ဇက်ကြောတက်ရောဂါအကြောင်းသိကောင်းစရာ

ဇက်ကြောတက်ရောဂါအကြောင်းသိကောင်းစရာ

အကြောတက်ရောဂါအမျိုးမျိုးတွင် ဇက်ကြောတက်ခြင်း၊ နောက်ကြောတက်ခြင်း၊ ခြေသလုံးနှင့် ပေါင်ကြောများတက်ခြင်း၊ ကြွက်တက်ခြင်း စသည်ဖြင့် အမျိုးပေါင်းများစွာရှိသည်။

ဤအကြောတက်ခြင်း အမျိုးမျိုးသည် လူ၏ခန္ဓာဗေဒအရ တည်ဆောက်ထားသော အရိုးများလှုပ်ရှားမှုကို တွယ်ဆက်ထောက်ကန် ပေးထားသော ကြွက်ကြော အာရုံကြော ဆိုင်းကြော၊ ခုကြော(အရွတ် ကြော)၊ အမြှေး၊ အရွတ်ခုတုံးများတွင်  ရောင်ခြင်း၊ ပါးခြင်း၊ ပွန်းစားခြင်း၊ တင်းခြင်း၊ လျော့ခြင်း၊ အားနည်းခြင်း စသည့်အကြောင်း အမျိုးမျိုးကြောင့် ဖြစ်ရလေသည်။

ဇက်ကြောတက်ရောဂါ

ဇက်ကြောတက်ခြင်းအကြောင်းကို ဦးစွာရှင်းပြလိုပါသည်။ ရုံးထိုင်များသူ၊ စာရေးစာဖတ်များသူ၊ ခေါင်းငုံ့ပြီး အလုပ်လုပ်ရသူ၊ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ ကွန်ပျူတာ၊ တီဗွီအကြည့်များသူ၊ အထိုင်များသူ အားလုံးပင် ဇက်ကြောတက်သည်ဟု ညည်းတွားလေ့ရှိသည်။

မျက်စိအာရုံစိုက်ရသူများ၊ ဆူညံသံများကြားတွင် နေထိုင်ရသူ၊ အလုပ်လုပ်ရသူများလည်း ဇက်ကြောတက်တတ်သလို အစာမကြေသူ၊ ဝမ်းချုပ်သူ၊ လိပ်ခေါင်းရောဂါရှိသူများလည်း ဇက်ကြောတက် ဝေဒနာခံစားကြရသည်။

ထူးထူးခြားခြားကလေး ၇ နှစ်အရွယ်၊ ၁၀ နှစ် အရွယ်ကလေးများတွင်လည်း ဇက်ကြောတက်ဝေဒနာခံစားရကြောင်း တွေ့ရသည်။  ထိုကလေးများမှာ ယခုခေတ်ပေါ် ဂိမ်းကစားစက်များ၊ တီဗွီနှင့်တွဲဆက်ပြီး ကစားကြသူများဖြစ်ကြောင်းတွေ့ရသည်။ ပြေးလွှား ဆော့ကစားရမည့်အရွယ်တွင် တီဗွီဂိမ်း၊ ကွန်ပျူတာဂိမ်းများကြောင့် ကလေးများမှာ မျက်စိအာရုံကြော၊ နားအာရုံကြောများ ထိခိုက်ရုံသာမက ဇက်ကြောတက်ဝေဒနာပါ အရွယ်မတိုင်မီ ခံစားကြရခြင်းဖြစ်သည်။ ထိုကလေးများမှာ မှတ်ဉာဏ်များပါ  ကျဆင်း သွားတတ်သည်။

