အိပ်မောကျစေမည့်နည်းလမ်းကောင်း

လူသားတွေဟာယှဉ်ပြိုင်မှုတွေနဲ့ အလုပ်တည်မြဲရေး၊ ဝင်ငွေမြင့်မားရေး၊ လုပ်ငန်းတိုးတက်ရေးအတွက် ပြိုင်ဆိုင်နေကြရကာ ညဘက် ခဏတာ ၆ နာရီကျော် အိပ်စက်အနားယူကြပါတယ်။ တစ်နေ့တာပင်ပန်းနွမ်းနယ်သမျှ အိပ်စက်မှသာ အမောအပန်းဖြေဖျောက် နိုင်မှာဖြစ်တယ်။ ဘဝအမောတွေပြေပျောက်ဖို့ဆိုရင် တစ်ညတာနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ဖို့ လိုပါတယ်။ အိပ်ပျော်ဖို့ အစား အသောက် ကသက်ရောက်မှုရှိတယ်။ အစားအသောက်တွေကအိပ်ပျော်စေနိုင်သလို အိပ်မပျော်ဖြစ်တာတွေလည်း ကြုံတွေ့နိုင်ပါ တယ်။ အဲလိုအစားအသောက်တွေကအိပ်ပျော်စေနိုင်တာလည်း သိထားသင့်ပါတယ်။

ကာဗိုဟိုက်ဒရိတ်ကြွယ်ဝတဲ့ အစာစားသင့်ပါတယ်။ ထမင်း၊ ပေါင်မုန့်၊ ပြောင်းဖူး၊ အာလူးစတဲ့ ကာဗိုဟိုက်ဒရိတ်ကြွယ်ဝတဲ့  အစာတွေက သွေးထဲမှာ ထရစ်တိုဖန် (Trytophan) များလာစေတယ်။  ညမအိပ်ခင် နွားနို့၊ ကွေကာ၊ အစေ့အဆန်နဲ့ ခရက်ကာ သို့မဟုတ် ပေါင်မုန့်ထောပတ်စားပေးနိုင်ပါတယ်။ နို့နဲ့နို့ထွက်ပစ္စည်း စားပေးသင့်ပါတယ်။ နို့နဲ့နို့ထွက်ပစ္စည်းမှာ ထရစ်တိုဖန် (Trytophan) ကြွယ်ဝလို့အိပ်စက်မှုကို ကောင်းမွန်စေတယ်။ အစေ့အဆန်၊ ငှက်ပျောသီး၊ ပျားရည်နဲ့ဥအမျိုးမျိုးမှာ Trytophan ပါတယ်။

သရေစာစားသင့်ပါတယ်။ အိပ်မပျော်ရင် အစာအိမ်ထဲ အစာအနည်းငယ် ဖြည့်ပေးလိုက်တာက အိပ်ပျော်စေပါတယ်။   သရေစာ အနည်းငယ် ထည့်စားသင့်ပါတယ်။ အစာအများကြီးစားတာက အစာခြေစနစ်ကိုဝန်ပိစေပြီး မသက်မသာဖြစ်စေလို့ အိပ်ပျော်စေရေး အနှောင့်အယှက်ဖြစ်စေပါတယ်။

အဆီများတဲ့ အစာလျှော့စားသင့်ပါတယ်။ အဆီများတဲ့အစာတွေလမ်းဘေးထမင်းဆိုင်နဲ့ အသင့်အစားအစာ(Snaps)တွေဖြစ်တဲ့   ပီဇာ၊ ဆင်းဒဝှစ်၊ ဟမ်ဘာဂါ၊ အာလူးချောင်းကြော်တွေမှာ ပြည့်ဝဆီကိုသုံးစွဲထားလို့ အဆီများက မအီမသာဖြစ်စေပြီး အိပ်စက်ခြင်း  အနှောင့်အယှက်ဖြစ်စေပါတယ်။  အဆီလျှော့စားသင့်ပါတယ်။

