တရားမဝင်ကုန်သွယ်မှုပပျောက်ရေး

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ မေ ၂၀ ရက်)

“တရားမဝင်ကုန်သွယ်မှုများရှိနေဆဲဖြစ်လို့ ထိထိရောက်ရောက် အရှိန်မြှင့်ဆောင်ရွက်ဖို့နှင့် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ တရားမဝင်ကုန်သွယ်မှုများ မရှိစေရေး အလေးထားကြပ်မတ်ဆောင်ရွက်ဖို့” နိုင်ငံတော်အကြီးအကဲက လမ်းညွှန် မှာကြားခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၂/၂၀၂၂) တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားခဲ့သည်။

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် သက်ဆိုင်ရာတာဝန်ရှိသူများက ပိုမိုပူးပေါင်းဆောင်ရွက်ကြသည့်အတွက် ဖမ်းဆီးရမိမှုများမှာ ပိုမိုများပြားလာသည်ကိုတွေ့ရသည်။ တရားမဝင်ကုန်သွယ်မှု ရှိနေခြင်းသည် နိုင်ငံတော်နှင့်စီးပွားရေးမဏ္ဍိုင်ကို ထိုးနှက်မှုရှိနေသည့်အတွက် အရှိန်အဟုန်မြှင့်ကာ ဆောင်ရွက်နေခြင်းဖြစ်ပါသည်။ ဖမ်းဆီးရမိပစ္စည်းများတွင် ကန့်သတ်ကုန် ပစ္စည်းများ၊ အကောက်ခွန်မဲ့ ကုန်ပစ္စည်းများနှင့် ပေါက်ကွဲစေတတ်သည့် ကန့်သတ်ပစ္စည်းများသာမက ဓာတုကုန်ကြမ်းပစ္စည်းများ၊ မူးယစ်ဆေးဝါးများနှင့် လိုင်စင်မဲ့မော်တော်ယာဉ်များကိုပါ ဖမ်းဆီးရမိလျက်ရှိပါသည်။

အဆိုပါ ဖမ်းဆီးရမိကုန်ပစ္စည်းများမှ ကန့်သတ်ထားသည့် ပေါက်ကွဲစေတတ်သောပစ္စည်းများ၊ ဓာတုကုန်ကြမ်းပစ္စည်းများနှင့် မူးယစ် ဆေးဝါးများသည် ပြည်တွင်း၌အသုံးချရန်ရည်ရွယ်ခဲ့ပါက တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက် အလွန်အန္တရာယ် ကြီးမားလှ သည်။ ထို့အတူ အခြားနိုင်ငံများသို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ရောက်ရှိသွားမည်ဆိုပါက မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည်ဖြစ်ပါသည်။ တာဝန်ကျ ဝန်ထမ်းများအနေဖြင့် တားဆီးစစ်ဆေးအရေးယူမှုများနှင့် စပ်လျဉ်း၍ သစ္စာရှိရှိ တင်းတင်း ကျပ်ကျပ် ပိုမိုဆောင်ရွက်နိုင်မှသာ တရားမဝင်ကုန်သွယ်မှုပပျောက်မည်ဖြစ်သည်။

ထိုသို့ပိုမိုထိရောက်စွာ လုပ်ဆောင်လာမှုကြောင့် တိုးတက်မှုတစ်ခုအနေဖြင့် ယခင်ကတရားမဝင်ကုန်သွယ်မှု ဖမ်းဆီးရမိမှုမရှိခဲ့သည့် ကချင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့တွင် ဖမ်းဆီးရမိမှုများ ရှိလာသည်ကိုတွေ့ရသည်။ နယ်စပ်ဒေသများ၊ လေဆိပ်များ၊ ဆိပ်ကမ်းများနှင့် ကုန်းတွင်းပိုင်းတို့တွင် ဖမ်းဆီးရမိမှုများရှိနေသော်လည်း ကမ်းရိုးတန်းဒေသများ၌ ဖမ်းဆီးရမိမှု အားနည်းနေသေး သည်။ ပြည်သူလူထုကို အန္တရာယ်ဖြစ်စေနိုင်သည့် အစားအသောက်နှင့်ဆေးဝါးများ၊ အလှကုန်ပစ္စည်းများနှင့် ပတ်သက်၍လည်း အမျိုးသားအဆင့် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး မူဝါဒလုပ်ငန်းစဉ်များအတိုင်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြ ရမည်ဖြစ်ပါသည်။

