နှလုံးအားကောင်း မကောင်းကို သင့်ခြေသလုံးတွင် စစ်ဆေးနိုင်သည်

အရေးအကြီးဆုံးကိုယ်တွင်းအင်္ဂါ

နှလုံးသည် လူ့အသက်ရှည် ကျန်းမာရေးအတွက် အရေးအကြီးဆုံးသော ကိုယ်တွင်းအင်္ဂါဖြစ်သည်။ လူများအိပ်ပျော်သည့်တိုင် အနားမယူဘဲ အလုပ်လုပ်နေသူမှာ နှလုံးကြွက်သားများဖြစ်သည်။ နှလုံးကြွက်သားများ အနားယူသည့် အချိန်သည် လူသေဆုံးသည့် အချိန်ဖြစ်လေသည်။  

နှလုံးမှကြွက်သားများ ညှစ်ထုတ်အားကြောင့် တစ်ကိုယ်လုံးသို့ သွေးများရောက်ရှိပြီး နှလုံးကြွက်သားများပြန်ကျုံ့သည့်အခါ  လူ့ခန္ဓာ အနှံ့မှ  သွေးဟောင်းများသည် နှလုံးတွင်းသို့ပြန်လည်ရောက်ရှိကြပြန်သည်။ ထိုသွေးများကို အဆုတ်မှ ရှူသွင်းသည့်လေ (အာနာပါန) ဖြင့် သန့်စင်ပြီး သွေးအသစ်ဖြစ်စေသည်။ ထိုသွေးသစ်ကို ခန္ဓာကိုယ်သို့ ဖြန့်ဖြူးခြင်းကို တစ်မိနစ်လျှင် အကြိမ် ၇၀ မှ အကြိမ် ၁၀၀ ကျော်အထိ နှလုံးကြွက်သားများက မနားမနေ ပြုလုပ်ပေးသည်။

ဤမျှအရေးပါသော နှလုံးကြွက်သားများအားကောင်း၊ မကောင်း တစ်နည်းအားဖြင့် နှလုံးအားကောင်း၊ မကောင်းကို သိရှိနိုင်ရန် ဆေးရုံကြီးများသို့လည်း သွားရောက် မစစ်ဆေးနိုင်၊ ဆရာဝန်ကြီးများနှင့်လည်း ငွေကုန်ကြေးကျခံပြီး သွားရောက် မစစ်ဆေး နိုင်သူများအတွက် မိမိကိုယ်တိုင် စစ်ဆေးနိုင်မည့် နည်းလမ်းတစ်ခုကို တင်ပြလိုသည်။ ဤနည်းမှာ မိမိခြေသလုံးကြွက်သားကို စစ်ဆေးရမည့် နည်းလမ်းဖြစ်သည်။

သလုံးမြင်းခေါင်း ရှေးကရဟန်းတော်များသည် “သလုံးမြင်းခေါင်း (ခြေသလုံး ကြွက်သား) ကောင်းနေသမျှ ဆွမ်းခံစားရမည်” ဟု အဆိုရှိသည်။ တစ်နည်းအားဖြင့် ကျန်းမာနေသည့် ဆွမ်းခံစားနိုင်သည့် အင်အားကို ခြေသလုံးကြွက်သားအင်အားဖြင့် စံပြုတိုင်း တာခြင်းဖြစ်သည်။

ထို့အတူ အနောက်တိုင်းဆေးပညာရှင် ဆရာဝန်ကြီးများကလည်း ခြေသလုံးကြွက်သားများသည် လူ၏ “ဒုတိယနှလုံး” ပင်ဖြစ်သည် ဟုဆိုကြသည်။ နှလုံးအားကောင်း၊ မကောင်းကို စစ်ဆေးလိုလျှင် ခြေသလုံးကြွက်သားများကို အားရှိ၊ မရှိ စစ်ဆေးကြည့်ခြင်းဖြင့် သိနိုင်သည်ဟု ဆိုသည်။

