ပြည်သူ့အကျိုးပြုစာပေများပေါ်ထွက်ရေး

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ မေ ၁၂ ရက်)

စာပေသည် လူသားတို့၏ဘဝတိုးတက်မြင့်မားရေးကိုစွမ်းဆောင်နိုင်သလို လူသားတို့ဘ၀ နိမ့်ကျဆုံးရှုံးအောင်လည်း စွမ်းဆောင်ပေး နိုင်သည်။ လူသားတို့၏ ဘဝရှေ့ဆောင်မီးရှူးရောင်ဟုဆိုသော်လည်း ထိုမီးရောင်သည်လူငယ်လူရွယ်တို့ ဘဝလမ်းကြောင်းမှန်သို့ လျှောက် လှမ်းနိုင်သော အလင်းရောင်ကို ပေးစွမ်းနိုင်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေသည်နှင့်အတူ ဒီမိုကရေစီ၏ လွတ်လပ်ခွင့်များကို ပေးအပ်ထားပါသည်။

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အခန်း(၈)တွင် မိမိ၏ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားခွင့်ပြုထားပါသည်။ တိုင်းရင်းသားလူမျိုးတစ်မျိုးနှင့် တစ်မျိုးသို့မဟုတ် တိုင်းရင်းသား လူမျိုးအချင်း ချင်းကိုလည်းကောင်း၊ အခြားဘာသာ သာသနာကိုလည်းကောင်း ထိခိုက်နစ်နာမှုမရှိစေဘဲ မိမိချစ်ခင်မြတ်နိုးသည့်စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့်ဘာသာ သာသနာနှင့်ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာဆောင်ရွက်ပိုင်ခွင့်လည်း ပေးထားပါသည်။ သို့သော် ထိုခွင့်ပြုချက်များမှာနိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့်ဥပဒေများနှင့် မဆန့်ကျင်လျှင် လွတ်လပ်စွာဆောင်ရွက်ခွင့်ရှိသည်ဟု သတ်မှတ်ပြဋ္ဌာန်းထားပါသည်။

ထိုသို့ဒီမိုကရေစီ အခွင့်အရေးကို စည်းစနစ်ကျနစွာအသုံးပြုကြရမည့်အစား တချို့သောရေးသားသူ၊ ထုတ်ဝေသူတို့က ထိုအခွင့် အရေးကို အလွဲအသုံးပြုသည်များ ရှိခဲ့သည်။ ညစ်ညမ်းသော စာအုပ်ထုတ်ဝေခဲ့သော ထုတ်ဝေသူနှင့်ပုံနှိပ်သူများကို သက်ဆိုင်ရာ ဥပဒေနှင့်အညီ တရားစွဲဆိုဆောင်ရွက်ခဲ့ရသည်။ ထိုသို့တရားစွဲဆိုဆောင်ရွက်ခြင်းမှာ လွတ်လပ်စွာရေးသားထုတ်ဖော်ခွင့်ကို ပိတ်ပင် ဟန့်တားခြင်းမျိုးမဟုတ်ဘဲ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာခြင်းမရှိသည့်အတွက် သက်ဆိုင်ရာ ဥပဒေနှင့်အညီ မလွှဲမရှောင်သာထိန်းသိမ်းကြပ်မတ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

မြန်မာ့လူမှုအဖွဲ့အစည်းက လက်ခံနိုင်ဖွယ်မရှိသော ဟီရိသြတ္တပ္ပတရားကင်းမဲ့သည့် ရေးသားထုတ်ဝေမှုများကို ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့် စနစ်တကျကြပ်မတ်ဆောင်ရွက်နေခြင်းဖြစ်ပါသည်။ မိမိတို့အတ္တအကျိုးစီးပွားကိုသာရှေးရှုပြီး ပြည်သူတို့၏ ကိုယ်ကျင့်တရားကိုမငဲ့ကွက်ဘဲ ဆောင်ရွက်မှုများသည် ပေးအပ်ထားသော အခွင့်အရေးကို အလွဲအသုံးပြုလိုက်ခြင်းဖြစ်သည်။ အခွင့်အရေးဟူသည် တရားသဖြင့်ရသင့်ရထိုက်သော အကျိုးခံစားခွင့်ဖြစ်ပြီး လူ့အဖွဲ့အစည်းအတွင်းရှိ လူတစ်ဦးချင်းစီအား ဖွံ့ဖြိုး တိုးတက်စေမည့်အခြေခံ အကြောင်းတရားလည်းဖြစ်ပါသည်။