ကော်ဖီ၊ လက်ဖက်ရည် ရှောင်သင့်ပါတယ်။ ညနေခင်းကော်ဖီသောက်တာဟာ အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေတယ်။ အသင့် အတင့် ကဖင်းပမာဏပဲပါတယ်ဆိုရင်တောင် အိပ်စက်မှုအနှောင့်အယှက်ပေးပါတယ်။ ကော်ဖီအပြင် ကဖင်းဓာတ်ပါတဲ့ ချောကလက်၊ ကိုကာ၊ လက်ဖက်ရည် စတာတွေဟာလည်း ညနေပိုင်းမသောက်မိအောင် ရှောင်သင့်ပါတယ်။

မွန်းလွဲ ၁၂ နာရီကျော်ရင် လက်ဖက်၊ ကော်ဖီရှောင်ကြဉ်သင့်ပါတယ်။ ညအိပ်ရာမဝင်မီ အနည်းဆုံး(၄-၆)နာရီမတိုင်ခင် ကဖင်းပါ အစားအသောက်၊ အရည်တွေကို မစားမသောက်ကြဖို့လိုပါတယ်။ ကဖင်းဓာတ်ပါတဲ့ ဆေးဝါးတွေ ရှောင်ကြဉ်သင့်ပါတယ်။ အချို့ ဆေးဝါးတွေမှာ ကဖင်းပါတတ်တာကြောင့် သောက်သုံးနေတဲ့ ဆေးဝါးတွေကိုလည်း စစ်ဆေးဖို့လိုပါတယ်။ ဆရာဝန် ညွှန်ကြားချက် မဟုတ်တဲ့ အကိုက်အခဲပျောက်ဆေး၊ ကိုယ်အလေးချိန်ကျစေတဲ့ဆေး၊ အဆီချဆေး၊ ဆီးရွှင်ဆေးနဲ့ နှာစေးအအေးမိပျောက် ဆေးစတဲ့ ဆေးအချို့မှာ ကဖင်းဓာတ်ပါဝင်နေတတ်ပါတယ်။ ဆေးအညွှန်းကို သေချာဖတ်ကြည့်ပြီးမှသာ သောက်သင့်ပါတယ်။

အရက်၊ ဘီယာရှောင်သင့်ပါတယ်။ အရက်ဟာမြန်မြန် အိပ်ပျော်စေတယ်ဆိုပေမယ့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တာကို အနှောင့် အယှက် ပေးပါတယ်။ ရေထသောက်ရတာ၊ မကြာခဏဆီးထသွားရတာ၊ ခေါင်းကိုက်တာ၊ ချွေးထွက်တာနဲ့ အိပ်မက်ဆိုးတွေ မက်တာတွေကြောင့် အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ အရက်ကြောင့် အိပ်စက်မှုအနှောင့်အယှက်မဖြစ်စေဖို့   အရက် တစ်ပုံ(တစ်ပက်) သောက်ပြီးရင် ရေတစ်ဖန်ခွက်သောက်သင့်ပါတယ်။ အရက်ရဲ့ အာနိသင် လျော့သွားစေနိုင်တယ်။  ကောင်းမွန်စွာ အိပ်စက်ချင်ရင် ညအိပ်ရာမဝင်မီ(၄-၆)နာရီလောက်ခြားပြီး အရက်နှစ်ပက်သောက်နိုင်ပါတယ်။

ပြည့်တင်းတဲ့အစာ၊ အစပ်စာတွေ ရှောင်ကြဉ်သင့်ပါတယ်။ အစာတွေအများကြီးကို ဗိုက်ပြည့်တင်းကားအောင်စားပြီး လဲလျောင်း အိပ်စက်တာက အစာခြေစနစ်ကို နှေးကွေးစေပါတယ်။ အစပ်၊ အပူစာတွေစားသုံးပါက အစာကြီး(ညစာစား)စားပြီးအနည်းဆုံး၄ နာရီလောက်ခွာပြီးမှ ညအိပ်ရာဝင်သင့်ပါတယ်။ ညအိပ်ရာမဝင်မီအစာကြေအောင် လမ်းအနည်းငယ်လျှောက်ပေးသင့်ပါတယ်။

