ရုရှားမှသဘာဝဓာတ်ငွေ့ကို တခြားနည်းလမ်းနဲ့ဝယ်ဖို့ကြိုးပမ်းနေရတဲ့ ဥရောပသမဂ္ဂ

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ သူတို့အတွက်လိုအပ်တဲ့ သဘာဝဓာတ်ငွေ့အများစုကို ရုရှားနိုင်ငံကနေ ရယူနေရတာပါ။

ဒါပေမဲ့ ရုရှား-ယူကရိန်းပဋိပက္ခဖြစ်ချိန်မှာ ဥရောပသမဂ္ဂက ရုရှားအပေါ် အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့တဲ့အတွက် ရုရှားဘက်ကလည်း တုံ့ပြန်မှုတွေ လုပ်လာပါတယ်။

အဲဒီတုံ့ပြန်မှုကတော့ သူ့နိုင်ငံမှ သဘာဝဓာတ်ငွေ့ကိုလိုချင်ရင် သူ့နိုင်ငံသုံးငွေနဲ့သာ ဝယ်ရမယ်ဆိုပြီးတော့ ဖြစ်ပါတယ်။ ဒါကိုလည်း ဥရောပသမဂ္ဂက လိုက်ပါလုပ်ဆောင်လိုခြင်း မရှိပါဘူး။

ဒီလိုမှမလုပ်ရင်လည်း ဥရောပဒေသတစ်ခုလုံး လောင်စာပြတ်လပ်မယ့် အရေးနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ ဒါကြောင့် ဥရောပသမဂ္ဂက ရုရှားဆီကနေ သဘာဝဓာတ်ငွေ့ကို တခြားနည်းလမ်းနဲ့ ဝယ်ယူနိုင်ရေးအတွက် ကြိုးပမ်းလာပါပြီ။

ကြိုးပမ်းချက်ကတော့ ဥရောပမှ သဘာဝဓာတ်ငွေ့တင်သွင်းသူများအနေနဲ့ ရုရှားဆီကနေ စွမ်းအင်ဝယ်ယူတဲ့အခါ သူတို့ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုကို ချိုးဖောက်စေခြင်း မရှိဘဲ လုပ်ဆောင်နိုင်မယ့် နည်းလမ်းကို သတ်မှတ်ပေးဖို့ လုပ်ဆောင်လာတာပဲ ဖြစ်ပါတယ်။ သဘာဝဓာတ်ငွေ့ဝယ်ယူရာမှာ ငွေပေးချေမှုအတွက် လမ်းညွှန်ချက်အသစ်မှာ ကုမ္ပဏီတွေက သူတို့ရဲ့ ဝယ်ယူမှုအတွက် ယူရိုငွေနဲ့သော် လည်းကောင်း၊ ဒေါ်လာငွေနဲ့ သော်လည်းကောင်း ပေးချေပြီးပြီဆိုတာနဲ့ အဲဒီပေးချေမှုကို လက်ရှိစာချုပ်တွေနဲ့အညီ တရားဝင်အသိပေးရမယ့် အချက်တစ်ချက် ပါတယ်လို့ ဒီကိစ္စနဲ့ပတ်သက်ပြီး သိရှိထားတဲ့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ဥရောပကော်မရှင်ကထုတ်ပြန်တဲ့ လမ်းညွှန်ချက်အသစ်မှာ ကုမ္ပဏီတွေအနေနဲ့ ရုရှားရဲ့ ဂတ်ဇပရွမ်ဘဏ်မှာ ငွေစာရင်း အကောင့်တစ်ခု ဖွင့်လှစ်ခြင်းကို တားမြစ်ခြင်း မရှိသလို ဥရောပသမဂ္ဂကရုရှားအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေနဲ့အညီ ရုရှားဆီကနေ  သဘာဝဓာတ်ငွေ့ဝယ်ယူခွင့်ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

ဥရောပကုမ္ပဏီတွေအနေနဲ့ ရုရှားရဲ့ တောင်းဆိုချက်ကို  ဘယ်လိုလိုက်လျောရမယ်။ တစ်ဖက်ကလည်း ရုရှားဗဟိုဘဏ်အပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို မချိုးဖောက်ဘဲ သဘာဝဓာတ်ငွေ့ ဆက်လက်စီးဆင်းစေဖို့ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတဲ့ကြားမှာ   ဗျာများနေခဲ့တာကြာပါပြီ။

