အကြိုဗိုလ်လုပွဲသို့ တက်ရောက်သွားသည့် မြန်မာအမျိုးသမီး ဘောလုံးအသင်းအား နိုင်ငံတော်မှ ထပ်မံပေးအပ်သည့် ဂုဏ်ပြုဆုငွေ အမေရိကန် ဒေါ်လာတစ်သိန်းချီးမြှင့်

ဗီယက်နမ်  မေ  ၁၆

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည်     ယနေ့တွင် ဗီယက်နမ် နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပလျက်ရှိသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ Ha Long City ၌ ကျင်းပလျက်ရှိသည့် အမျိုးသမီးဘောလုံးပြိုင်ပွဲနှင့် အမျိုးသားဘော်လီဘော ပြိုင်ပွဲဝင် မြန်မာအားကစား သမားများကို သွားရောက်တွေ့ဆုံနှုတ်ဆက်သည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာတို့၏ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ ကြိုးစားအားထုတ်မှုကို ပြသယှဉ်ပြိုင် သွားကြရန်၊ အားကစားဖြင့် နိုင်ငံတော်၏ဂုဏ်ကို မြှင့်တင်ကြရန်နှင့် အောင်မြင်မှုရရှိသည် နှင့်အမျှ နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံးက စောင့်မျှော်အားပေးဂုဏ်ပြုကြမည်ဖြစ်ကြောင်း ပြောကြားပြီး အကြိုဗိုလ်လုပွဲသို့ တက်ရောက်သွားသည့် မြန်မာအမျိုးသမီး ဘောလုံးအသင်းကို နိုင်ငံတော်မှ ချီးမြှင့်ငွေ အမေရိကန်ဒေါ်လာ တစ်သိန်းပေးအပ်သည်။

မြန်မာ အမျိုးသမီးဘောလုံး အသင်းသည် အကြိုဗိုလ်လုပွဲအဖြစ် မေ (၁၈) ရက်တွင် ဗီယက်နမ် အမျိုးသမီးဘောလုံး အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဟနွိုင်းမြို့ရှိ Tay Ho အားကစားရုံ၌ ကျင်းပလျှက်ရှိသည့် တိုက်ကွမ်ဒို အားကစားပြိုင်ပွဲမှ မြန်မာအားကစား သမားများ၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှု အားပေးသည်။

ယနေ့ပြိုင်ပွဲများအဖြစ် Ha Dong အားကစားရုံ၌ ဘိလိယက်။စနူကာ အားကစားပြိုင်ပွဲများကိုလည်းကောင်း၊ Hanoi National Sport Training Center ၌ မြားပစ်နှင့် သေနတ်ပစ် အားကစားပြိုင်ပွဲများကိုလည်းကောင်း၊ Hanoi Sport Training Center ၌ ပီတန်းအားကစားပြိုင်ပွဲကို လည်းကောင်း၊ Hoang Mai အားကစားရုံ၌ ပိုက်ကျော်ခြင်း ပြိုင်ပွဲများကို လည်းကောင်း၊  Bac Ninh အားကစားရုံ၌ လက်ဝှေ့အားကစားပြိုင်ပွဲများကို လည်းကောင်း ကျင်းပလျှက်ရှိပြီး မြန်မာအားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိရာ ဘိလိယက် တစ်ဦးချင်း ပြိုင်ပွဲတွင် ဦးပေါက်စက ဗိုလ်လုပွဲနှင့် အမျိုးသား။အမျိုးသမီး (၃)ယောက်တွဲ ပီတန်းပြိုင်ပွဲတွင် မြန်မာအသင်းက အကြို ဗိုလ်လုပွဲသို့ တက်ရောက်သွားသည်။

(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ယနေ့အထိ ရွှေတံဆိပ်(၄)ခု၊ ငွေတံဆိပ်(၅)ခု နှင့် ကြေးတံဆိပ် (၉)ခုတို့ကို ဆွတ်ခူးရရှိထားပြီး စုစုပေါင်း ဆုတံဆိပ်(၁၈)ခုဖြင့် နိုင်ငံအလိုက် အဆင့်ရပ်တည်မှု အဆင့်(၇) တွင် ရပ်တည်လျက်ရှိကြောင်း သိရသည်။