ရေလိုအေး၍ ပန်းလိုမွှေးပါစေ

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ မေ ၁၃ ရက်)

လူသားတို့အတွက် မရှိမဖြစ်အရာများတွင် သောက်သုံးရေသည်လည်း တစ်ခုပါဝင်သည်။ ရေတိုင်းမှာ သောက်သုံးရန် သင့်တော်သည် မဟုတ်သည့်အတွက် ရေကိုသန့်စင်အောင် ပြုပြင်ကြရသေးသည်။ ယနေ့ကာလတွင် နည်းပညာတိုးတက်လာခြင်းနှင့်အတူ ရေကို သန့်စင်အောင်ပြုလုပ်ကာ အသုံးပြုကြသည်။ ရေသန့်စက်များပေါ်လာကာ သောက်ရေသန့်များမှာ ဈေးကွက်တွင်ကျယ်လာသည်။ ကမ္ဘာပေါ်တွင် သောက်သုံးရေ ပြည့်ပြည့်၀၀မရရှိဘဲ ရေပြတ်လပ်မှုနှင့်ကြုံတွေ့နေရသော နေရာဒေသများစွာ ရှိနေကြောင်း သိရှိရ သည်။ လူတိုင်းသည်နေ့စဉ်ရေကိုသောက်သုံးနေကြရသည်။

ကမ္ဘာတွင် လူဦးရေသန်း ၇၀၀ နီးပါးသည် ရေရှားပါးသည့်ဒေသတွင် နေထိုင်လျက်ရှိပြီး သောက်သုံးရေရရှိရေးအတွက် အချိန်ကြာ မြင့်စွာ တန်းစီစောင့်ဆိုင်းရခြင်း၊ ဝေးလံသည့်နေရာများသို့ သွားရောက်ရေသယ်ယူရခြင်း၊ မသန့်ရှင်းသောရေကို အသုံးပြုနေရခြင်း တို့ကြောင့် အချိန်နှင့်လုပ်အားတို့ ဆုံးရှုံးမှုနှင့်ကြုံတွေ့နေကြရသလို ရေကြောင့်ရရှိသော ကျန်းမာရေးထိခိုက်မှုအပြင် အခြားသော ထိခိုက်မှုများလည်း တွေ့ကြုံခံစားကြရသည်။

နိုင်ငံတိုင်းတွင် လူဦးရေတိုးတက်လာခြင်း၊ လူနေထူထပ်လာခြင်း၊ သဘာဝသစ်ပင်သစ်တောများကို ထိန်းသိမ်းနိုင်စွမ်းမရှိခြင်း၊ မြို့ပြများ တိုးချဲ့လာခြင်း၊ စက်မှုလုပ်ငန်းများ ထူထောင်ခြင်းတို့နှင့်အတူ ရာသီဥတုဖောက်ပြန်နေမှုကြောင့် ပြင်းထန်သော သဘာဝ ဘေးအန္တရာယ်များကျရောက်ကာ ရေရှားပါးရခြင်းများဖြစ်လာသည်။ အလားတူ မြို့ပြများတွင် မြေအောက်စက်ရေတွင်းများ လွန်ကဲစွာတူးယူခြင်းသည် မြေအောက်ရေကိုယုတ်လျော့စေသည်။ စက်ရုံအလုပ်ရုံများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှစွန့်ပစ်သော ရေဆိုးရေညစ်များသည် မြစ်ချောင်းများမှတစ်ဆင့် ပင်လယ်သမုဒ္ဒရာထဲသို့ စီးဝင်သွားသည်။ ထိုအခါ ရေအရင်းအမြစ်များ ညစ်ညမ်းကာ ရေသယံဇာတကို ပျက်သုဉ်းစေသည်။ ထို့ကြောင့် သန့်ရှင်းသောရေရှားပါးလာရသည်။ ထို့ပြင် ပင်လယ်သမုဒ္ဒရာရှိ ရေများမှာ ရေချိုများမဟုတ်သည့်အတွက် သောက်သုံး၍မရနိုင်ပေ။