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရာတွင် တားဆီးစစ်ဆေးမှုကြောင့် ဖော်ထုတ်ဖမ်းဆီးရမိမှုရှိသလို တာဝန်သိပြည်သူများ၏ သတင်း ပေးတိုင်ကြားမှုများမှတစ်ဆင့် ဖော်ထုတ်ဖမ်းဆီးရမိမှုများရှိသည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှဧပြီလအတွင်း သတင်းပေး တိုင်ကြားမှု စုစုပေါင်း(၂၉)မှုရှိခဲ့သည်။ ဖမ်းဆီးရမိမှု(၂၂)မှု၊ သတင်းမှားငါးမှု၊ နောက်ကျသတင်းပေးတစ်မှုနှင့် ဆောင်ရွက်ဆဲတစ်မှုတို့ ဖြစ်ကြောင်း သိရသည်။ သတင်းပေးတိုင်ကြားမှု၏ ၇၆ ရာခိုင်နှုန်းခန့်မှာ  အမှန်တကယ် ဖမ်းဆီးရမိခဲ့ကြောင်း တွေ့ရှိရသည်။ မည်သည့် ကိစ္စရပ် မဆို ပြည်သူလူထုပူးပေါင်းပါဝင်မှုက နိုင်ငံတော်အတွက် များစွာအထောက်အကူဖြစ်စေပါသည်။

တရားမဝင်ကုန်သွယ်မှု ဖမ်းဆီးရမိမှုများနှင့် စပ်လျဉ်း၍ တကယ်စွမ်းစွမ်းတမံဆောင်ရွက်သူများကို ထိုက်တန်သော ဆုကြေးများ ပေးအပ်လျက်ရှိသည်။ သတ်မှတ်ထားသည့်ဆုကြေးများ မြန်မြန်ဆန်ဆန် ခွဲဝေချီးမြှင့်ပေးမှုများကြောင့် တာဝန်ကျဝန်ထမ်းများ အနေဖြင့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးတွင် စိတ်အားထက်သန်မှု ပိုမိုဖြစ်ပေါ်လျက်ရှိသည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ သုံးလအတွင်း ဖမ်းဆီးရမိမှု စုစုပေါင်းအမှုတွဲ (၈၄၆)မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ်(၁၂ ဒသမ ၉၀၄)ဘီလီယံဖြစ်ပြီး ယခင်နှစ် ကာလတူ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ သုံးလအတွင်း ဖမ်းဆီးရမိမှု စုစုပေါင်းအမှုတွဲ(၅၀၁)မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ်  (၁ ဒသမ ၈၁၅) ဘီလီယံဖြစ်သည့်အတွက် ကာလတူတွင် အမှုတွဲ(၃၄၅)မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် (၁၁ ဒသမ ၀၈၉) ဘီလီယံပိုမို ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရှိရသည်။

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သစ်မျိုးစုံ၊ စားသောက်ကုန်များ၊ မိုဘိုင်းဖုန်းများ၊ ရေလုပ်ငန်းသုံး ပစ္စည်းများ၊ ရေနံစိမ်းများ၊ ဓာတုပစ္စည်းများ၊ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ၊ အထည်အလိပ်များ၊ ငါးမွေးကန်သုံး ပစ္စည်းများ၊ ယန္တရားအပိုပစ္စည်းများ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊ ဂိမ်းစက်များ၊ စကျင်ကျောက်ပြားချပ်များ၊ စက်သုံးဆီများ၊ လူသုံး ကုန်ပစ္စည်းများ စသည်ဖြင့်အမျိုးအမည်စုံလင်စွာ နေ့စဉ်နီးပါးဖမ်းဆီးရမိလျက်ရှိသည်။ မေ ၁၇ ရက်နေ့သတင်းများတွင် ရန်ကုန်တိုင်း ဒေသကြီးမြောက် ဥက္ကလာပမြို့နယ်၌ မလေးရှားနိုင်ငံသို့သယ်ဆောင်မည့် ငွေကျပ် ၆ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ် အဖက်တမင်း)များ ဖမ်းဆီးရမိကြောင်း ဖော်ပြပါရှိသည်။ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး လုပ်ငန်းများ အောင်မြင်လာ သည်နှင့်အမျှ နိုင်ငံ့ဂုဏ်သိက္ခာ မြင့်မားလာမည်ဖြစ်သလို နိုင်ငံတော်၏ စီးပွားရေးလည်း ပိုမိုတည်ငြိမ်လာမည်ဖြစ်ပေရာ တရားမဝင် ကုန်ပစ္စည်းများ ဖမ်းဆီးရမိခြင်းအတွက် ဂုဏ်ယူပါကြောင်း ရေးသားလိုက်ရပေသည်။    ။