(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းက အကြိုဗိုလ်လုပွဲ တက်ရောက်၊ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည် ပွဲစဉ်တွင် မြန်မာအသင်းက အင်ဒိုနီးရှား အသင်းကို ၁ဂိုး ၃ဂိုးဖြင့် ရှုံးနိမ့်ခဲ့

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းက အကြိုဗိုလ်လုပွဲ တက်ရောက်၊ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည် ပွဲစဉ်တွင် မြန်မာအသင်းက အင်ဒိုနီးရှား အသင်းကို ၁ဂိုး ၃ဂိုးဖြင့် ရှုံးနိမ့်ခဲ့

နေပြည်တော်  မေ  ၁၅

ဗီယက်နမ်နိုင်ငံက (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို  အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိရာ မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမား များက ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိပြီး မြန်မာ အမျိုးသားဘောလုံး အသင်းအနေဖြင့် အိမ်ရှင်ဖြစ်သော ဗီယက်နမ်အသင်း၊ တီမောအသင်း၊ ဖိလစ်ပိုင်အသင်းနှင့် အင်ဒိုနီးရှားအသင်း တို့ဖြင့် အုပ်စု(က)တွင် လည်းကောင်း၊ မြန်မာအမျိုးသမီး ဘောလုံးအသင်း အနေဖြင့်လည်း ထိုင်းအသင်း၊ လာအိုအသင်းနှင့် စင်ကာပူ အသင်းတို့ဖြင့် အုပ်စု(ခ)တွင် လည်းကောင်း ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

မြန်မာအမျိုးသမီး ဘောလုံးအသင်းအနေဖြင့် အုပ်စု (ခ)ပြိုင်ပွဲများတွင် လာအိုအသင်း ကို ၃ ဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ကာ ထိုင်းအသင်းကို တစ်ဖက် ၁ ဂိုးစီဖြင့် သရေ ရရှိခဲ့သည်။ ဆက်လက်၍ အုပ်စုပြိုင်ပွဲ နောက်ဆုံးပွဲစဉ်အဖြစ် ယနေ့တွင် စင်ကာပူ အသင်းနှင့် ဆက်လက် ယှဉ်ပြိုင်ခဲ့ရာ မြန်မာအသင်းအနေဖြင့် ကောင်းမွန်စွာထိန်းသိမ်း ကစားနိုင်ခဲ့ပြီး ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ ၍ အကြိုဗိုလ်လုပွဲသို့  ထိုက်ထိုက်တန်တန် တက်ရောက် သွားခဲ့သည်။

မြန်မာအမျိုးသား ဘောလုံးအသင်းအနေ ဖြင့် အုပ်စု(က)ပွဲစဉ်များတွင် တီမောအသင်း အား ၃ ဂိုး၂ ဂိုးဖြင့် လည်းကောင်း၊ ဖိလစ်ပိုင် အသင်းအား ၃ ဂိုး ၂ ဂိုးဖြင့်လည်းကောင်း ထိုက်ထိုက်တန်တန် အနိုင်ယူနိုင်ခဲ့သည်။

အုပ်စုပွဲစဉ်  တတိယပွဲအဖြစ်  အိမ်ရှင် ဗီယက်နမ်အသင်းနှင့် တွေ့ဆုံယှဉ်ပြိုင်ခဲ့ရပြီး ပွဲစတင်ချိန်မှစ၍ အိမ်ရှင်အသင်း၏ ပရိသတ် အပါအဝင် ဖိအားပေး ယှဉ်ပြိုင်ကစားခဲ့မှုကို သူတင်ကိုယ်တင် တုံ့ပြန်တိုက်စစ်ဆင် ကစား နိုင်ခဲ့သော်လည်း ဒုတိယပိုင်း ၇၅ မိနစ် အရောက်တွင် ၁ ဂိုးပေးခဲ့ရပြီး ရှုံးနိမ့်ခဲ့ရ သည်။

အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု(က)ပွဲစဉ်မှ မြန်မာအသင်းနှင့် အင်ဒိုနီးရှား အသင်းတို့ ယနေ့တွင် ဗီယက်နမ်နိုင်ငံ Phu Tho မြို့ရှိ Viet Tri  ဘောလုံးအားကစား ကွင်း၌ ယှဉ်ပြိုင်ကစားကြရာ ပွဲစလျှင်စချင်း မြန်မာအသင်းက အင်ဒိုနီးရှား အသင်းအား ဖိအားပေး၍ တစ်သင်းလုံး တက်ညီလက်ညီ အားကြိုးမာန်တက် ကစားနိုင်ခဲ့သော်လည်း ပထမအပိုင်းတွင် ဂိုးရရှိမှုမရှိဘဲ အင်ဒို နီးရှား အသင်း၏ တန်ပြန်ခုခံ ကစားခဲ့မှုကြောင့် ဂိုး ၃ ဂိုးပေးခဲ့ရသည်။ ဒုတိယပိုင်း ဆက်လက်ယှဉ်ပြိုင်ရာတွင် မြန်မာအသင်း အနေဖြင့် အချိတ်ဆက်မိမိဖြင့် တစ်ဖက် အသင်းအား ချေပဂိုးနှင့် အနိုင်ဂိုးရရှိရေး ယှဉ်ပြိုင် ကစားခဲ့သော်လည်း ၆၇ မိနစ်တွင် ချေပဂိုး ၁ ဂိုးသာရရှိခဲ့ပြီး အင်ဒိုနီးရှား အသင်းအား ၁ ဂိုး ၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရ သည်။ မြန်မာအမျိုးသား ဘောလုံးအသင်း အနေဖြင့် မိမိတို့ ရရှိထားသည့် အင်အားဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းများကို  အပြည့်အဝ အသုံးချပြီး နိုင်ငံအတွက် ပေးဆပ်ယှဉ်ပြိုင်ခဲ့မှုအပေါ် ပြည်သူလူထုမှလည်း အားပေးမှုပြည့်ဝစွာ ရရှိခဲ့ကြောင်း  သတင်းရရှိသည်။