ပြင်ပအာရုံများကြောင့် ဇက်ကြောတက်ခြင်း

ဆူညံစွာ ဆောင်းဘောက်ကြီးများ ဖွင့်ထားသော ရုပ်ရှင်ရုံအတွင်း ဈေးရောင်းသူများနှင့်ရုပ်ရှင်ရုံဝန်ထမ်းများမှာလည်း ဇက်ကြော တက်ရောဂါရနေကြောင်း တွေ့ရသည်။ ဝေါ့ခ်မင်းခေါ်နားကြပ်၊ ကက်ဆက်ကို အမြဲနားထောင်လေ့ရှိသူ ကျောင်းသား ငယ်လေးများ မှာလည်း ဇက်ကြောတက်ဝေဒနာနှင့် နားအကြားအာရုံဝေဒနာများပါ ဖြစ်ပေါ်ခံစားရကြောင်းတွေ့ရသည်။ ဆူညံမှုကို အမြဲခံစား ရသူများသည် အကြောတက်ဝေဒနာအမျိုးမျိုး ခံစားလေ့ရှိသည်။

ပူပြင်းသောနေရောင်အောက်တွင် အလုပ်လုပ်ရသူများ၊ စူးရှသော အလင်းပြန်သောအရာကို ကြည့်သူများ၊ မီးဆလိုက်အလင်း အောက်တွင် အလုပ်လုပ်ရသူများလည်း   ဇက်ကြောတက်ဝေဒနာခံစားကြရတတ်သည်။

အော်ဟစ်ပြောဆိုရသူများ၊ သင်တန်းသား၊ စာသင်သားများကို မကြားရမည်ဆိုး၍ အော်ဟစ်ပြောဆို သင်ကြားပေးရသော ဆရာ၊ ဆရာမများ သင်တန်းဆရာများမှာလည်း အသံပျက်ရောဂါနှင့်နောက်ကြောတက်ရောဂါများ ခံစားရလေ့ရှိသည်။

နောက်ကြောတက်ရောဂါခံစားရခြင်း၏အကြောင်း

ရင်းများမှာ များလွန်းသဖြင့် ဝေဒနာခံစားရသူလည်း အများဆုံးဖြစ်သည်။ဓာတ်ဆီ၊ ဒီဇယ်ဆီရောင်းချသူတစ်ဦးမှာ ခေါင်းကိုက်ခြင်းနှင့် ဇက်ကြောတက်ဝေဒနာကို ပြင်းထန်စွာခံစားရကြောင်းပြောပြဖူးသည်။ သူသည် အမြတ်အစွန်းကလည်း ရနေသဖြင့် ဤအလုပ်ကို လည်း မစွန့်လွှတ်နိုင်သဖြင့် ဝေဒနာကို ဆက်လက်ခံစားနေရဦးမည် ဖြစ်ကြောင်းပြောသည်။ ဓာတုဗေဒအနံ့ဆိုးများကြောင့်လည်း ဇက်ကြောတက်ဝေဒနာဖြစ်နိုင်သည်။

အစားအသောက်ကြောင့် ဇက်ကြောတက်ခြင်းအစားအသောက်ကြောင့် ဇက်ကြောတက်တတ်သည်။ တညင်းသီး အလွန်ကြိုက်သူ တစ်ဦးမှာ ဇက်ကြောတက်ဝေဒနာခံစားရကြောင်း တွေ့ရသည်။ ထို့အတူ မြေအောင်းသား ပုရစ်ကြိုက်သူ၊ ငါးသလောက် ကြိုက်သူ၊ မျှစ်ချဉ်ကြိုက်သူ၊ ဆူးပုပ်ရွက်၊ အုန်းနို့၊ အုန်းထမင်းကြိုက်သူ၊ ငါးချဉ်ကြိုက်သူ၊ ပုစွန်ချဉ်ကြိုက် သူများမှာလည်း ဇက်ကြော တက်ကြောင်း တွေ့ရလေသည်။ ထိုကဲ့သို့ တက်စာကြိုက်သူတစ်ဦးက “အကြော တက်ခံမယ်၊ အငတ်တော့မခံဘူး၊ မသေခင်ကြိုက်တာလေးတော့ အဝစားသွားရမယ်” ဟု ပြောဖူးသည်။ တက်စာထဲအဆိုးဆုံးမှာ တညင်းသီးဟု ထင်သည်။ ကျောက်ကပ်ကို ပျက်စီးစေသည်။ ဆီးလမ်းကြောင်းတွင် ပိတ်ဆို့ပြီး ဆေးရုံရောက်ရသူများလည်းရှိသည်။ တညင်းသီးအစားများပြီး လေဖြတ်သူနှစ်ဦး တွေ့ဖူးသည်။ ကျောက်ကပ်ပိတ်ဆို့ရာမှ သွေးတိုးမြင့်တက်ပြီး လေဖြတ်ခြင်းဖြစ်သည်။