လူငယ်များတွင် ခြေသလုံးကြွက်သားအင်အားကို အထူးစစ်ဆေးနေစရာမလိုပေ။ ပြေးလွှားခြင်း၊ ဘောလုံးကန်ခြင်း၊ တောင်ဆင်း တောင်တက် ပြုလုပ်ခြင်းများသည် ခြေသလုံးကြွက်သားများဖြင့် ပြုလုပ်ရခြင်းဖြစ်သည်။ အသက် ၆၀ ကျော် လူကြီးပိုင်းမှာမူ မတ်တတ် ကြာကြာမရပ်နိုင်ခြင်း၊ ခြေလှမ်းသွက်သွက် မလျှောက်နိုင်ခြင်း၊ လှေကားထစ်များစွာ မတက်နိုင်ခြင်း ပြဿနာများ ရှိလာသည်။   ဤသို့ဖြစ်ရခြင်းမှာ  ခြေသလုံးကြွက်သားများ အားနည်းလာခြင်းကြောင့်ဖြစ်သည်။ ခြေသလုံးကြွက်သားအားနည်းလျှင်၊ တစ်မိုင်ခန့်မျှ လမ်းမလျှောက်နိုင်လျှင်၊ မောလျှင် နှလုံးအားနည်းရောဂါဝင်လာပြီဟု  ခန့်မှန်းနိုင်ပေသည်။

အသက်ကြီးလာလျှင် အချို့လူကြီးများတွင် ခြေသလုံးကြွက်သားများ ပျော့ကျသွားသူများရှိသလို ခြေသလုံးကြွက်သားများ တောင့်တင်းမာခဲပြီး လမ်းမလျှောက်နိုင် သူများလည်းရှိသည်။ ကြွက်တက်သူများပင်ရှိသည်။ မကြာခဏ အနင်းအနှိပ်ခံခြင်း၊ ပရုတ်ဆီ ဆေးအပူများ လိမ်းခြင်းပြုလုပ်သော်လည်း ခြေသလုံးကြွက်သားများမှာ အမြဲတောင့်တင်းနေလေ့ရှိသည်။ ခြေသလုံး ကြွက်သားများ အမြဲတောင့်တင်းနေလေ့ရှိသူများသည် နှလုံးသွေးကြောပိတ်ရောဂါ ဖြစ်နိုင်ခြေရှိသူများဖြစ်သဖြင့် သတိထား သင့်သည်။

နှလုံးကြွက်သား အားကောင်းစေရန်အတွက် လေ့ကျင့်ခန်းမှာ တစ်နေ့လျှင် နှစ်မိုင်ခန့် လမ်းလျှောက်ပေးခြင်းဖြစ်သည်။ လမ်း လျှောက်ပျင်းသူများတွင် ခြေသလုံးကြွက်သား  ပျော့ကျသွားတတ်သည်။ အစားများပြီး  အထိုင်များသူများတွင် ခြေသလုံး<ကက်သား တောင့်တင်းမာကျောပြီး သွေးကြောပိတ်ရောဂါရတတ်သည်။ လူကြီးများ ရေချိုးသည့်အခါတွင်လည်း ဒူးအောက်ပိုင်း ခြေသလုံးမှစ၍ ရေလောင်းပြီးမှသာ ချိုးသင့်ပေသည်။ ပူအိုက်သော ရာသီဖြစ်စေ၊ ချမ်းအေးသောရာသီဖြစ်စေ ခြေဆေးလျှင် ရေအေးဖြင့်သာ ဆေးရမည်။ ရေနွေးဖြင့်ခြေမဆေးသင့်ပါ။ အထူးသဖြင့် ညအိပ်ရာဝင်ခါနီးတွင် ဒူးအထက်မှအောက် ရေလောင်းခြေဆေးခြင်းဖြင့် အပူများအောက်သို့သက်ဆင်းပြီး နှလုံးလေရိုက်ခြင်း၊ မျက်စိအခိုးတက်ခြင်းများမှ ကင်းဝေးစေနိုင်ပါသည်။

