အမေရိကန်ရှိဆီဆိုင်များ၌ ဓာတ်ဆီဈေးနှုန်းက သမိုင်းတစ်လျှောက် အမြင့်ဆုံးသို့ရောက်ရှိလာ

ဝါရှင်တန်၊ ဓာတ်ဆီဈေးနှုန်း

အမေရိကန်နိုင်ငံရှိ စက်သုံးဆီအရောင်းဆိုင်များ၌ ရောင်းချနေရသော ဓာတ်ဆီဈေးနှုန်းသည် သမိုင်းတစ်လျှောက် အမြင့်ဆုံးသို့ ရောက်ရှိလာကြောင်း သိရသည်။

နိုင်ငံအတွင်းရှိ ပျမ်းမျှဓာတ်ဆီဈေးနှုန်းမှာ ၃ ဒသမ ၇၈၅ လီတာဝင် တစ်ဂါလန်လျှင် ၄ ဒသမ ၄၃၂ ဒေါ်လာ (မြန်မာငွေ ၈၁၉၉ ကျပ်ဝန်းကျင်) အထိမြင့်တက်လာခြင်းဖြစ်သည်။

အမေရိကန် မော်တော်ကားအသင်းချုပ်က နိုင်ငံတစ်ဝန်းရှိ စက်သုံးဆီအရောင်းဆိုင်ပေါင်း ၆၀၀၀၀ ကျော်ရှိ ဈေးနှုန်း များကို စစ်တမ်းကောက်ယူကာ ယခုကဲ့သို့ထုတ်ပြန်ခြင်းဖြစ်သည်။

နိုင်ငံတစ်ဝန်းရှိစက်သုံးဆီ အရောင်းဆိုင်များအနက် ဓာတ်ဆီဈေးနှုန်းအမြင့်ဆုံးဖြင့် ရောင်းချနေရသောဒေသမှာ ကယ်လီဖိုးနီးယား ပြည်နယ်ဖြစ်ပြီး တစ်ဂါလန်လျှင် ၅ ဒသမ ၈၇၂ ဒေါ်လာ (မြန်မာငွေ ၁၀၈၆၃ ကျပ်ဝန်းကျင်) အထိ ပေါက်ဈေးရှိနေသည်။

အမေရိကန်နိုင်ငံအတွင်းရှိ ဓာတ်ဆီဈေးနှုန်းများမှာ ယခုသီတင်းပတ်အတွင်း ကျဆင်းခြင်းအလျဉ်းမရှိဘဲ တဖြည်းဖြည်း မြင့်တက် လာခြင်းဖြစ်သည်။

ထို့ပြင် အမေရိကန်အစိုးရအနေဖြင့် ကမ္ဘာ့စက်သုံးဆီ ဈေးမြင့်တက်မှု၏ သက်ရောက်မှုကို ကောင်းစွာမထိန်းချုပ်နိုင်ခြင်းကြောင့် ယခုကဲ့သို့ ဓာတ်ဆီဈေးနှုန်းများ မြင့်တက်လာခြင်းလည်းဖြစ်ကြောင်း သိရသည်။

Ref: RT