ကောက်ညှင်းကြိုက်သူများမှာ ဆန်စေးကြိုက်သူများနှင့် ထမင်းအမာချက်စားသူ၊ ဆန်ကြမ်းကို အေးမှစားသူ၊ ထမင်းကြမ်း၊ ထမင်းခြောက်၊ ထမင်းချိုးကြော်စားကြသူများမှာ အစားကြေခဲသဖြင့် နောက်ကြောတက်၊ ဇက်ကြောထိုးခြင်း ဖြစ်လာတတ်သည်။ အစာအိမ်တွင်လေပွပြီး လေကြောင့် ဇက်ကြောတက်ခြင်းဖြစ်သည်။ အထက်ပါ အစာများကြိုက်၍ စားချင်လျှင် လေကြေ လေနိုင်သော  နှမ်းဆီဆမ်းစားခြင်း၊ နှမ်းထောင်းဖြူးစားခြင်းများဖြင့်   ကာကွယ်နိုင်သည်။

အစာမကြေ၊ လေချဉ်တက်သူများလည်း  ဇက်ကြောတက်နိုင်သည်။ လေချဉ်သည် အစာအိမ်ရှိ အစာခြေရည်မှ အငွေ့ပြန်တက် လာသော ဂက်တစ်မျိုးဖြစ်သည်။ အစာအိမ်ရောင်လျှင် အချဉ်အန်တတ်သည်။ အစာအိမ်ကြောင့် နောက်ကြောလက်ပြင်နှစ်ခုကြားနှင့် ဇက်ကြောတက်လျှင်  အလွန်ခံရခက်စေသည်။ ဆန်ပြုတ်သောက်ပြီး မာသောအစာ၊ အချဉ်အစပ်များကို လုံးဝရှောင်ကြဉ်လိုက်လျှင် သက်သာပျောက်ကင်းနိုင်ပါသည်။

ဝမ်းချုပ်ခြင်းကြောင့် ဇက်ကြောတက်ခြင်း

အစာမကြေခြင်း၏ နောက်ဆက်တွဲရလဒ်မှာ ဝမ်းချုပ်ခြင်းဖြစ်သည်။ ဝမ်းချုပ်ခြင်း၏ နောက်ဆက်တွဲ ရလဒ်မှာ လိပ်ခေါင်းရောဂါ ဖြစ်ခြင်းဖြစ်သည်။ လိပ်ခေါင်းရောဂါရှိသူများမှာ ဝမ်းကောင်းကောင်း မသွားလျှင် မနေနိုင်အောင် ဇက်ကြောတက်လေ့ရှိသည်။ ဝမ်းမှန်လေသက်မှ ဇက်ကြောထိုး သက်သာသွားလေ့ရှိသည်။

လိပ်ခေါင်းရောဂါ အဆင့်သုံးဆင့်ရှိသည်။ ပထမအဆင့်မှာ အတွင်းလိပ်ခေါင်းဖြစ်သည်။ ပြင်ပသို့ မထွက်သဖြင့် မသိသော်လည်း ဇက်ကြောတက်လာသည်။ ဝမ်းချုပ်သည့်နေ့တွင် ပိုတက်သည်။ ဝမ်းနုတ် လိုက်လျှင် ဇက်ကြောတက်သက်သာသဖြင့် ဝမ်းနုတ် ဆေးကို စားသည့်အကျင့်ဖြစ်လာသည်။ ထိုအကျင့်သည် မကောင်း။ အူမကြီးကို ဝမ်းနုတ်ဆေးက ဒုက္ခပေးလျှင် ကင်ဆာဖြစ်နိုင် သည်။