နံနက်စောစောလမ်းလျှောက်ခြင်း

နံနက်အိပ်ရာ စောစောထသူများသည် နေထွက်ပြီးမှအိပ်ရာထသူများထက် ပို၍ကျန်းမာရေး ကောင်းကြသည်။ တစ်နေကုန် လမ်းမလျှောက်နိုင်လျှင်နေပါစေ မနက်စောစော နေထွက်စအချိန်တွင် လမ်းလျှောက်ပေးခြင်းဖြင့် ခန္ဓာကိုယ် သွေးလှည့်အဖွဲ့အား အကျိုးပြုစေနိုင်သည်။ လမ်းလျှောက်ခြင်းဖြင့် မြေဆွဲအားကိုဆန့်ကျင်ပြီး သွေးကြောများဆန့်ထွက်ခြင်းကြောင့် နှလုံးအားပါ ကောင်း လာစေနိုင်သည်။

“စောစောအိပ်ထ၊ ပြုကျင့်က၊ တွင်းပကိုယ်ခန္ဓာ၊ ရောဂါခပ်သိမ်း၊ ရှောင်ခွာတိမ်း၊ ကင်းငြိမ်းလွန်ချမ်းသာ” ဟူသော ဆောင်ပုဒ် အတိုင်းပင်ဖြစ်သည်။

အနားမရသောကြွက်သား

ခန္ဓာကိုယ်ရှိကြွက်သားမှန်သမျှသည် တစ်နေကုန်ရုန်းကန်လှုပ်ရှားကြရသည်။ ခြေလက်မှအစ မျက်နှာကြွက်သားများပါမကျန် ကွေးဆန့် ထောက်ကန်ရုန်း ပြန်လှုပ်ရှားမှု အမျိုးမျိုးလုပ်ကြရသည်။

တစ်နေကုန် ၁၂ နာရီမှ ၁၄ နာရီအထိလှုပ်ရှားပြီး   လူတို့အိပ်ချိန်တွင် အနားရကြလေသည်။ အနားရချိန်သည် အနည်းဆုံးလေးနာရီမှ  အများဆုံး ရှစ်နာရီသာကြာသည်။ ထိုအချိန်တွင် ကြွက်သားများ အားပြန်ပြည့်လာသည်။ ထိုအချိန်တွင် လုံးဝအနားမရသောကြွက် သားများလည်းရှိသည်။ ထိုကြွက်သားများမှာ လူ့အသက်ရှင်ရပ်တည်ရေးအတွက် အရေးကြီးသည့် အသက်ရှူသည့် အဆုတ် ကြွက်သားများနှင့် နှလုံးခုန်ခြင်းကို စည်းဝါးမှန်မှန်ဆောင်ရွက်ပေးသည့် နှလုံးကြွက်သားတို့ဖြစ်ကြသည်။

အထူးသဖြင့် နှလုံးကြွက်သားသည် အနားလုံးဝမရသည့် အရေးကြီးကြွက်သားဖြစ်သည်။ နှလုံးမှသွေးများ ခန္ဓာကိုယ် အနှံ့ရောက် ရှိစေရန် ညှစ်ထုတ်ရခြင်းနှင့် ဖြန့်ထားပြီးသွေးများနှလုံးသို့ပြန်လည်ရောက်ရှိစေရန်ကျုံ့ရာမှပြန်ပွရခြင်းတို့ဖြစ်သည်။ နှလုံးကြွက်သား သည် ထိုကျုံ့ချိန်နှင့်ပွချိန်ကြားတွင် တစ်စက္ကန့်၏ဆယ်ပုံတစ်ပုံခန့်သာအနားရသည်ဟုဆိုသည်။  

