ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် ချယ်လ်ဆီးအသင်းကို အနိုင်ရရှိပြီး အက်ဖ်အေဖလား ချန်ပီယံဆုကို လီဗာပူးအသင်း ဆွတ်ခူး

ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် ချယ်လ်ဆီးအသင်းကို အနိုင်ရရှိပြီး အက်ဖ်အေဖလား ချန်ပီယံဆုကို လီဗာပူးအသင်း ဆွတ်ခူး

အက်ဖ်အေဖလားပြိုင်ပွဲ  ဗိုလ်လုပွဲစဉ်အဖြစ် လီဗာပူးအသင်းနှင့် ချယ်လ်ဆီးအသင်းတို့ ကစားခဲ့ရာ လီဗာပူးအသင်းက ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရရှိပြီးနောက် ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ကာ ချန်ပီယံဆုဖလား လေးလုံးအတွက် မျှော်လင့်ချက် ဆက်လက် ရှင်သန်လျက် ရှိကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင်  လီဗာပူးအသင်းက  ဘောလုံး ပိုင်ဆိုင်မှု အသာစီးဖြင့်  ဖိအားပေး ကစားနိုင်ခဲ့သော်လည်း  ပထမပိုင်းပြီးဆုံးချိန်တွင်  ဂိုးမရှိသရေရလဒ် သာ ထွက်ပေါ်ခဲ့သည်။

ဒုတိယပိုင်း ပြန်လည်စတင်ချိန်တွင်လည်း လီဗာပူး အသင်းက  ဘောလုံးပိုင်ဆိုင်မှု အသာစီးဖြင့်  ဖိအားပေး ကစားနိုင်ခဲ့ကာ   ချယ်လ်ဆီး အသင်းကလည်း တန်ပြန်တိုက်စစ်များမှတစ်ဆင့်  ဖိအားပေး ကစားနိုင်ခဲ့သော်လည်း  အဆုံးသတ်ပိုင်း အားနည်းမှုများကြောင့် ပွဲချိန် မိနစ် ၉၀ နှင့်  အချိန်ပို မိနစ် ၃၀ တို့တွင်   ဂိုးမရှိ သရေရလဒ်သာ   ထွက်ပေါ်ခဲ့သည့် အတွက်    ပယ်နယ်တီ အဆုံးအဖြတ် ကစားခဲ့ရသည်။

ပယ်နယ်တီအဆုံးအဖြတ် ကစားရာတွင် လီဗာပူး အသင်းက ပယ်နယ်တီအားလုံးကို ဝင်အောင်ကန် သွင်းနိုင်သော်လည်း ချယ်လ်ဆီးအသင်းမှ အက်ပလီ ကွီတာ ပယ်နယ်တီ လွဲချော်မှုကြောင့် လီဗာပူးအသင်း က  ၆ ဂိုး- ၅ ဂိုးဖြင့်  အနိုင်ရရှိပြီး   ချန်ပီယံဆု ဆွတ်ခူး နိုင်ခဲ့ခြင်းဖြစ်သည်။ ချယ်လ်ဆီးအသင်းသည် ဗိုလ်လုပွဲသို့  သုံးနှစ်ဆက်တိုက် တက်ရောက်နိုင်ခဲ့သော်လည်း ချန်ပီယံဆုနှင့် လွဲချော်ပြီး ဒုတိယဆုများဖြင့်သာ ကျေနပ်ခဲ့ရသည်။

လီဗာပူးအသင်းသည်   ယခုဘောလုံးရာသီတွင် အစောပိုင်းက ကာရာဘောင်းဖလား ဆွတ်ခူးနိုင်ခဲ့သကဲ့သို့  ယခုအခါတွင်လည်း  အက်ဖ်အေဖလားပါ ဆွတ်ခူးနိုင်ပြီး  ချန်ပီယံလိဂ် ပြိုင်ပွဲတွင်လည်း ဗိုလ်လုပွဲ တက်ရောက်ထားပြီး  ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက်လည်း မျှော်လင့်ချက် ရှိနေဆဲဖြစ်ကြောင်း သိရသည်။