နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရေး

တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သူတို့၏ဝါသနာအလိုက် ဆက်လက်တက်လှမ်းရာသည် ဆေးတက္ကသိုလ်များ၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ ရေကြောင်းပညာတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်စသည်ဖြင့်အဆင့်မြင့်တက္ကသိုလ်များဖြစ်သည်။ ထို့ပြင် နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ဦးဆောင်ထမ်းရွက်လိုသူများ အနေဖြင့် စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်၊ တပ်မတော်ဆေးတက္ကသိုလ် စသည်ဖြင့်တက်ရောက်နိုင်ကြသည်။ ကြိုးစားမှု၏ရလဒ်အတိုင်း အခွင့်အရေးပေးထားခြင်း ဖြစ်သည်။ မည်သည့်တက္ကသိုလ်သို့ တက်ရောက်သည်ဖြစ်စေ အားလုံးသည် နိုင်ငံတော်တာဝန်ကိုထမ်းဆောင်ကြသူများသာဖြစ်သည်။

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံ ဖြစ်ပေရာ နိုင်ငံသားများ ပညာရည်မြင့်မားနေရန် လိုသည်။

မိမိတို့တတ်မြောက်ထားသော ပညာရပ်များဖြင့် နိုင်ငံနှင့်ပြည်သူများ၏ အကျိုးစီးပွားကို ထမ်းဆောင်ကြရ မည်ဖြစ်သော်လည်း တချို့မှာ အတွေးအခေါ် လွဲမှားကာ နိုင်ငံ့အကျိုးသယ်ပိုးရန် တုံ့နှေးနေကြသည်။ မိမိတို့ ကိုသင်ကြားပေးထားသောတက္ကသိုလ်များတွင် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများ ရှိကြသည်။

တပ်မတော်ရှိ တက္ကသိုလ်များတွင် တက်ရောက်နေသူများအတွက်မူ တပ်မတော်သားများ ဖြစ်သွား ကြသည့်အတွက် သီးခြားတိုက်တွန်းပြောဆိုရန် မလိုအပ်ပေ။ သူတို့သည် နဂိုမူလကတည်းက နိုင်ငံတော်နှင့် နိုင်ငံသားများကို မိမိတတ်ကျွမ်းသော ပညာရပ်များဖြင့် ကာကွယ်ရန် သန္နိဋ္ဌာန်ပြုထားသူများ ဖြစ်ကြသည်။

မေ ၁၄ ရက်နေ့က ကျန်းမာရေးဝန်ကြီးဌာန၏ ဆေးပညာဘွဲ့ရ အောင်စာရင်းထုတ်ပြန်ပြီးသူများအား နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်စေရေး ကြေညာချက် တစ်ရပ်ကို တွေ့မြင်လိုက်ရသည်။

ဆေးတက္ကသိုလ်များ၏ သင်ကြားရေး ဆေးရုံကြီးများတွင် အလုပ်သင်ဆရာဝန်အဖြစ် တာဝန် ထမ်းဆောင်ပြီး၍ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလနှင့် ၂၀၂၁ ခုနှစ် အောက်တိုဘာလများတွင် ဆေးပညာဘွဲ့ရအောင် စာရင်းထုတ်ပြန်ပြီးသူ စုစုပေါင်း(၁၂၂၂)ဦးတို့သည် သက်ဆိုင်ရာဆေးတက္ကသိုလ်များတွင် ပထမနှစ်သင်တန်းသို့ စတင်တက်ရောက်စဉ် ကတည်းက တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ပါ စည်းမျဉ်းစည်းကမ်းများအတိုင်း ဘွဲ့ရ ရှိပြီးနောက် နိုင်ငံတော်မှ လိုအပ်သည့် အချိန်တွင် နိုင်ငံ့ဝန်ထမ်းအဖြစ် သုံးနှစ်ကြာ မပျက်မကွက်တာဝန် ထမ်းဆောင်ပါမည် ဟု ကတိခံဝန်ချက် လက်မှတ်ရေးထိုးထားပြီး ဖြစ်ပါသည်။

