ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ မေ ၁၉ ရက်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယီ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အန်ဟွေးပြည်နယ် ဟွမ်းရှမ်မြို့သို့ မတ် ၃၁ ရက်မှ ဧပြီ ၂ ရက်အထိ အလုပ်သဘောခရီးစဉ်သွားရောက်ခဲ့သည်။ မြန်မာနှင့်တရုတ်တို့သည် ရှေးနှစ် ပေါင်းများစွာကတည်းက ယနေ့တိုင်ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးရှိခဲ့သည်။ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ချက်နှင့် အညီ တစ်နိုင်ငံနှင့်တစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးကောင်းမွန်လျက်ရှိသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် မြန်မာနိုင်ငံနှင့် ပတ်သက်လာလျှင် အိမ်နီးချင်းကောင်းပီသစွာ ရပ်တည်လျက်ရှိသဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးတွင် အခက်အခဲတစ်စုံတစ်ရာမရှိခဲ့ပေ။ အထူးသဖြင့် မြန်မာ့နိုင်ငံရေးတိုးတက်ဖြစ်ပေါ်မှုကို အစဉ်လိုလားသော အိမ်နီးချင်း မိတ်ဆွေကောင်းဖြစ်သည်။ မြန်မာ-တရုတ်နှစ်နိုင်ငံ အိမ်နီးချင်းကောင်း ဆက်ဆံရေးကောင်းမွန်မှုကို အခြားသော နိုင်ငံများက အားကျအတုယူကြမည်ဆိုလျှင်ကမ္ဘာတွင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ မည်သို့သော ပြဿနာမျိုးမျှပေါ်ပေါက်လာမည် မဟုတ်ပေ။ မိတ်ဆွေကောင်းတို့မည်သည် တစ်ဦးကောင်းကျိုးကို တစ်ဦးကသယ်ပိုးလိုစိတ်ထားရှိခြင်းဖြစ်သည်။

နှစ်နိုင်ငံဆွေးနွေးပွဲတွင် ရှိရင်းစွဲဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာရေး၊ မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများကို နှစ်ဖက်အပြန်အလှန် အကျိုးရှိစေမှု အပေါ်မူတည်ပြီး အရှိန်အဟုန်မြှင့် အကောင်အထည် ဖော်သွားရေး၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရေး၊ တရုတ်နိုင်ငံ ချုံချင်းမြို့၌ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဖွင့်လှစ်သွားရေး၊ မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံမှ စိုက်ပျိုးရေးထုတ်ကုန်များအတွက် နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေး လျင်မြန်ချောမွေ့စေရေး၊ ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ယာယီနယ်စပ်ဂိတ်နှင့် အမြဲတမ်းနယ်စပ်ဂိတ် တိုးမြှင့်ဖွင့်လှစ်သွားနိုင်မည့် အလားအလာများကို ရင်းနှီးစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ထို့ပြင် ဒေသတွင်းနှင့် နိုင်ငံတကာ အကျိုးတူကိစ္စရပ်များ အထူးသဖြင့် ကုလသမဂ္ဂနှင့် အာဆီယံမျက်နှာစာတွင် နှစ်နိုင်ငံအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြသည်။ အာဆီယံ၏ တူညီဆန္ဒ(၅)ရပ် ဆက်လက် အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ တစ်နိုင်ငံနှင့် တစ်နိုင်ငံပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုမပြုရေးမူဝါဒ၊ အာဆီယံ ပဋိညာဉ်၊ အခြေခံမူများနှင့်အညီ ဆွေးနွေးခဲ့ကြသည်။ နှစ်နိုင်ငံဆွေးနွေးပွဲအပြီးတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်နှင့် မြန်မာနိုင်ငံမှငှက်ပျောသီးကို တရုတ်နိုင်ငံသို့ တင်ပို့ရန် အပင်ကျန်းမာရေးဆိုင်ရာလိုအပ်ချက် သဘောတူစာချုပ်များ လဲလှယ်ခဲ့ကြသည်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ချုံချင်းမြို့၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးထူထောင်ကြောင်း တရားဝင်ထုတ်ပြန်ခဲ့သည်။ စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်အရ တရုတ်နိုင်ငံမှယွမ်သန်း ၆၅၀ ကို မြန်မာနိုင်ငံအတွက် ကူညီထောက်ပံ့ သွားရန်ရှိကြောင်းနှင့် ငှက်ပျောသီးတင်ပို့ရန် အပင်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်သဘောတူစာချုပ်အရ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ သို့ ငှက်ပျောသီးတင်ပို့မှု အခွင့်အလမ်းများ ပိုမိုရရှိမည်ဖြစ်ကြောင်း သိရှိရသည်။

နှစ်နိုင်ငံတရားဝင် ကုန်သွယ်မှုကို စဉ်ဆက်မပြတ် လုပ်ဆောင်နိုင်မည်ဆိုပါက တရားမဝင်ကုန်သွယ်မှုပပျောက်မည်ဖြစ်သည်။ တရားမဝင် ကုန်သွယ်မှုပပျောက်မှသာ နိုင်ငံတော်အတွက်ရသင့်ရထိုက်သော အခွန်အခများ၊ ရှိသင့်ရှိထိုက်သော ကုန်ပစ္စည်း တန်ဖိုးများ မှန်ကန်မှုရှိပေလိမ့်မည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံသားများ၏ လူမှုစီးပွားဘဝ မြင့်မားရေးကို ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်နှင့်အညီ ဆောင်ရွက်လျက်ရှိပါသည်။ ကိုဗစ်-၁၉ ရောဂါကာလတွင် ထိခိုက် ခဲ့သည့် စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် အမြန်ဆုံးကုစားသွားမည်ဆိုသည့်အတိုင်း လုပ်ဆောင်လျက် ရှိသည့်အပြင် ဈေးကွက်စီးပွားရေးစနစ်တည်ငြိမ်အောင်ဖော်ဆောင်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ရေးဟူသော ဦးတည်ချက်အတိုင်း လုပ်ဆောင်လျက်ရှိပါသည်။ အနှစ်ချုပ်ဆိုရသော် မြန်မာ-တရုတ်နှစ်နိုင်ငံ၏ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ထာဝရကောင်းမွန်လျက်ရှိသဖြင့် နှစ်နိုင်ငံပြည်သူများ   လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။            ။