ဆေးဖက်ဝင်မျှစ်အကြောင်း သိကောင်းစရာအဖြာဖြာ

ဝါးမျိုးနွယ်ဝင် မျှစ်ကို အင်္ဂလိပ်လို Bamboo Shoots (Bamboo Sprouts) ဟုခေါ်ပြီး ရုက္ခဗေဒအရ Bambusa vulgaris, Phyllostachys edulis ဟုခေါ်ပါသည်။ ရက်သတ္တနှစ်ပတ်သား မတိုင်ခင် ဝါးပင်ပေါက်အရွယ်မှာ ချိုးယူ၍ မျှစ်အဖြစ် စားသောက် နိုင်သည်။ မျှစ်ကို ချက်ချင်းလက်ငင်းချိုးယူ စားသုံးနိုင်သကဲ့သို့ တာရှည်ခံအောင်ထား၍လည်း စားသုံးနိုင်သည်။ ဝါးပင်ပေါက်ကို မျှစ်စားစရာအဖြစ် အသုံးဝင်ရုံမျှမက ဝါးပင် နှစ်နှစ်သားခန့်တွင် နှီးဖျာ အဖြစ်ယက်လုပ်နိုင်ပြီး ငါးနှစ်သားခန့်တွင် အထပ်သား၊ ထရံ၊ ကုလားထိုင်၊ အိမ်အမိုးအကာနှင့် ဝါးတိုင် စသည်ဖြင့် လူ့အသုံးအဆောင်ပစ္စည်းများအတွက် အသုံးဝင်လှသည်။ 

မျှစ်နှင့်မြန်မာ့ဆေးကျမ်း။

(က)     ဒဗ္ဗဂုဏပကာသနီ ဆေးကျမ်းတွင် မျှစ်နုသည် ဖန်သောအရသာ၊ ချိုသောအရသာရှိ၏။ ပူ၏။ သလိပ်ကိုနိုင်၏ ဟုဆိုထား ပါသည်။

(ခ)       ဘာဝပ္ပကာသကျမ်းတွင် မျှစ်သည် ချို၏။ ပူ၏။ ဖန်၏။ လေသလိပ်ကို ပျက်စေတတ်၏ ဟုဆိုထားပါသည်။

(ဂ)       သုဿုတကျမ်းတွင် မျှစ်သည် ချို၏။ ဖန်၏။ ဝမ်းမီးချက်ပြီးနောက် ပျက်စေတတ်၏ ဟုဆိုထားပါသည်။

မျှစ်နှင့်ကျန်းမာရေး။

လတ်လတ်ဆတ်ဆတ် ၁၀၀ ဂရမ် အလေးချိန်ရှိသော ဝါးပင်ပေါက် မျှစ်စို့တွင် ၁၂ ကယ်လိုရီပါရှိပြီး ပရိုတင်း၊ ရေဓာတ်၊ ကြေညက် လွယ်သော အမျှင်ဓာတ်၊ အိုမီဂါ ၃ ဖက်တီးအက်စစ်၊ အိုမီဂါ ၆ ဖက်တီးအက်စစ်တို့အပြင် ဗီတာမင်ဓာတ်များ ဖြစ်ကြသော သီအာမင်၊ ရီဘို ဖလာဗင်၊ နီအာစင်၊ ဗီတာမင်ဘီ ၆၊ ဖောလိပ်၊ ပန်တိုသင်းနစ် အက်စစ်တို့ပါရှိကြသည်။ ထို့ပြင် သတ္တုဓာတ်များဖြစ်ကြသော ကယ်လ်စီယမ်၊ သံဓာတ်၊ မဂ္ဂနီစီယမ်၊ မီးစုန်း၊ ပိုတက်စီယမ်၊ ဇင့်၊ ကော့ပါး၊ မဂ္ဂနီးစ်၊ စီလီနီယမ်တို့လည်း အသီးသီးပါရှိကြသည်။

