တာဝန်မှကင်းကွာနေသော အခြေခံပညာရေးဝန်ထမ်းများအား ပြန်လည်ဖိတ်ခေါ်ခြင်း

တာဝန်မှကင်းကွာနေသော အခြေခံပညာရေးဝန်ထမ်းများအား ပြန်လည်ဖိတ်ခေါ်ခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဦးတည်ချက် ၉ ရပ် ချမှတ်ဆောင်ရွက်လျက် ရှိရာ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး ဆိုသည့် လူမှုရေးဦးတည်ချက် တစ်ရပ်ကိုလည်း ထည့်သွင်းချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်၏ လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်စေရန် မျိုးဆက်သစ်လူငယ်များ၏ ပညာရည် မြင့်မားရေး အတွက် ပညာသင်အခွင့်အလမ်း ပုံမှန်ပြန်လည်ရရှိစေရေးကို အထူးအလေးထား ကြိုးပမ်းဆောင်ရွက် လျက်ရှိပါသည်။

မျိုးဆက်သစ်လူငယ်များ၏ ပညာရေးကို ရှေးရှု၍ နိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်း များကို ၁-၁၁-၂၀၂၁ ရက်နေ့တွင်လည်းကောင်း၊ အဆင့်မြင့်ပညာတက္ကသိုလ်/ ကောလိပ်များကို ၁၂-၅-၂၀၂၂ ရက်နေ့တွင်လည်းကောင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါသည်။ ဆက်လက်၍ ၂၀၂၂-၂၀၂၃ ခုနှစ်ပညာသင်နှစ်အတွက် အခြေခံပညာသင်ကျောင်းများကို  ၂-၆-၂၀၂၂ ရက်နေ့တွင် ပြန်လည် ဖွင့်လှစ် သွားမည်ဖြစ်ပါသည်။

အနာဂတ်၏ခေါင်းဆောင်များ ဖြစ်လာကြမည့် မျိုးဆက်သစ် လူငယ်များ၏ ပညာရည် မြင့်မားရေးကို ဆောင်ရွက်ရာတွင် အခြေခံပညာရေးသည် များစွာအဓိကကျပါသည်။ အခြေခံပညာ သင်ကြားကြမည့် ကျောင်းသားလူငယ်များ ပညာရည်နို့ကို အပြည့်အဝသောက်စို့နိုင်ရန်နှင့် အရည် အသွေးပြည့်ဝပြီး ဆရာ၊ တပည့် အချိုးမျှတသည့် သင်ကြားမှုစနစ်ဖြစ်စေရန်အတွက် အတွေ့အကြုံရှိ ဆရာ/ဆရာမများလိုအပ်ပါသည်။ ခြိမ်းခြောက်အကျပ်ကိုင်ခံရမှုကြောင့် လည်းကောင်း၊ ငြိမ်းချမ်းစွာဆန္ဒ ပြမှုများတွင် ပါဝင်ခဲ့မိသောကြောင့်လည်းကောင်း စိုးရိမ်ကြောင့်ကြမှုများကြောင့် တာဝန်မှ ကင်းကွာ ခဲ့ကြသော ပညာရေးဝန်ထမ်း ဆရာ/ဆရာမများ၊ ဝန်ထမ်းစည်းကမ်းဖြင့် အရေးယူခံထားရသည့် ဆရာဆရာမများ အနေဖြင့် နိုင်ငံသားမျိုးဆက်သစ်လူငယ်များအတွက် စေတနာ၊ ဝါသနာ၊ အနစ်နာ ဟူသော နာသုံးနာကို ရှေးရှု၍ သင်ကြားရေးတာဝန်များကို ပြန်လည် ထမ်းဆောင်နိုင်ရန်အတွက် မိမိတို့၏ သဘောဆန္ဒအလျောက် မိမိတို့နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့ရာ ကျောင်းတည်ရှိသည့် မြို့နယ်ပညာရေးမှူးရုံးသို့ဖြစ်စေ၊ မိမိတို့လက်ရှိနေထိုင်ရာဒေသရှိ နီးစပ်ရာ မြို့နယ်ပညာရေးမှူးရုံး သို့ဖြစ်စေ သတ်မှတ်ပုံစံများဖြည့်စွက်ရန်နှင့် အယူခံလွှာတင်သွင်းရန်တို့ အတွက် ၃၁ - ၅ - ၂၀၂၂ ရက်နေ့မတိုင်မီ သတင်းပို့ကြရန် ဖြစ်ပါသည်။

တာဝန်မှကင်းကွာနေသော အခြေခံပညာရေးဝန်ထမ်းများအနက် တာဝန် ထမ်းဆောင်ရန် အကြောင်းအမျိုးမျိုးကြောင့် ခွင့်မဲ့ပျက်ကွက်နေသောဝန်ထမ်းများ၊ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးဆဲ ဝန်ထမ်းများနှင့်  အယူခံတင်သွင်းသည့် ဝန်ထမ်းများအား တာဝန်ပျက်ကွက်ခဲ့သည့်ကာလများကို လစာမဲ့ခွင့်အဖြစ်သတ်မှတ်၍ ကြီးလေးသော ရာဇဝတ်မှုကျူးလွန်ထားသူများမှအပ တာဝန်ပြန်လည် ထမ်းဆောင်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

သတင်းထုတ်ပြန်ရေးအဖွဲ့