နိုင်ငံသားတိုင်းတွင် အခွင့်အရေးများပေးထားသကဲ့သို့ တာဝန်များကိုလည်းပေးထားပါသည်။ အခွင့်အရေးကိုရယူသုံးစွဲပါက ယင်းနှင့် အတူရှိနေသည့်တာဝန်ကိုလည်း ထမ်းဆောင်ကြရမည်ဖြစ်သည်။ ဒီမိုကရေစီစနစ်ကျင့်သုံးရာတွင် ထိုစနစ်အရ နိုင်ငံသားများအတွက် အခွင့်အရေးများ လွတ်လပ်စွာကျင့်သုံးနိုင်ရန် ပြဋ္ဌာန်းပေးထားသည်။ ထိုအခွင့်အရေးများသည် ဥပဒေနှင့်အညီ လွတ်လပ်စွာ ကျင့်သုံးကြရမည်သာဖြစ်သကဲ့သို့ သူတစ်ပါးအား ထိခိုက်နစ်နာမှုကင်းသော အခွင့်အရေးလည်းဖြစ်ရမည်။ စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ဟုခေါ်ဆိုထားသည့်အတိုင်း စည်းကမ်းရှိရှိကျင့်သုံးကြရန်ဖြစ်သည်။

ယနေ့ရေးသားနေသောစာပေများသည် နောင်တစ်ချိန်တွင် မှတ်တမ်းမှတ်ရာအဖြစ် ကျန်ရှိနေမည်ဖြစ်သည့်အတွက် စာပေရေးသား သူများ၊ ထုတ်ဝေသူများအနေဖြင့် အလေးအနက်ထားကာ ရေးသားထုတ်ဝေသင့်ကြပေသည်။ အထူးသဖြင့် ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်း လုပ်ငန်းများကို သက်ဆိုင်ရာ ဥပဒေစည်းမျဉ်းစည်းကမ်း၊ ကျင့်ဝတ်များနှင့်အညီ လုပ်ဆောင်ကြရမည်ဖြစ်သည်။ မြန်မာ့ လူ့အဖွဲ့အစည်း၏ တည်ငြိမ်အေးချမ်းမှုကို မထိခိုက်စေရန်၊ တရားဥပဒေစိုးမိုးမှုမပျက်ယွင်းစေရန်၊ လူတစ်ဦးနှင့်တစ်ဦး လူမျိုး တစ်မျိုးနှင့် တစ်မျိုး၊ ကိုးကွယ်ရာဘာသာတစ်ခုနှင့်တစ်ခုအကြား အမုန်းမပွားစေရန် ရေးသားထုတ်ဝေမှုပြုကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် စာပေရေးသားသူ၊ ပုံနှိပ်သူ၊ ထုတ်ဝေသူတို့သည် လတ်တလောငွေကြေး အမြတ်အစွန်းရရှိရေးထက် နောင်သား စဉ်မြေးဆက်အတုယူဖွယ်၊ မှတ်သားဖွယ်ဖြစ်သောစာပေများကို ရေးသားထုတ်ဝေသင့်လှသည်။ မိမိနိုင်ငံကိုချစ်မြတ်နိုးစိတ်၊ မိမိ နိုင်ငံနှင့်လူမျိုးကို ကာကွယ်လိုစိတ်၊ တိုင်းရင်းသားအချင်းချင်းဥမကွဲသိုက်မပျက် စုစုစည်းစည်း ညီညီညွတ်ညွတ် နေထိုင်လို စိတ်များ ပေါ်ပေါက်လာအောင် ရေးသားပုံနှိပ်ထုတ်ဝေသင့်ပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံ၏ လက်ရှိကာလ ပကတိအခြေအနေများနှင့် အညီ နိုင်ငံတော်ကြီးသာယာဝပြောရေးကိုရှေးရှုကာ ပြည်ထောင်စုကြီးတစ်ခုလုံး အေးချမ်းသာယာစွာနှင့် လူတိုင်းကိုယ် စိတ်ချမ်း သာစွာ နေထိုင်နိုင်ရေးကို ဦးတည်ရေးသားပုံနှိပ်ထုတ်ဝေသင့်လှသည်။ အနှစ်ချုပ်ဆိုရသော် မြန်မာ့လူ့အဖွဲ့အစည်း တစ်ရပ်လုံးကို ကောင်းကျိုးပြုမည့်စာပေများ ရေးသားပုံနှိပ်ထုတ်ဝေနိုင်ကြပါစေကြောင်း ရေးသားလိုက်ရပေသည်။   ။