အလှပဆုံး အသင့်တော်ဆုံး

မြန်မာနိုင်ငံအတွင်းရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များနှင့် ကောလိပ်များကို ၂၀၂၂ ခုနှစ် မေ ၁၂ ရက်နေ့မှစ၍ ပုံမှန်ပညာသင်နှစ်အတိုင်း ဖွင့်လှစ်သင်ကြားနေပြီ ဖြစ်သည်။ မိမိတို့၏ဘဝတက်လမ်းအတွက် အသိအမြင် မှန်ကန်စွာ  ပညာသင်ကြားနေသူများကို တွေ့မြင်ရသည်မှာ  ဝမ်းသာဖွယ်ကောင်းလှသည်။ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးတွင် ပညာရေးကဏ္ဍသည် အဓိကနေရာမှ ပါဝင်ပါသည်။ ယနေ့ခေတ်သည် ပညာခေတ်ဟု ဆိုသည့်အတိုင်း တိုးတက်နေသော ပညာရပ်များကား အံ့မခန်းပင်ဖြစ်သည်။ အချို့သောနိုင်ငံများက ခေတ်မီနည်းပညာများ ပိုင်ဆိုင်ခြင်းနှင့်အတူ အာကာသတစ်ခွင် စိုးမိုးထားပြီးဖြစ်ရာ မြန်မာလူငယ်တို့ကို ထိုကဲ့သို့အတွေးအခေါ်နှင့်ဉာဏ်ပညာမြင့်မားပြီး တိုင်းပြည်နှင့်လူမျိုးကောင်းကျိုးပြုသူများ ဖြစ်ထွန်းစေချင်ပါသည်။

မြန်မာ့ပညာရေးအဆင့်အတန်းကို နိုင်ငံတကာအဆင့်မီ တိုးတက်မြင့်မားလာစေရေးနှင့် ပညာတတ်လူငယ်များ ပေါများလာစေရန် နိုင်ငံတော်က ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထိုလူငယ်များကို ရှေ့ဆောင်လမ်းပြ ပေးမည့်သူများမှာ ဆရာ၊ ဆရာမများဖြစ်သည်။ တပည့်များထူးချွန်ထက်မြက်စေရန်မှာ ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍသည်လည်း အရေးကြီးလှပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးတွင် လိုလေသေးမရှိအောင် ထောက်ပံ့ပေးလျက်ရှိပါသည်။ ဆရာ၊ ဆရာမများ၏ စိတ်ဓာတ်၊ စည်းကမ်းပိုမိုကောင်းမွန်လာစေရေး၊ အဆင့်မြင့်ပညာရေးနှင့် စပ်လျဉ်းသည့် ဗဟုသုတများတိုးပွားစေရေး၊ နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ များနှင့် သက်ဆိုင်သည့် ဗဟုသုတနှင့် အတွေ့အကြုံများ တိုးပွားလာစေရေးတို့အတွက် သင်တန်းများဖွင့်လှစ်ပို့ချပေးလျက်ရှိပါသည်။

ထိုသို့သင်တန်းများဖွင့်လှစ်ပေးနိုင်သည့်အတွက် ဆရာ၊ ဆရာမအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံးညီညွတ်မှု ပိုမိုရရှိစေပါသည်။ နိုင်ငံ့အတွက် ယုံကြည်ချက်၊ ခံယူချက်၊ စိတ်နေစိတ်ထားများ ပိုမိုကောင်းမွန်လာစေပါသည်။ ကျောင်းသားများနှင့်စပ်လျဉ်းသည့် စီမံခန့်ခွဲရေးနှင့် သင်ကြားရေးဆိုင်ရာ စည်းမျဉ်းစည်း ကမ်းများကို ပိုမိုသိရှိနိုင်သည်။ ဆရာသိက္ခာနှင့် ဆရာ့ကျင့်ဝတ်များကို သဘောပေါက်တန်ဖိုး ထားနားလည် စေနိုင်သည်။ ဆရာဆိုသည်မှာ တပည့်တို့၏ ခေါင်းဆောင်ဖြစ်သည့်အတွက် ထိုသင်တန်းများမှ ခေါင်းဆောင်မှု ပညာရပ်များကို တတ်မြောက်စေပါသည်။