လူ့သက်တန်း ၁၀၀ ဟုဆိုသော်လည်း ထက်ဝက်ခန့် အသက် ၅၀ ဆိုလျှင်ပင် နှလုံးသည်ပင်ပန်းနေပြီဖြစ်သည်။ စက်သဘောနှင့် ပြောရလျှင် အင်ဂျင်ကျစပြုလာပြီဖြစ်သည်။ ထိုနှလုံးခေါ် လူ့အသက်စက်ထိုး ရပ်မသွားစေရန် နှလုံးကျန်းမာရေး (တစ်နည်း) နှလုံးကြွက်သားများ ကျန်းမာရေးသည် အလွန်အရေးကြီးပေသည်။

ခြေသလုံးကြွက်သား

အသက်ကြီးလာသောအခါ ခြေသလုံးကြွက်သားများသည် ငယ်စဉ်ကကဲ့သို့ တောင့်တောင့်တင်းတင်းမရှိတော့ဘဲ လျော့ရိလျော့ရဲ ဖြစ်လာသည်ကို သတိထားမိကြမည်ထင်ပါသည်။ ထိုသူများ၏ ရင်ဘတ်အတွင်းမှ နှလုံးသားသည်လည်း လျော့ရိလျော့ရဲ ဖြစ်နေမည်ကို မှန်းဆဖို့လိုသည်။

ထိုခြေသလုံးကြွက်သားများ လျော့ရိလျော့ရဲဖြစ်နေခြင်းကို ပြန်လည်သန်စွမ်းစေရန် လမ်းများများလျှောက်ခြင်း၊ အပြေး လေ့ကျင့်ခန်း လုပ်ခြင်း၊ စက်ဘီးစီးခြင်း၊ လှေကားအဆင်းအတက်ပြုလုပ်ခြင်းတို့ဖြင့် ကုစားနိုင်ပါသည်။

ထိုသို့ လေ့ကျင့်ခန်းတစ်ခုခုကို လနှင့်ချီ၍မှန်မှန်ပြုလုပ်ပေးလျှင် ခြေသလုံးကြွက်သားများ ပြန်လည် တင်းတောင့်လာသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုအခါ သူ၏နှလုံးမှကြွက်သားများသည်လည်း တိုးတက်ပြီး ကျန်းမာသန်စွမ်းလာပြီဟု ခန့်မှန်းနိုင်သည်။ အဘယ်ကြောင့်ဆိုသော် နှလုံးသွေးပို့အားကောင်းလာသဖြင့် သွေးပေါင်ချိန်ပုံမှန်ဖြစ်လာမည်။ မျက်နှာတွင်ကြည်လင်လာမည်။ အမော သက်သာပြီး နေကောင်းလာမည်။ အိပ်ပျော် စားဝင်ဖြစ်လာမည်။

နှလုံးအားကောင်းစေရန် ခြေသလုံး

ကြွက်က်သားကိုကုရမည်ဆိုလျှင် မသိသောသူများအတွက်လူရယ်ဖွယ်ဖြစ်သော်လည်း ထိုအကြောင်းအရာနှစ်ခုမှာ သိပ္ပံနည်းကျ ဆက်စပ်နေသည်ကိုတွေ့ရှိရပေသည်။ ထို့ကြောင့် သင့်နှလုံးကြွက်သားများ အားကောင်းစေရန် နေ့စဉ်လမ်းလျှောက်ပါ။ ခြေသလုံး ကြွက်သား တောင့်တင်းသန်မာစေသည့် အပြေးလေ့ကျင့်ခန်း၊ စက်ဘီးစီးခြင်း၊ကြိုးခုန်ခြင်း၊ တောင်တက်ခြင်း၊ လှေကားအဆင်း အတက်ပြုလုပ်ခြင်းများ ပြုလုပ်ကြပါဟု နှလုံးကျန်းမာရေး နည်းလမ်းအဖြစ် အကြံပြုရေးသားလိုက်ရပေသည်။  ။

ကြည်လွင်မြင့်

(မုဒြာ)