  • ဝါရှင်တန်ပြည်နယ်တက္ကသိုလ်မှ လေ့လာမှုတစ်ခု အရ အမျှင်ဓာတ်ကြွယ်ဝသောမျှစ်ကို ပုံမှန်စားသုံး ပေးခြင်းဖြင့် သွေးထဲရှိ မကောင်းသော LDL ကိုလက်စထရောအဆီကို သိသိသာသာလျော့ကျ စေနိုင်ကြောင်း သိရသည်။
  • Phytonutrients ကြွယ်ဝသော မျှစ်က နှလုံး၏ စွမ်းဆောင်ချက်ကို ကောင်းမွန်အောင် ထိန်းသိမ်းပေးခြင်း၊ LDL ကိုလက်စထရော လျှော့ချပေးနိုင်ခြင်း၊ မျှစ်တွင်ပါရှိသော ပိုတက်စီယမ်ဓာတ်က နှလုံးကိုပုံမှန်အလုပ်လုပ်စေခြင်း စသည့် အကျိုးဆက်များကြောင့် မျှစ်ကို စားသုံးခြင်းဖြင့် နှလုံးရောဂါဖြစ်ခြင်းမှ ကြိုတင်ကာကွယ်ပေးနိုင်ပါသည်။
  • မျှစ်သည် ကယ်လိုရီနှင့် အဆီပါဝင်မှုနည်းပြီး အမျှင်ဓာတ်ပေါကြွယ်ဝသဖြင့် ကိုယ်အလေးချိန်ကျလိုသူများက မျှစ်ကိုစားသုံး ပေးသင့်သည်။ ထို့ပြင် အမျှင်ဓာတ်များသော မျှစ်ကိုစားခြင်းဖြင့် အစာအိမ်ကိုပြည့်တင်းစေကာ နောက်ထပ် အစာ စားချင် စိတ်ကို ချိုးနှိမ်ပေးသောကြောင့် ကိုယ်အလေးချိန်မတက်စေရန် တစ်ဖက်တစ်လမ်းမှ ကာကွယ်ရာရောက်ပါသည်။
  • မျှစ်ထဲတွင်ပါရှိသော သဘာ၀ Phytonutrients များက အစွမ်းထက်မြက်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ် စွမ်းဆောင် ပေးသကဲ့သို့ DNA ပျက်စီးစေတတ်သော ခန္ဓာကိုယ်ကို  ဆိုးကျိုးပေးသည့် ဖရီးရယ်ဒီကယ်လ်များကိုလည်း တိုက်ထုတ်ပေး နိုင်သဖြင့် ကင်ဆာရောဂါများ မဖြစ်စေရေးအတွက် မျှစ်ကို စားပေးသင့်သည်။ ထို့ပြင် မျှစ်ထဲတွင်ပါရှိသော chlorophyll က  ကင်ဆာဆဲလ်များဖြစ်မလာအောင် ကာကွယ်ပေးသည်။
  • မျှစ်ထဲတွင် anti-inflamatory ဂုဏ်သတ္တိများ ပါရှိနေကြသည်။ ၎င်းဂုဏ်သတ္တိများက ဗက်တီးရီးယားနှင့် ကူးစက်ရောဂါ ပိုးအန္တရာယ်ကြောင့် ဖြစ်တတ်သော ခန္ဓာကိုယ်၏ ကိုယ်တွင်းကိုယ်ပ ရောင်ရမ်းနာများကို လျှော့ချပေးနိုင် စွမ်းရှိသည်။
  • အမျှင်ဓာတ်ပေါကြွယ်ဝသော မျှစ်ကိုစားပေးခြင်းဖြင့် အစာကြေညက်စေကာ အူထဲရှိ ကောင်းကျိုးပြုသော ဗက်တီးရီးယား တို့ကို ကြီးထွားစေသည်။ ထို့ပြင် အူသိမ်အူမတို့၏ လုပ်ငန်းဆောင်တာကို ချောမွေ့စေကာ ဝမ်း(မစင်)ကို သက်သက်သာသာ ထွက်စေနိုင်၍ ဝမ်းချုပ်တတ်သူများအနေဖြင့် မျှစ်ကို မကြာခဏ စားပေးသင့်ပါသည်။
  • မျှစ်သည် ဗီတာမင်၊ သတ္တုဓာတ်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ မြင့်မားစွာပါရှိနေသဖြင့် ကိုယ်ခံစွမ်းအားကို တိုးတက် မြင့်မားစေပါသည်။
  • ရင်ကျပ်ချောင်းဆိုးခြင်းနှင့် အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်းအတွက် မျှစ်ကိုပြုတ်၍ ရလာသော အရည်ကို ပျားရည် စစ်စစ်ဖြင့် သောက်ပေးနိုင်သည်။
  • ဆီးလမ်းကြောင်း ပိုးဝင်ခြင်းအတွက်ကိုလည်း မျှစ်စားပေးပါ။ မျှစ်ပြုတ်ရည်သောက်ပါ။
