိပါတယ်။

ဒါပေမဲ့ Type 075 နဲ့ Type 075 တို့လိုမျိုး ကုန်း၊ ရေ နှစ်သွယ်သွားစစ်ရေယာဉ်တွေ ရရှိလာချိန်မှာ    တရုတ်ရေတပ်ဟာ သမုဒ္ဒရာထဲကို  ခရီးနှင်နိုင်စွမ်းပိုမိုမြင့်မားလာပြီး ကျွန်းသိမ်းပိုက်ရေး စစ်ဆင်ရေးတွေမှာ အမြင့်မားဆုံးသော စွမ်းဆောင်ရည်နဲ့ တိုက်ခိုက်နိုင်လာပြီပဲ ဖြစ်ပါတယ်။

သို့သော်လည်း ဟိုင်နန်ဟာ တစ်ဖက်မှာ သူ့ချည်းသက်သက်ဆိုရင် အကောင်းဆုံးသော တိုက်ခိုက်ရေး စွမ်းရည်တွေ ရှိနေပေမယ့် တရုတ်ရေတပ်က လက်ရှိအသုံးပြုနေတဲ့ စစ်ရေယာဉ်တွေနဲ့ ပေါင်းစပ်တိုက်ပွဲဝင်မယ် ဆိုရင်တော့    ပြဿနာလေးတွေ အနည်းငယ် ရှိနေပါတယ်လို့ ကျို့ချန်မင်းက ပြောပါတယ်။

တရုတ်ရဲ့   ကုန်း၊ ရေ နှစ်သွယ်သွားတိုက်ရေယာဉ်ကို အမေရိကန်ရဲ့ ကုန်း၊ ရေ နှစ်သွယ်သွားတိုက်ရေယာဉ်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ကွာဟချက်တချို့ရှိပါတယ်။

ဥပမာအားဖြင့် အမေရိကန်မှာဆိုရင် ကုန်း၊ ရေ နှစ်သွယ်သွားတိုက်ရေယာဉ်တွေအတွက်   USS Blue Ridge လိုမျိုး ဦးဆောင်ရေယာဉ်တွေ ရှိပါတယ်။ ဒါပေမဲ့ တရုတ်မှာ မရှိပါဘူး။

ဒီအတွက်  တရုတ်ရေတပ်အနေနဲ့ဟိုင်နန်လိုမျိုး ကုန်း၊ ရေ နှစ်သွယ်သွား တိုက်ရေယာဉ်တွေကို ဘယ်လို ပေါင်းစပ် အသုံးပြုမယ် ဆိုတဲ့အပေါ်   စဉ်းစားလုပ်ဆောင်ဖို့ နှစ်အနည်းငယ် ကြာနိုင်ပါတယ်။

ဒီနေရာမှာ တရုတ်ရေတပ်ဟာ အမေရိကန်နည်းလမ်းကိုပဲလိုက်မလား။   ဒါမှမဟုတ် ကိုယ့်နည်းကိုယ့်ဟန်နဲ့ အကောင်း ဆုံးဖန်တီးမလားဆိုတာကိုတော့ မသိနိုင်သေးပါဘူး။

တရုတ်(တိုင်ပေ)နဲ့  ဆက်စပ်ပြီးတော့ တရုတ်ရေတပ်က ဟိုင်နန်ကို အသုံးပြုနိုင်ခြေနဲ့ပတ်သက်ပြီး  အမေရိကန်သုတေသီက ထောက်ပြထားတာ ရှိပါသေးတယ်။

ဟိုင်နန်အနေနဲ့ တောင်တရုတ်ပင်လယ်အတွင်းမှာ ကောင်းစွာစစ်ဆင်နိုင်စွမ်းရှိပေမယ့်လည်း တရုတ်နိုင်ငံက   အခြေအနေမပေးလို့ တရုတ်(တိုင်ပေ)ကို ပြန်သိမ်းပိုက်ရပြီဆိုရင် ဟိုင်နန်ဟာ အဓိကအခန်းကဏ္ဍကနေ ပါဝင်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

တရုတ်(တိုင်ပေ) စစ်ဆင်ရေးမှာဆိုရင်တော့ ဟိုင်နန်က အသုံးဝင်နိုင်ပေမယ့် သူ့ရဲ့ကြီးမားတဲ့အရွယ်အစားနဲ့   ပင်ကိုအမှတ်တံဆိပ်က    လက်နက်တွေကိုကောင်းစွာ တပ်ဆင်ထားတဲ့    ရန်သူအတွက်တော့ ကြီးမားတဲ့ ပစ်မှတ်ကြီးဖြစ်ပြီး  အချိန်မရွေး ချေမှုန်းခံရနိုင်ပါတယ်။ ဒါ့အပြင် တရုတ်ရေတပ်အနေနဲ့ တရုတ်(တိုင်ပေ)ကို သိမ်းပိုက်နိုင်မယ့် အရွယ်အစားစုံ ကုန်း၊ ရေ နှစ်သွယ်သွားတိုက်ရေယာဉ်တွေ အများအပြား မပိုင်ဆိုင်သေးပါဘူးလို့ တီမိုသီဟိကပြောပါတယ်။

အမေရိကန်စစ်ဌာနချုပ်ဖြစ်တဲ့ ပင်တဂွန်ရဲ့ 2020 China Military Power Report ဆိုတဲ့တင်ပြချက်မှာတော့ တရုတ် နိုင်ငံဟာ စစ်သင်္ဘောစုစုပေါင်း ၃၅၅ စင်းနဲ့ ကမ္ဘာပေါ်မှာ အကြီးဆုံးသော ရေတပ်ကိုပိုင်ဆိုင်ထားတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီထဲကမှ စစ်သင်္ဘော ၁၄၅ စင်းကျော်ဟာ   ရေပြင်သွားတိုက်ခိုက်ရေး ရေယာဉ်တွေ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ ရေတပ်အင်အားကတော့ တိုက်ပွဲဝင်နိုင်တဲ့   စစ်သင်္ဘောအစင်းရေ စုစုပေါင်း ၂၉၃ စင်းသာရှိပြီး ကမ္ဘာပေါ်မှာ စတုတ္ထမြောက် အကြီးဆုံးသောရေတပ် ဖြစ်နေတာကို တွေ့ရပါတယ်။

Ref: SCMP