ဆီးဂိမ်းပြိုင်ပွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအမျိုးသားအသင်းက လာအိုအသင်းကို နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိ၊ အင်ဒိုနီးရှား အသင်းကို ရှုံးနိမ့်

ဆီးဂိမ်းပြိုင်ပွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာအမျိုးသားအသင်းက လာအိုအသင်းကို နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိ၊ အင်ဒိုနီးရှား အသင်းကို ရှုံးနိမ့်

ဗီယက်နမ်နိုင်ငံ၌ ကျင်းပနေသော (၃၁) ကြိမ်မြောက်   ဆီးဂိမ်းပြိုင်ပွဲ အမျိုးသား/ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပရာ    အမျိုးသားသုံးယောက်တွဲပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်း   အမျိုးသားအသင်းက အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက တစ်ပွဲနိုင်၊ နှစ်ပွဲရှုံးဖြင့် ရှုံးနိမ့်ပြီး လာအိုအသင်းနှင့် ယှဉ်ပြိုင်ကစားရာ နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိသည်။

 မြန်မာအသင်းသည် အမျိုးသား သုံးယောက်တွဲပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် မေ ၁၇ ရက် (ယနေ့) တွင် ဖိလစ်ပိုင်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ဆက်လက်၍အမျိုးသမီး သုံးယောက်တွဲ ပြိုင်ပွဲတွင် ပိုက်ကျော်ခြင်း(အမျိုးသမီး)အသင်းအနေဖြင့်  မလေးရှားအသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊   ထိုင်းအသင်းကိုလည်း  နှစ်ပွဲပြတ်ဖြင့် လည်းကောင်း ရှုံးနိမ့်သည်။

မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်း(အမျိုး သမီး) အသင်းမှာ သုံးယောက်တွဲပွဲစဉ်များအဖြစ် မေ ၁၇ ရက်(ယနေ့)တွင် ဗီယက်နမ်အသင်းနှင့် လည်းကောင်း၊   ကမ္ဘောဒီးယားအသင်းနှင့်လည်းကောင်း   ဆက်လက် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

(၃၁)ကြိမ်မြောက် ဆီးဂိမ်းတွင် ပိုက်ကျော်ခြင်း  အမျိုးသားအသင်း အနေဖြင့် နှစ်ယောက်တွဲပြိုင်ပွဲ၊ သုံးယောက်တွဲပြိုင်ပွဲနှင့် လေးယောက်တွဲ ပြိုင်ပွဲများ ယှဉ်ပြိုင်မည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်း (အမျိုးသား) အသင်းသည် သုံးယောက်တွဲ ပြိုင်ပွဲတွင် အင်ဒိုနီးရှား၊ လာအို၊ ဖိလစ်ပိုင် အသင်းများနှင့် လည်းကောင်း၊ နှစ်ယောက်တွဲ ပြိုင်ပွဲတွင် လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ် အသင်းနှင့် လည်းကောင်း၊  လေးယောက်တွဲ ပြိုင်ပွဲတွင် ကမ္ဘောဒီးယား၊ ဗီယက်နမ်အသင်းတို့နှင့် လည်းကောင်း   တစ်အုပ်စုတည်း ကျရောက်နေသည်။