  • မျှစ်က သွေးတိုးကျစေသည်။ ထို့ပြင် မျှစ်ထဲမှာ ပိုတက်စီယမ်မြင့်မားစွာပါရှိနေ၍ ခန္ဓာကိုယ်ထဲရှိ အရည်ဓာတ်များကို ထိန်းညှိပေးသောကြောင့် သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပေးနိုင်သည်။
  • မျှစ်က ခန္ဓာကိုယ်အရေပြား၏ ဆဲလ်အသစ်များကို ထုတ်လုပ်ခြင်းကို အားပေးသောကြောင့် အသားအရေ ကောင်းလိုသူများ မျှစ်စားပေးပါ။
  • ဝါးစို့ကို ပြုတ်သောက်ပါက သွေးကိုသန့်စင်စေပါသည်။
  • အမျိုးသမီးများ ဝါးရွက်ပြုတ်ရည် သောက်ပေးခြင်းဖြင့် ပုံမှန်သွေးဆင်းစေပါသည်။
  • တရုတ်နိုင်ငံတွင် ရိုးရာကုထုံးဓာတ်စာအဖြစ် ကိုယ်ဝန်ဆောင်များ ချောချောမွေ့မွေ့ မီးဖွားစေနိုင်ရန်အတွက် ကိုယ်ဝန် ဆောင်ချိန်၏ နောက်ဆုံးလတွင် မျှစ်ကို စားသုံးစေသည်။ ကလေးမွေးရန် ရက်လွန်နေသူများလည်း မျှစ်စားပေးသင့်သည်။
  • မျှစ်က သွေးကြောနံရံများထဲရှိ ကိုလက်စထရော ဖြစ်တည်မှုကို ကာကွယ်ပေးပြီး မကောင်းသော LDL ကိုလက်စထရော များကို လျှော့ချပေးနိုင်သောကြောင့် နှလုံးကို ကျန်းမာစေပါသည်။
  • မျှစ်ထဲတွင် မြင့်မားစွာပါရှိသော အမျှင်ဓာတ်များက အစာစားပြီးနောက် သွေးထဲရှိ သကြားဓာတ်ကို ပုံမှန်ဖြစ်စေသည်။ ထို့ကြောင့် ဆီးချိုရောဂါသည်များအတွက် မျှစ်က လွန်စွာကောင်းကျိုးပြုသည်။
  • မျှစ်သည် Ayurvedic ဆေးစွမ်းသတ္တိပါရှိပြီး ၎င်းအစွမ်းက တိရစ္ဆာန်များ၏ အဆိပ်အတောက်ကို ပြေစေပါသည်။ အိန္ဒိယ နိုင်ငံတွင် အဆိပ်ရှိ မြွေနှင့် ကင်းမြီးကောက် အဆိပ်ဖြေဆေးအတွက် မျှစ်ကို ရိုးရာကုထုံးအဖြစ် အသုံးပြုကြသည်။
  • မျှစ်ထဲတွင်ပါရှိသော မဂ္ဂနီးစ်ဓာတ်က ခန္ဓာကိုယ်ဇီဝဖြစ်စဉ် ပုံမှန်လုပ်ဆောင်မှုအတွက် အင်ဇိုင်းအဖြစ် အကျိုးသက်ရောက် မှုကို ဖြစ်စေသည်။
  • မျှစ်ထဲတွင် ကယ်လ်စီယမ်ဓာတ်အများအပြား မပါရှိသော်လည်း မျှစ်စားပေးခြင်းဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်သော ကယ်လ်စီယမ်ဓာတ်ကို လုံလုံလောက်လောက် အထောက်အပံ့ဖြစ်စေသဖြင့် အရိုးများကို သန်မာစေသည်။
  • သံဓာတ်ပါရှိသော မျှစ်ကိုစားပေးခြင်းဖြင့် သွေးအားနည်းရောဂါဖြစ်ခြင်းမှ ကာကွယ်နိုင်သည်။
  • ဝါးရွက်တွင် methanol ဓာတ်မြင့်မားစွာပါရှိနေပြီး ဝါးရွက်ပြုတ်ရည်ကို သောက်ပေးခြင်းဖြင့် ဝမ်းဗိုက်အတွင်းရှိ သန်ကောင် များကို သေစေနိုင်သည်။
  • ဝါးမင်း ဟုခေါ်သော ဝါးပင်ကို သွေးလိမ်းပေးပါက ကျီးပေါင်းရောဂါကို သက်သာစေသည်။
  • ဂျပန်နိုင်ငံတွင် နည်းပညာများကိုအသုံးပြုကာ အော်ဂဲနစ် ဝါးမီးသွေးထုတ်လုပ်၍ ၎င်းဝါးမီးသွေးဆေးတောင့်သည် အစာ အဆိပ်သင့်ရောဂါ၊ မှိုအဆိပ်သင့်ရောဂါ၊ ဝမ်းဖောဝမ်းရောင်ရောဂါနှင့် အရက်ကြောင့်ဖြစ်သောရောဂါများကို သက်သာ ပျောက်ကင်းစေသည်။ ထို့ပြင် ၎င်းဆေးတောင့်ကို ကြိုတင်သောက်သုံးခြင်းဖြင့် ကင်ဆာရောဂါနှင့် အသည်းရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်သည်။