သန့်ရှင်းသော သောက်သုံးရေဆိုသည်မှာ ရေပင်ရေရင်းသည် မိမိအိမ်ခြံဝင်းအတွင်းရှိရမည်။ လိုအပ်သောအချိန်တွင် အသုံးပြု နိုင်ရမည်။ ကျန်းမာရေးကိုထိခိုက်စေသော ဘေးဥပဒ်ဖြစ်နိုင်သည့် ဓာတုပစ္စည်းများနှင့်ပိုးမွှားများကင်းစင်ရမည်။ ကျေးလက်ဒေသ အချို့တွင် သောက်သုံးရေအဆင်ပြေစေရေးအတွက် စက်ရေတွင်းများတူးဖော်ပေးခြင်း၊ ပြည်သူလူထု အခြေပြုပိုက်လိုင်းရေပေးရေး စနစ်ထားရှိခြင်း၊ မြစ်ရေတင်ရေပေးဝေခြင်းစသည့် ရေအရင်းအမြစ်စီမံခန့်ခွဲမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။ အထူးသဖြင့် မိုးနည်း ရေရှားဒေသများ၊ ရေချိုမထွက်သော ဒေသများမှာ ရေအခက်အခဲပိုမိုကြုံတွေ့ကြရသည်။

ရေရှားပါးပြတ်လပ်မှုကို သာမန်အချိန်များထက် ယခုလိုခြောက်သွေ့သောနွေရာသီတွင် ပို၍ခံစားရလေ့ရှိသည်။ နွေရာသီ အပူချိန်မြင့် လာသည်နှင့်အမျှ ရေဆုတ်ယုတ်လာသည်။ ရေတွင်း၊ ရေကန်၊ မြစ်ချောင်းငယ်များတွင် ရေများခန်းခြောက်လာသည်။ ထိုအခါ ချောင်းရေ၊ ကန်ရေကိုအမှီပြုနေရသော ကျေးလက်နေပြည်သူများမှာ သောက်သုံးရေ ပြတ်လပ်မှု ကြုံတွေ့လာကြရသည်။ မြစ်ချောင်းနားတွင် သဲလက်ယက်တွင်းလေးများတူး၍ ထွက်လာသော ရေအနည်းငယ်မျှကို ရေခွက်ဖြင့်စောင့်ခပ်ယူကြရသည်။ ယခုအခါ မြန်မာနိုင်ငံတွင် မိုးရွာသွန်းမှုများပြားလာနေပြီဖြစ်သည့်အတွက် မိုးရွာတုန်းရေခံကြရန် ပြင်ဆင်သင့်ကြပါသည်။

မြန်မာနိုင်ငံ၏ လက်ရှိဥတုမှာ နွေဥတုဖြစ်သော်လည်း မိုးရွာသွန်းမှုများပြားခြင်းကြောင့် အပူချိန်လျော့နည်းလျက်ရှိသည်။ တပေါင်း လပြည့်ကျော် ၁ ရက်မှ ဝါဆိုလပြည့်နေ့အထိသည် နွေဥတုဖြစ်သည်။ မေလ ၈ ရက်နေ့က ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း တွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း အာစန်နီသည် မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျားခြင်းမရှိသည့်အတွက် အပျက်အစီး အဆုံးအရှုံးမရှိသည့်အပြင် မုန်တိုင်းအရှိန်ကြောင့် မိုးများစွာရွာသွန်းစေသဖြင့် နွေရာသီတွင် ရေရှားပါးမှုဒဏ်ခံနေရသော ဒေသများ အတွက် များစွာအဆင်ပြေစေပါသည်။

အနောက်တောင်မုတ်သုံလေသည် မေ ၈ ရက်မှ ၁၃ ရက်အတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ စတင်ဝင်ရောက်မည် ဖြစ်ကြောင်း သိရှိရသည်။ မုတ်သုံဝင်လာခြင်းသည် တောင်သူလယ်သမားဦးကြီးများနှင့်ယာစိုက်တောင်သူများအတွက် ဝမ်းသာဖွယ် ဖြစ်ပါသည်။ တိုင်းပြည်စားရေရိက္ခာ ပေါများရေးသည် နိုင်ငံတော်အစိုးရ၏ အမျိုးသားရေး ရည်မှန်းချက်တစ်ခုဖြစ်ပေရာ မိုးရွာသွန်းမှု နှင့်ကြုံကြိုက်သောကာလတွင် မိမိတို့ လုပ်ငန်းခွင်၌ အပြည့်အဝ အသုံးပြုရမည်ဖြစ်သည်။ ထို့ပြင် ရေရှားမှုကြုံတွေ့လေ့ရှိသော ဒေသများရှိ ပြည်သူများအနေဖြင့် ရရှိလာသောရေကို စုဆောင်းသိုလှောင်ထားကြရမည်ဖြစ်သည်။ ရေလိုအေး၍ ပန်းလိုမွှေးပါစေဆို သည့်အတိုင်း အေးမြသောရေကို အကျိုးရှိအောင်အသုံးပြုကာ လုပ်ငန်းများတိုးတက်ကြီးပွားအဆင်ပြေအောင် လုပ်ဆောင်ကြရမည် သာဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။