ဒုတိယအဆင့်တွင် လိပ်ခေါင်းသည် အပြင်သို့ ထွက်လာသည်။ ဝမ်းသွားရန်အားထုတ်ပြီး ညှစ်လျှင် လိပ်ခေါင်းအပြင်ထွက်လာသည်။  ဝမ်းတွင်မာသော အစာပါလျှင်၊ ပူစပ်သောအစာစားလျှင် သွေးကျတတ်သည်။ ဝမ်းသွားပြီးလျှင် ရေသုံးပြီး ပြန်သွင်းနိုင်လျှင် လိပ်ခေါင်းမှာ အတွင်းသို့ပြန်ဝင်သွားပြန်သည်။ စအိုဝတွင် ပူခြင်း၊ ရောင်ခြင်း၊ ယားခြင်းတို့ဖြစ်လေ့ရှိသည်။ နောက်ကြော၊ ဇက်ကြော ထိုးခြင်း၊ တင်ပဆုံနှင့် ခါးတွင် ညောင်းကိုက်ခြင်းများပါ ဖြစ်လေ့ရှိသည်။ အပူ၊ အစပ်၊ အမာ၊ အစာများကို လုံးဝရှောင်ရမည့် အဆင့်ဖြစ်လေသည်။

လိပ်ခေါင်းတတိယအဆင့်မှာ အပြင်သို့ ထွက်နေသော လိပ်ခေါင်းကို ပြန်သွင်းမရသော အဆင့်ဖြစ်သည်။ ပထမအဆင့်   ဒုတိယ အဆင့်ထက်ပို၍ ဇက်ကြောတက်သည်။ ခြေနှစ်ဖက်လုံးညောင်းကိုက်ပြီး အနင်း၊ အနှိပ်ခံနေမှသက်သာသည်။ ဝမ်းသွားရခက်ပြီး နုတ်မှသွားသော အဆင့်ဖြစ်သည်။ အစားမှား တိုင်း သွေးယိုပြီးကြာလျှင် သွေးအားနည်းရောဂါပါ ဝင်လာတတ်သဖြင့် ဆေးရုံတက် ကုသရမည့်အဆင့်ဖြစ်သည်။ စနစ်မကျသော စားဆေးတင် ကုသသောစနစ်၊ မသန့်ရှင်းသော ရိုးရာကုထုံးများဖြင့် ကုသခြင်းသည် မမှန်ကန်ပါ၊ အန္တရာယ်မကင်းပါ။

ဇက်ကျီးပေါင်းတက်ရောဂါ

အထိုင်များပြီး ခေါင်းကိုငုံ့၍ စာကြည့်များသူ စာရေးသူ၊ အလုပ်ကို ခေါင်းငုံ့၍ လုပ်ရသူများတွင် နှစ်ကြာလာသောအခါ ဇက်ကျီး ပေါင်းတက်ရောဂါခေါ် လည်ပင်းရိုးဆစ် ကျီးပေါင်းတက်ရောဂါ ဖြစ်လာတတ်သည်။ ရောဂါလက္ခဏာမှာ ဇက်ကြောတက်ခြင်း၊ ခေါင်းငုံ့လျှင်၊ မော့လျှင် ရုတ်တရက် ချာချာလည်အောင်မူးခြင်း၊ မိုက်ခနဲဖြစ်ခြင်းများဖြစ်လေ့ရှိသည်။ တစ်ခါတစ်ရံ အချိန်ကြာမြင့်စွာ မူးဝေနေသဖြင့် နှလုံးရောဂါနှင့်မှားယွင်းတတ်သည်။  အိပ်သည့်အချိန်တွင် ခေါင်းအုံးအမာနှင့် အိပ်ခြင်း၊ ခေါင်းအုံးနှစ်လုံးဆင့်အိပ်ခြင်း၊  တန်းလျားခုံတန်းများတွင်  ဇက်တင်၍ အိပ်သူများတွင်လည်း ဇက်ကျီးပေါင်းတက်ရောဂါဖြစ်နိုင်သည်။    