ယခုအခါ  နိုင်ငံတော်တွင် ပြည်သူလူထုအား  ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ဆရာဝန်များ လိုအပ်လျက် ရှိခြင်းကြောင့် အဆိုပါ (၁၂၂၂)ဦးသည် သင်တန်းတက်ရောက်စဉ်က ချုပ်ဆိုခဲ့သည့် ကတိခံဝန်ချက်အတိုင်း  နိုင်ငံ့ဝန်ထမ်းအဖြစ် သုံးနှစ်မပျက်မကွက် တာဝန်ထမ်းဆောင်ရမည် ဖြစ်ကြောင်း ကြေညာအပ်ပါသည်။ ဟူ၍ဖော်ပြထားသည်။ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် တာဝန်ထမ်းဆောင် လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းအချို့သည် မသမာသူတို့၏ သွေးထိုးလှုံ့ဆော်မှုကို နားယောင်ကာ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို မျက်ကွယ်ပြုခဲ့ကြသဖြင့် ကျန်းမာရေးဝန်ထမ်းများ ပြုန်းတီးမှု ဖြစ်ပေါ်ခဲ့သည်။ ကျန်းမာရေးဝန်ထမ်း လိုအပ်လျက်ရှိသည့် ဒေသများတွင် တပ်မတော်မှ ဆေးဝန်ထမ်းတပ်ဖွဲ့များကို တွဲဖက်တာဝန်ပေးအပ်ခြင်းများ လုပ်ဆောင်ခဲ့ရသည်။ တပ်မတော်မှ ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များနှင့် နိုင်ငံ့ဝန်ထမ်းပီသစွာ အနစ်နာခံ၍ တာဝန်ထမ်းဆောင်လျက်ရှိသော အရပ်ဘက် ကျန်းမာရေးဝန်ထမ်းတို့၏ စွမ်းဆောင်မှုကြောင့် လူသားတို့၏ အသက်ပေါင်းများစွာကို ကယ်တင်ပေးနိုင်ခဲ့သည်။

ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆိုသည်မှာ မြန်မာမှုနယ်ပယ်တွင်လွန်စွာ မွန်မြတ်သောလုပ်ငန်း ဖြစ်ပါသည်။ သူတစ်ပါး၏ အသက်ကို ကယ်တင်ရခြင်းမှာ ကုသိုလ်တိုးပွားစေသော အလုပ်ဖြစ်သည်။ နိုင်ငံတော်က သင်ကြားပေးသောပညာဖြင့် နိုင်ငံတော်အကျိုးသယ်ပိုးရခြင်းမှာ ဂုဏ်ယူဖွယ်ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ဆရာဝန်လွန်စွာ နည်းနေသကဲ့သို့ ပျမ်းမျှလူ့သက်တမ်းမှာ နည်းပါးလှသည်။ ထို့ကြောင့်ဆေးတက္ကသိုလ်များကို  အတတ်နိုင်ဆုံးတိုးချဲ့ဖွင့်လှစ်ပေးထားသည်။  မြန်မာနိုင်ငံတွင် ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ ဆေးတက္ကသိုလ်(၂) ရန်ကုန်၊ ဆေးတက္ကသိုလ်(မန္တလေး)၊ ဆေးတက္ကသိုလ်(မကွေး)၊ ဆေးတက္ကသိုလ်(တောင်ကြီး)ဟူ၍ဆေးတက္ကသိုလ်ငါးခုရှိပါသည်။

ဆေးတက္ကသိုလ်များ တည်ထောင်ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ အရည်အသွေးပြည့်ဝသည့် ဆရာဝန်များကို လေ့ကျင့်သင်ကြားမွေးထုတ်ပေးပြီး နိုင်ငံသား ပြည်သူလူထု၏ ကျန်းမာရေးကို မြှင့်တင်ပေးရန်ဖြစ်ပါသည်။ အဆိုပါဆေးတက္ကသိုလ်များသို့တက်ရောက်ကြရာတွင် ဘွဲ့ရပြီးနောက် နိုင်ငံတော်မှလိုအပ်သည့်အချိန်တွင် နိုင်ငံ့ဝန်ထမ်းအဖြစ် သုံးနှစ်ကြာ မပျက်မကွက် တာဝန်ထမ်းဆောင်ပါမည် ဟူ၍ ကတိဝန်ခံချက်ကို လက်မှတ်ရေးထိုး ကြရသည်။ ဆေးတက္ကသိုလ်များ၏ ဆောင်ပုဒ်မှာ  ဥပဋ္ဌာနံ  အနုကမ္မာဒယာ  (Service, Sympathy, Humanity) ဟူ၍ဖြစ်သည်။ဆရာဝန်တစ်ဦးဖြစ်သော ကျွနု်ပ်သည်  ဝေဒနာရှင်လူနာအား ဥပဋ္ဌာနံ-စိတ်ရောကိုယ်ပါ ယုယုယယ ပြုစုကုသပါမည်၊ အနုကမ္မာ-ကိုယ်ချင်းစာတရားလက်ကိုင်ထားလျက် ပြုစုကုသပါမည်၊ ဒယာ-လူလူချင်း ညှာတာထောက်ထားသော အသိဖြင့် ပြုစုကုသပါမည်ဟူ၍ ဆရာဝန်လောင်းလျာတို့ အဓိဋ္ဌာန်ပြု ကြရသည်။  အနှစ်ချုပ်ဆိုရသော်  ကျန်းမာရေးဝန်ကြီးဌာန၏ ကြေညာချက်နှင့်အညီ နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။