၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ဂျာမန်ဘွန်ဒက်စ်လီဂါ အကောင်းဆုံးကစားသမားဆုကို လိုက်ပဇစ်အသင်း တိုက်စစ်မှူး အန်ကူကူဆွတ်ခူးရရှိ

၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ဂျာမန်ဘွန်ဒက်စ်လီဂါ အကောင်းဆုံးကစားသမားဆုကို   ဘိုင်ယန်မြူးနစ် အသင်းတိုက်စစ်မှူး လီဝန်ဒေါစကီးအား ကျော်ဖြတ်ပြီး လိုက်ပဇစ်အသင်းတိုက်စစ်မှူး အန်ကူကူက ဆွတ်ခူး ရရှိကြောင်း သိရသည်။

လိုက်ပဇစ်အသင်းသည်     ယခုဘောလုံးရာသီ အစပိုင်းက ရလဒ်ဆိုးများနှင့်တွေ့ကြုံခဲ့ရသော်လည်း နောက်ပိုင်း ပွဲစဉ်များတွင် ရလဒ်များ ဆက်တိုက်ကောင်းမွန်ခဲ့ကာ  ယခုဘောလုံးရာသီအကုန်တွင် အဆင့်(၄)နေရာ၌ ရပ်တည်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရာတွင် အန်ကူကူက  အရေးပါသည့် အခန်းကဏ္ဍမှ  ပါဝင်ခဲ့သည်။

အသက် ၂၄ နှစ်အရွယ်  အန်ကူကူသည် ၂၀၁၉ ခုနှစ်က  ပီအက်စ်ဂျီအသင်းမှ  လိုက်ပဇစ်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ ပထမဆုံးဘောလုံးရာသီတွင်  ခြေစွမ်းပြနိုင်ခြင်းမရှိသော်လည်း ဒုတိယဘောလုံးရာသီနှင့် ယခုဘောလုံးရာသီတို့တွင် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သူ ဖြစ်သည်။

အန်ကူကူသည် ယခုဘောလုံးရာသီ ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲတွင်  ၃၄  ပွဲ ပါဝင်ကစားခွင့်ရရှိပြီး သွင်းဂိုး ၂၀ သွင်းယူနိုင်ကာ ဂိုးဖန်တီးမှု ၁၃ ကြိမ်ပြုလုပ်နိုင်ခဲ့သဖြင့် အသင်း၏ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်လျက်ရှိသည်။

လာမည့်နွေရာသီ ကစားသမားအပြောင်းအရွှေ့ ကာလတွင်လည်း အန်ကူကူကို မန်ယူအသင်းအပါအဝင် ထိပ်တန်း အသင်းကြီးများက ခေါ်ယူရန် စီစဉ်လျက်ရှိကြောင်း  သိရသည်။                

Ref:Bild