အိပ်ရာဝင်ခါနီး အသားဓာတ် (Protein)လျှော့စားသင့်ပါတယ်။ ပရိုတင်းကို တစ်နေ့တာစားသုံးနိုင်တယ်ဆိုပေမယ့် ညအိပ်ရာ မဝင်ခင် လျှော့စားသင့်ပါတယ်။ ပရိုတင်းက  အစာချေဖျက်ရတာ ခက်ခဲတဲ့အပြင် သူ့ထဲမှာပါဝင်တဲ့ အမိုင်နိုအက်စစ် တိုင်ရီဆင်း (Amino Acid Tyrosine)က ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေကို လှုံ့ဆော်ပေးပါတယ်။ ညအိပ်ရာမဝင်ခင်မှာ ပရိုတင်းများစွာ ပါဝင်တဲ့ အစာတွေ လျှော့စားသင့်ပါတယ်။ ထောပတ်အနည်းငယ်စားတာနဲ့ ခရက်ကာအနည်းငယ်စားတာက အိပ်ပျော်စေဖို့ ကူညီနိုင်ပါတယ်။

ည ၈ နာရီနောက်ပိုင်း အရည်မသောက်သင့်ပါဘူး။ နေ့ဘက်ဖြစ်ဖြစ်၊ ညဘက်ဖြစ်ဖြစ် ဆေးလိပ်သောက်တာကြောင့် အိပ်စက်မှု အနှောင့် အယှက်ဖြစ်စေပါတယ်။ ဆေးလိပ်ထဲမှာ  နီကိုတင်းရဲ့ လှုံ့ဆော်တဲ့အာနိသင်က ကဖင်းဓာတ်အတိုင်းဖြစ်တယ်။ ဒါကြောင့် ညအိပ်ရာ ဝင်ခါနီးမှာ ဆေးလိပ်သောက်တာ ကွမ်းစားတာ တချို့လည်းညဘက်အိပ်မပျော်လို့ဆေးလိပ်ထိုင်သောက်တာ၊  ကွမ်းထစား တာမျိုး ရှောင်ဖို့လိုပါတယ်။ ဆေးရွက်ကြီးပါဝင်တဲ့ ပစ္စည်းတွေက ခန္ဓာကိုယ်တစ်ခုလုံး ဆိုးကျိုးတွေသာပေးနေလို့ ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်း မပြုသင့်ပါဘူး။ ဖြတ်သင့်ပါတယ်။

အိပ်စက်ချိန်မှာ ဟောက်တတ်ရင် ဘေးတစောင်းအိပ်သင့်ပါတယ်။ အိပ်စက်ချိန်မှာ ခဏအသက်ရှူရပ်ပြီး ဟောက်တယ်။ နောက် တစ်နေ့မှာ အိပ်ရေးမဝသလို ခံစားနေရတယ်ဆိုရင် ဆရာဝန်နဲ့ပြသင့်ပါတယ်။ အိပ်နေရင်း အသက်ရှူရပ်ခြင်းဖြစ်ကာ လေဖြတ်တာ၊ ရုတ်တရက် နှလုံးအတိုက်ခိုက်ခံရကာ သွေးပေါင်တက်တာ နှလုံးသွေးကြောရောဂါ ဖြစ်ပွားစေနိုင်ပါတယ်။ ခါးနာနေချိန် အိပ်ရေး ပျက်တတ်ပါတယ်။ ခါးနာနေရင် ဘေးစောင်းအိပ်သင့်တယ်။ ပက်လက်အိပ်တာက နောက်ကျောနဲ့တင်ပါးကို ဖိအားသက် ရောက်စေလို့ ခါးနာတာပိုပြီး ဆိုးစေပါတယ်။ ပက်လက်ပဲအိပ်တတ်ရင် ဒူးခေါင်းအောက်မှာ ခေါင်းအုံးခံပြီး အိပ်သင့်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်ရေး၀၀အိပ်သင့်ပါတယ်။ သန္ဓေသားအတွက် နေ့ဘက်နာရီဝက်မှ တစ်နာရီအိပ်သင့်တယ်။    ကိုယ်ဝန် ဆောင်ချိန် သက်သောင့်သက်သာဖြစ်ဖို့နဲ့ သန္ဓေသားကျန်းမာရေး ကောင်းမွန်စေဖို့ ဘေးတစောင်းအိပ်စက်သင့်ပါတယ်။ သန္ဓေသားဆီ သွေးနဲ့ အာဟာရဓာတ်ပိုမိုရရှိစေပါတယ်။ ခါးနာပါက ဗိုက်အောက်မှာ ခေါင်းအုံးအပါးတစ်လုံးခုခံပေးပြီး အလေးချိန် ကိုထောက်မပေးသင့်ပါတယ်။ ဒူးကိုကွေးပြီး ခြေထောက်နှစ်ချောင်းကြားမှာ ခေါင်းအုံး တစ်လုံးခံကာ အိပ်စက်သင့်ပါတယ်။