မှတ်ချက်။

(က)     ဟင်းအရသာကောင်းစေရန်နှင့် အရသာပူစပ်ခြင်းမဖြစ်စေဖို့အတွက် ဈေးကဝယ်လာသော မျှစ်ကို မချက်ပြုတ်ခင် ဦးစွာ ပထမရေဖြင့် တစ်ကြိမ်ပြုတ်ပါ။

( ခ)      လတ်ဆတ်သောမျှစ်ကို ရေခဲသေတ္တာထဲမှာ ရက်သတ္တနှစ်ပတ်အထိ သိမ်းထားနိုင်သည်။

(ဂ)       အရသာခါးသက်သက်ဖြစ်သွားသော သို့မဟုတ် ရေခဲသေတ္တာထဲတွင် ရက်သတ္တနှစ်ပတ်ထက်ပို၍ ကြာသော သို့မဟုတ် အရောင်ပြောင်းသွားသော မျှစ်များကို မစားသင့်ပေ။

သတိပြုရန်။

(က)     ကိုယ်ဝန်နုစဉ် မျှစ်ကို အလွန်အကျွံမစားသင့်ပေ။

(ခ)       အကြောတက်သူများ မျှစ်ကိုလျှော့စားပါ။

(ဂ)       ဝမ်းနူးလွယ်သူများ မျှစ်ကို သင့်တင့်ရုံသာစားပါ။

ပေါက်ပေါက်