မြန်မာအမျိုးသမီးအသင်း စင်ကာပူကို အနိုင်ယူပြီး အကြိုဗိုလ်လုပွဲတက်ရောက်

နေပြည်တော်   မေ  ၁၅

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးအုပ်စု(ခ) နောက်ဆုံးပွဲစဉ်အဖြစ်  ယနေ့မြန်မာစံတော်ချိန်  ညနေ ၃ နာရီခွဲတွင်  ဗီယက်နမ်နိုင်ငံ Cam Pha အားကစားကွင်း၌ စင်ကာပူအသင်းနှင့်  မြန်မာအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ မြန်မာအမျိုးသမီးအသင်းက ၁ ဂိုး-ဂိုးမရှိဖြင့်အနိုင်ရခဲ့ပြီး အကြိုဗိုလ်လုပွဲသို့ တက်ရောက်သွားသည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအတွက် ပွဲထွက်လူစာရင်းအဖြစ် ဇူးလတ်နဒီ၊ ဇွန်ယုယဦး၊  ချစ်ချစ်၊  အေးအေးမိုး၊ ဖြူဖြူဝင်း၊  ခင်မာလာထွန်း၊  သင်းသင်းယု၊ နော်ထက်ထက်ဝေ၊ ပုံ့ပုံ့ပြည့်မောင်၊ ဝင်းသိင်္ဂီထွန်းနှင့် ဂျူလိုင်ကျော်တို့ဖြင့် ပွဲထွက်ခဲ့သည်။

မြန်မာအသင်းသည် ပွဲစဉ်တစ်လျှောက်  ဖိအားပေးကစားနိုင်ခဲ့သော်လည်း အဆုံး သတ်အားနည်းချက် များကြောင့် သာမန်ပွဲကစားချိန် မိနစ် ၉၀ ထိ ဂိုးမရရှိဘဲ နာကျင်အချိန်ပို ၉၀+၃ မိနစ်ရောက်ရှိမှသာ ခင်မိုးဝေ၏ ထောင့်ကန်ဘောမှတစ်ဆင့် တိုက်စစ်မှူးဝင်းသိင်္ဂီထွန်းက ခေါင်းတိုက်သွင်းယူခဲ့ခြင်းဖြစ်ပြီး ယင်းဂိုးဖြင့်သာ မြန်မာအသင်း အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

ပြိုင်ပွဲအပြီးတွင် ဒီကနေ့ပွဲမှာ စင်ကာပူအသင်း အနေနဲ့ ခံစစ်ဦးစားပေး ကစားခဲ့သလို ကျွန်တော်တို့အသင်း တိုက်စစ်သွားတဲ့ နေရာမှာလည်း အားနည်းချက်တွေရှိခဲ့လို့ ဂိုးရဖို့အတွက် ခက်ခဲခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် အနိုင်ရလဒ်ရတဲ့ထိ ကြိုးစားခဲ့လို့ ကစားသမားတွေကို ချီးကျူးပါတယ်။   ဆီမီးဖိုင်နယ်အဆင့်မှာ  အကောင်းဆုံးယှဉ်ပြိုင်သွားမှာပါ  ဟု မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းနည်းပြချုပ် ဦးတင်မြင့်အောင်က ပြောကြားသည်။

မြန်မာအသင်းအနေဖြင့် အုပ်စု(ခ)မှ ထိုင်းအသင်းနှင့် ရမှတ်တူ ဂိုးကွာခြားချက်ဖြင့် အုပ်စုဒုတိယနေရာမှ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

  မြန်မာအသင်းအနေဖြင့် ဆီမီးဖိုင်နယ်ပွဲစဉ်ကို အုပ်စု(က)မှ အဆင့်(၁) ဗီယက်နမ်အသင်းနှင့် မေ ၁၈ ရက်တွင်ယှဉ်ပြိုင် ကစားရမည်ဖြစ်ကြောင်း သိရသည်။

ကျော်လွင်