သတ္တမမြောက် ရွှေတံဆိပ်ဆုကို ပိုက်ကျော်ခြင်းအားကစားနည်းမှဆွတ်ခူး (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ ဂျူဒို၊ ကနူး/ကယက်၊ လှေလှော်နှင့်တိုက်ကွမ်ဒို အားကစားနည်းတို့မှ ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ်များထပ်မံ ဆွတ်ခူးရရှိ

ဗီယက်နမ်  မေ ၁၉

ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့်  (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/အားကစားရုံများ၌ ကျင်းပလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် ဗီယက်နမ်နိုင်ငံ   ဟနွိုင်းမြို့ရှိ  Hoang Mai အားကစားရုံ၌ ကျင်းပသည့် ပိုက်ကျော်ခြင်းအားကစားနည်း အမျိုးသား/အမျိုးသမီးဗိုလ်လုပွဲစဉ်များ၌ အမျိုးသမီး (နှစ်ယောက်တွဲ) အသင်းလိုက် (Regu)ပြိုင်ပွဲတွင် အိမ်ရှင်ဗီယက်နမ်အသင်းကို (၂-၁) ဖြင့် အနိုင်ရရှိခဲ့ပြီး မြန်မာနိုင်ငံအတွက် သတ္တမမြောက် ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရယူပေးနိုင်ခဲ့ကြောင်း၊ အမျိုးသား(နှစ်ယောက်တွဲ) အသင်းလိုက်ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုကိုလည်းကောင်း၊ ပြေးခုန်ပစ်အားကစားနည်းမှ ၂၀ ကီလိုမီတာ အမျိုးသမီး (လမ်းလျှောက်) ပြိုင်ပွဲ ဖိုင်နယ်ပွဲစဉ်၌ မြန်မာ၊ မလေးရှား၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ ယှဉ်ပြိုင်ကြရာတွင်     ဇင်မေထက်က ငွေတံဆိပ်ဆုကိုလည်းကောင်း အသီးသီး ထပ်မံဆွတ်ခူးရရှိခဲ့ကြသည်။

အလားတူ ယနေ့ပြိုင်ပွဲများအဖြစ်  ဂျူဒို အားကစားနည်းမှ (-57kg) ကီလိုတန်း အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ခြူးမြတ်နိုးဝေနှင့် (-63kg) ကီလိုတန်းတွင် နွယ်နီပွင့်လှိုင်တို့က  ငွေတံဆိပ်ဆု တစ်ခုစီကိုလည်းကောင်း၊   ကနူး/ကယက်လှေလှော် အားကစားနည်းမှ ကယက်လှေလှော် မီတာ (၁၀၀၀) အမျိုးသား နှစ်ယောက်တွဲပွဲစဉ်၌ မြန်မာ၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နှင့် မလေးရှားနိုင်ငံတို့က ယှဉ်ပြိုင်ကစားကြရာ မြန်မာနိုင်ငံမှ ကြေးတံဆိပ်ဆုကို လည်းကောင်း ရရှိခဲ့သည်။ 

ထို့ပြင်  တိုက်ကွမ်ဒိုအားကစားနည်း အတိုက်ပြိုင်ပွဲ (-49kg) ကီလိုတန်းတွင် ဒေစီဂျူးလိယက်က   ငွေတံဆိပ်ဆု၊ (-80kg) ကီလိုတန်းတွင် ထက်ဇော်လင်းနှင့် (-87kg) ကီလိုတန်းပြိုင်ပွဲတွင် ကျော်မင်းနိုင်တို့က  ကြေးတံဆိပ်ဆု တစ်ခုစီ၊ ဗိုဗီနမ်အားကစားနည်းမှ (-65kg) ကီလိုတန်းတွင် ဇင်မာခိုင်က ကြေးတံဆိပ်ဆုအသီးသီး ထပ်မံဆွတ်ခူးပေးနိုင်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ယနေ့ယှဉ်ပြိုင်လျက်ရှိသော အားကစားနည်းများမှ ပြေးခုန်ပစ် အားကစား ပြိုင်ပွဲ၊     အလေးမအားကစားပြိုင်ပွဲ၊ ဗိုဗီနမ်နှင့် ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲများတွင် မြန်မာအသင်း ဝင်ရောက်ယှဉ်ပြိုင် ကစားနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ပြေးခုန်ပစ်၊ စစ်တုရင်၊ သေနတ်ပစ်၊ ဘိလိယက်၊ လက်ဝှေ့၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ အလေးမနှင့် ဗိုဗီနမ်အားကစားနည်းများတွင် မြန်မာအားကစားအဖွဲ့များမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မေ ၂၀ ရက် (ယနေ့)ပွဲစဉ်များအဖြစ် စစ်တုရင်၊ ပိုက်ကျော်ခြင်း၊ သေနတ်ပစ်၊ E-Sports ၊ ဘော်လီဘော၊ ကနူးလှေလှော်၊ ဂျူဒို၊ ဗိုဗီနမ်၊ အလေးမ၊ လက်ဝှေ့နှင့် ဘိလိယက် အားကစားပြိုင်ပွဲများကို ဆက်လက် ဝင်ရောက်ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက ယနေ့အထိ ရွှေတံဆိပ် ခုနစ်ခု၊ ငွေတံဆိပ် ၁၂ ခုနှင့် ကြေးတံဆိပ် ၂၀ ခုတို့ကို ဆွတ်ခူးရရှိထားပြီး စုစုပေါင်း ဆုတံဆိပ် ၃၉ ခုဖြင့် နိုင်ငံအလိုက် အဆင့်ရပ်တည်မှု အဆင့်(၇)တွင် ရပ်တည်လျက်ရှိကြောင်း သိရသည်။         

ဝန်းရံခ