ရုရှားကလည်း သူ့ဆီကသဘာဝဓာတ်ငွေ့ကိုလိုချင်ရင် ရူဘယ်ငွေနဲ့ဝယ်ရမယ်။ ဥရောပကလည်း သူ့ဆီကကုမ္ပဏီတွေကို ရုရှားဗဟိုဘဏ်နဲ့မပတ်သက်ဖို့ ပိတ်ဆို့ထားတယ်။ အခုတော့ သဘာဝဓာတ်ငွေ့လိုချင်တဲ့ ဥရောပဘက်ကပဲ တစ်ထစ်လျှော့လာရတာကို တွေ့ရပါတယ်။

လက်ရှိအချိန်မှာ    ဥရောပအနေနဲ့ ဆုံးဖြတ်ချက်ကို အမြန်ဆုံးချမှတ်ရတော့မယ့် အချိန်ဖြစ်နေပါပြီ။ အကြောင်းရင်းကတော့ အခုလနှောင်းပိုင်းမှာ သတ်မှတ်ရက်ပြည့်တော့မှာဖြစ်ပြီး ရုရှားဘက်ကလည်း သူ့ဆီကိုငွေမဝင်ရင်  ပေးနေတဲ့သဘာဝဓာတ်ငွေ့ကို ဖြတ်တောက်လိုက်မှာပါ။

ဒီလိုအကျိုးဆက်ကို အခုအချိန်မှာ ခံစားနေရသူတွေကတော့ ပိုလန်နဲ့ဘူဂေးရီးယားတို့ ဖြစ်ပါတယ်။  သူတို့နှစ်နိုင်ငံဟာ ရုရှားဘက်က    တောင်းဆိုတဲ့အတိုင်း ငွေမချေပေးနိုင်လို့ သဘာဝဓာတ်ငွေ့ပေးပို့မှု ဖြတ်တောက်ခံထားရတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ဘက်က သူ့ဆီကသဘာဝဓာတ်ငွေ့ကို ရူဘယ်ငွေနဲ့ ဝယ်ရမယ်လို့  ထုတ်ပြန်ပြီး ကတည်းက ဥရောပနိုင်ငံတွေကြားမှာ နှစ်ခြမ်းကွဲလာတာလည်း မြင်ရပါတယ်။

အထူးသဖြင့်တော့ သဘာဝဓာတ်ငွေ့ရရှိရေးအတွက် ရုရှားအပေါ်မှာသာ လုံးလုံးလျားလျား မှီခိုနေရတဲ့ ပိုလန်လိုမျိုးနိုင်ငံတွေကတော့ ပူတင်ရဲ့သဘောအတိုင်း လိုက်လျောဖို့ အသင့်ဖြစ်နေပေမယ့် တစ်ဖက်မှာလည်း ဥရောပသမဂ္ဂရဲ့ အရေးယူပိတ်ဆို့မှုတွေ ရှိနေတော့ လုပ်ရကိုင်ရကျပ်နေတဲ့အနေအထား ဖြစ်ပါတယ်။

ရုရှားဘက်ကတော့ရှင်းပါတယ်။ ပြည်ပကုမ္ပဏီတွေအနေနဲ့  ငွေစာရင်းအကောင့်နှစ်ခုဖွင့်ရမယ်။ တစ်ခုက ပြည်ပငွေကြေးအကောင့်ဖြစ်ပြီး ကျန်တစ်ခုက  ရူဘယ်ငွေကြေးအကောင့်ပါ။

သဘာဝဓာတ်ငွေ့ဝယ်ယူတဲ့အခါ ပထမဝင်လာတဲ့ပြည်ပငွေကြေးကို ရုရှားရဲ့ စာရင်းရှင်းလင်းရေးဌာနကနေ ရူဘယ် ငွေကြေးအဖြစ်ပြောင်းပြီးမှသာ ဝယ်ယူတဲ့ နိုင်ငံကို သဘာဝဓာတ်ငွေ့ပို့လွှတ်မှာ ဖြစ်ပါတယ်။

ဒီလိုမျိုးငွေကြေးပြောင်းလဲမှု လုပ်ဆောင်တဲ့နေရာမှာ ဗဟိုဘဏ်ရဲ့လုပ်ဆောင်ချက် လုံးဝမပါဝင်ဘူးလို့ ဂတ်ဇပရွမ်ကုမ္ပဏီက ထပ်လောင်း အတည်ပြုထားပါသေးတယ်။

Ref: TST