အိပ်စက်ချိန်မွေ့ရာရွေးချယ်သင့်ပါတယ်။ မွေ့ရာက

အိပ်တဲ့ပုံစံနဲ့ ခန္ဓာကိုယ် အမျိုးအစားပေါ်များစွာ သက်ရောက်မှုရှိပါတယ်။ နောက်ကျောနဲ့ အိပ်စက်တဲ့ပုံစံကို ကောင်းကောင်း ထောက်ပံ့နိုင်တဲ့  မွေ့ရာဖြစ်ဖို့လိုတယ်။ သိပ်မာလွန်း၊ သိပ်ပျော့လွန်းတာမျိုး မဖြစ်သင့်ပါဘူး။ ခန္ဓာကိုယ်ရဲ့ ပုံပန်းသဏ္ဌာန်အတိုင်း ကွက်တိကျတဲ့ ပျော့ပျောင်းမှုမျိုးရှိဖို့  လိုအပ်ပါတယ်။ အိပ်ပျော်အောင် အလင်းရောင်မှိန်ဖျော့ဖျော့သို့မဟုတ် မီးပိတ်အိပ်သင့်ပါတယ်။ အလင်းရှိမှ အိပ်တတ်တယ်ဆိုရင်လည်း စာကြည့်မီး သို့မဟုတ် ညအိပ်မီးအမှောင်ချကာ အိပ်စက်သင့်ပါတယ်။ အိပ်ခန်းသီးခြား ထားသင့်သလို ကလေးငယ်တွေနဲ့ ရောနှောအိပ်စက်ခြင်းကလည်း အချို့မိဘတွေ အိပ်စက်မှုခက်ခဲစေနိုင်ပါတယ်။ သီးခြားအခန်း သို့မဟုတ် သီးခြားကန့်ထားပြီး အိပ်စက်တာက မိဘရော၊ ကလေးပါ အိပ်ရေး၀၀အိပ်စက်နိုင်မှာ ဖြစ်ပါတယ်။

အိပ်ခန်းအတွင်း သီချင်းအေးအေး သို့မဟုတ် တရားခွေဖွင့်ပြီး အိပ်စက်သင့်ပါတယ်။ လူသားဟာ အနာဂတ်ရှိပါတယ်။ နောင်ဘဝ ယုံကြည်သူများအနေနဲ့ တရားထိုင်တာ၊ ပုတီးစိပ်တာ၊ တရားနာတာဟာ အိပ်စက်ခြင်းအတွက်လည်း ကောင်းမွန်စေပါတယ်။ အနောက် တိုင်းသားတွေတော့ အိပ်ခန်းမှာတိုးညင်းတဲ့ သီချင်းသံငြိမ့်ငြိမ့်ညောင်းညောင်းဖွင့်ကာ အမောပြေ အိပ်စက်တတ်ပါတယ်။ အချို့တစ်ယောက်တည်း အိပ်ကျင့်ရှိသူတွေအတွက် တစ်ယောက်ခန်းပြင်ဆင်ပေးမှသာ အိပ်ရေး၀၀ အိပ်စက်နိုင်တာ တွေ့ရပါတယ်။  လူတိုင်းနေ့စဉ်(၆-၈)နာရီကြာ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်စေသင့်ပါတယ်။ ။

(ဒေါက်တာလွင်သန့်)