တာချီတ်လိတ်မြို့နယ်အတွင်း ငွေကျပ် ၉ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၊ သြဂုတ် - ၇
    
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ ရန်းခေါင် ကျေးရွာအနီး တာချီလိတ်-ဘူရှီးသွားကားလမ်းပေါ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယနေ့ညနေ ၄ နာရီ ၅၀ မိနစ်ခန့်တွင် သတင်းအရ  စစ်ဆေးစဉ် ယမ်းခေါင် ကျေးရွာဘက်မှ တာချီလိတ်မြို့ဘက်သို့ မောင်းနှင်လာသည့် FORTUNER အမျိုးအစား မော်တော်ယာဉ်အမှတ်၊ SHN/---  အား ရပ်တန့်စစ်ဆေးရာ ရပ်တန့်ခြင်း မရှိဘဲ မောင်းနှင် ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ မော်တော်ယာဉ်အား လမ်းဘေးတွင်ရပ်တန့်ထားခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
    
အဆိုပါ ရပ်တန့်ထားသည့် မော်တော်ယာဉ်အား ပူးပေါင်းအဖွဲ့က စစ်ဆေးရာ မော်တော်ယာဉ်အတွင်းရှိ ဆာလာအိတ် ၆၄ အိတ်အတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၆၄ သိန်းပြား(ခန့်မှန်းတန်ဖိုးငွေကျပ်သိန်းပေါင်း ၉၆၀၀၀ ကျော်)ကိုတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
    
အဆိုပါ သိမ်းဆည်းရမိ မော်တော်ယာဉ်နှင့် မူးယစ်ဆေးဝါးများကို တာချီလိတ် မြို့မရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။