ထို့ပြင် နိုင်ငံတော်ကာကွယ်ရေးအတွက် အခြေခံဖြစ်သလို မိမိတို့တစ်ဦးချင်း ကျန်းမာစေရေးအတွက်လည်း အထောက်အကူပြုသည့် အခြေခံစစ်ရေးပြပညာရပ်များကို သင်ယူတတ်မြောက်စေသည်။ ဆရာ၊ ဆရာမများ၏ စိတ်ဓာတ်ခံယူချက်များ မြှင့်တင်ပြောင်းလဲကာ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အခြေခံသဘောတရားများ သိရှိနားလည်လာရေး အထောက်အပံ့ပြုနိုင်ရန် ဟူသော ရည်ရွယ်ချက်ကောင်းများဖြင့် ဖွင့်လှစ်ခြင်း ဖြစ်သည်။ နိုင်ငံတော်အတွက် ဝန်ထမ်းကောင်းများ၊ တပည့်တို့အတွက် ဆရာကောင်းများဖြစ်လာခြင်းဖြင့် နိုင်ငံတော်အတွက် ကောင်းကျိုးများ ဖြစ်ပေါ်လာမည် ဖြစ်သည်။ ထို့အတူ တပည့်ကောင်းများ ပေါ်ထွန်းလာခြင်းအားဖြင့် အနာဂတ်နိုင်ငံတော်အတွက် အားကိုး ရသူများ ဖြစ်လာပေလိမ့်မည်။

ဧပြီ ၂၄ ရက်တွင် အခြေခံပညာကျောင်းများအားလုံး၏ အောင်စာရင်းကိုထုတ်ပြန်ပေးခဲ့သည်။ လာမည့် ဇွန်လတွင် အခြေခံပညာကျောင်းများကို ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်ရန်ဆောင်ရွက်လျက်ရှိသည်။ လိုအပ် လျက်ရှိသည့် ဆရာ၊ ဆရာမများ ထပ်မံဖြည့်တင်းပေးနိုင်ရေးအတွက်လည်း ဆောင်ရွက်နေသည်။ ထို့အတူ တက္ကသိုလ်နှင့် ကောလိပ်များပြန်လည်ဖွင့်လှစ်ကာ ကျောင်းသား၊ ကျောင်းသူများကို ပညာသင်ကြားပေးလျက် ရှိသည်။ တက္ကသိုလ်နည်းပြဆရာ၊ ဆရာမများ လုံလောက်စွာခန့်အပ်နိုင်ရေးအတွက်လည်း အရည်အချင်း ပြည့်ဝသည့်ဆရာ၊ ဆရာမများ မွေးထုတ်ပေးနိုင်ရေးဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကျောင်းသားလူငယ်များကို ပညာရေးနှင့်မဝေးကွာစေရန် ကျောင်းများပြန်လည် ဖွင့်လှစ်ပေးနေခြင်းဖြစ်သည်။ ကျောင်းများပြန်လည်ဖွင့်လှစ်ပြီး ပညာသင်ကြားပေးနေ ခြင်းမှာ တိုင်းပြည်အနာဂတ် အတွက်ဖြစ်သလို ကျောင်းသား၊ ကျောင်းသူတို့၏ အနာဂတ်အတွက်လည်းဖြစ်ပါသည်။ ပညာသင်ကြားခြင်းမှာ လူတိုင်းအတွက် ရာခိုင်နှုန်းပြည့် ကောင်းမွန်သော အလုပ်ဖြစ်သည်။ ကျောင်းများကို ဖွင့်လှစ်ထားခြင်းသည် ထောင်တံခါးများကို ပိတ်ထားသည်နှင့် တူသည်ဟုဆိုထားရာ ကျောင်းဆိုသည်မှာ တပည့်အပေါင်း လိမ္မာရေးခြားရှိ၍ ပညာတတ်များဖြစ်အောင် သင်ကြားပေးနေသည့်အတွက် ထောင်တံခါးပိတ်ထားသည်ဟု ညွှန်းဆိုခြင်းဖြစ်သည်။

နိုင်ငံတော်အစိုးရ အနေဖြင့် ဆရာ၊ ဆရာမကောင်းများဖြစ်လာစေရန် သင်တန်းများပို့ချပေးနေသကဲ့သို့ ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့၏ တပည့်များအား အသိပညာ၊ အတတ်ပညာများနှင့် တိုင်းပြည်ကအားထားရသော လူငယ်မောင်မယ်များအဖြစ်သို့ ရောက်ရှိအောင် သင်ကြားပေးကြရမည်ဖြစ်သည်။ ပညာရေးတွင် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍသည် အရေးကြီးသကဲ့သို့ မိဘများ၏ အခန်းကဏ္ဍမှာလည်း ပို၍အရေးကြီးသည်ဟု ဆိုနိုင်ပါသည်။ မိဘများအနေဖြင့် ကလေးများကို ကျောင်းသို့ရောက်အောင်ပို့ဆောင်ပေးရပါမည်။ ကျောင်းနေအရွယ်ကလေးများ ကျောင်းမနေဘဲ လမ်းမှားသို့ ရောက်သွားကြသည်မှာ အနီးကပ်ရှိနေသူ မိဘများ၏ အားနည်းချက်ဖြစ်သည်။ မည်သို့ပင်ဖြစ်ပါစေ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းမှာရှိနေခြင်း သည်သာ အလှပဆုံး၊ အသင့်တော်ဆုံးဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။