ဇက်ကြောတက်သည် အကြောတက်သည်ဆိုသော စကားများမှာ လွယ်လွယ်နှင့်ပျောက်နိုင်သော ရောဂါအသေးအဖွဲမဟုတ်ကြောင်း သိစေလိုသည်။ အပြင်သဘောမှာ လွယ်သော်လည်း အတွင်းသဘောမှာ မလွယ်သော အရာများစွာရှိသည်။ မူလဘူတ အကြောင်း ရင်းကို သိမှသာလျှင် ကုသပျောက်ကင်းနိုင်မည်ဖြစ်သည်။ အနာသိမှ ဆေးရှိမည်။ အကျိုးကို မကုဘဲအကြောင်းကို ကုမှသာ ပျောက်ကင်းနိုင်မည် ဖြစ်သဖြင့် ပေါ့ပေါ့ဆဆနေသင့်သော အရာမဟုတ်ကြောင်း ရေးသားလိုက်ရပါသည်။

ဇက်ကြောတက်ရောဂါအတွက် အလွယ်တကူ သက်သာစေနိုင်သော ဆေးနည်းတိုများမှာ-

၁။ ကွမ်းရွက်ကို မီးကင်ပြီး ဇက်ကြောတွင်ကပ်ပေးပါ။

၂။ အာလူးကို ပါးပါးလှီးပြီး ဇက်ကြောတက်သည့် နေရာတွင် ကပ်ပေးပါ။

၃။ ဇက်ခိုင်တောင့်တင်းလျှင် ဆားကို ရေနွေးဖြင့် ဖျော်ပြီး မျက်နှာသုတ်ပဝါတွင် စိမ်၍ညှစ်ပြီး ဇက်ပေါ်တွင် တင်ပေးလျှင် ချက်ချင်း သက်သာစေသည်။

၄။ ဇက်လှည့်မရ အုံးလွဲလျှင် မုန်ညင်းဆီကို မီးနွှေးပြီး ဇက်နှင့် လက်ပြင်တွင် စိမ့်ဝင်အောင်လိမ်းပေးပါ။ ဆားကိုအဝတ်ဖြင့်ထုပ် အပူပေးပြီး ကြပ်ထုပ်ထိုးပေးပါ။

၅။ ဇက်ကြောတင်းလျှင်  ဗာဒံရွက်ကို  မီးကင်ပြီး ဇက်တက်သည့်နေရာတွင် ကပ်ထားပေးပါ။

၆။ မိဿလင်အခြောက်မှုန့်ကို အဝတ်ဖြင့်ထုပ်ပြီး ကြပ်ထုပ်ပြုလုပ်၍ ဇက်ကြောတင်းသည့်နေရာတွင် ဆီတစ်မျိုးမျိုးကိုလိမ်းပြီး ကြပ်ထုပ်ထိုးပေးပါက အပူခဲ၍ တက်သော ဇက်ကြောတက်ဝေဒနာသက်သာစေနိုင်သည်။

၇။ ဇက်ခိုင်တောင့်တင်းရောဂါဖြစ်လျှင် ပရုတ်ဆီ၊ လေးညှင်းဆီ၊ မင်သော်ဆီတို့ကို  အပူပေးပြီး ပျားဖယောင်းနှင့်  ရောစပ်ကျိုချက် ကာ ပရုတ်ဆီပြုလုပ်၍  ဇက်တွင်လိမ်းပေးပါက  သက်သာစေနိုင်သည်။   ။

 

 

ကြည်လွင်မြင့်(မုဒြာ)