ခံတွင်းကျန်းမာရေးနှင့် ခံတွင်းကင်ဆာ

ခံတွင်းကျန်းမာရေးနှင့် ခံတွင်းကင်ဆာ

မြန်မာလူမျိုးတွေ ကွမ်းသိပ်စားတယ်။ ကွမ်းရွက်၊ ကွမ်းသီး၊ ကွမ်းစားဆေး၊ ထုံး၊ နွယ်ချိုဆိုပြီး အဓိကထားပါဝင်ရာ မြန်မာရာဇဝင်အရ အနော်ရထာမင်း လက်ထက်လူစွမ်းကောင်းဗျတ္တကို ပုပ္ပားတောင်နဲ့ပုဂံကြားမနက်၊ ညပန်(အိန္ဒိယစကား) ကွမ်းရွက်ဆက်သစေ တယ်လို့ အတိအလင်းဆိုထားတယ်။ ရခိုင်ရာဇဝင်မှာ နန်းတော်ကိုထုံးသုတ်လို့ ညစ်ပတ်ကုန်လို့ သည်တစ်ခါထုံးသုတ်တဲ့ လက်ဖြတ် စေဆိုပြီး ဘုရင်ကိုယ်တိုင်အမိန့်ထုတ်၊ ကိုယ်တိုင်သုတ်မိလို့ ကိုယ်တိုင်လက်ညှိုးဖြတ်တော်မူတယ်ဟု ကြားဖူးခဲ့တယ်။ လူစွမ်း ကောင်း ဗျတ်ဝိကိုဖမ်းလို့ သတ်လို့မရတော့    မယ်အိုဇာဆက်သတဲ့  ကွမ်းတစ်ယာရေတစ်မှုတ်နဲ့ လူစွမ်းကောင်းဂုဏ်သတ္တိတွေ ကျဆင်းကာ အဖမ်းခံ၊ အသတ်ခံရတယ်ဆိုတော့ ရာမညတိုင်းကပဲစလေမလား။ ပျူခေတ်ကတည်းကရှိသလား။ အိန္ဒိယကုန်သွယ်ရင်းနဲ့ အိန္ဒိယ တိုင်းရင်းသားတွေပါလာပြီး မြန်မာနိုင်ငံအခြေချရာကနေစလာသလားပဲ။

အစာအိမ်အူလမ်းကြောင်းရဲ့အစဟာ ပါးစပ်၊ ခံတွင်းနဲ့ အစာရေမျိုပြွန်၊ အစာအိမ်၊ အူသိမ်၊ အူမကြီး၊ စအိုထိရှိနေရာ အစာအိမ်၊ အူလမ်းကြောင်းထဲမှာ လူကိုအကျိုးပြုဗက်တီးရီးယားနဲ့ လူကိုအကျိုးမဲ့စေတဲ့ ဗက်တီးရီးယားတို့ ပါဝင်ပါတယ်။ လူကိုအကျိုးပြု ဗက်တီးရီးယားတွေဟာ အူလမ်းကြောင်းကျန်းမာရေးကို အထောက်အကူပြုသလို လူတွေသိပ်မရင်းနှီးတဲ့ အစိတ်အပိုင်း တစ်ခုရှိသေး တယ်။ လူတွေရဲ့ ခံတွင်းဟာ အဏုဇီဝအမျိုးအစား ၇၀၀ ကျော်ရှိနေပြီးခန္ဓာကိုယ်မှာ ဒုတိယအများဆုံး ပိုးမွှားရှိရာနေရာပဲဖြစ်တယ်။

ပါးစပ်ဟာခံတွင်းအတွင်း အစာအာဟာရထည့်သွင်းတဲ့ ပင်မအပေါ်ကဖြစ်တာကြောင့် ခန္ဓာကိုယ်ရဲ့ပင်မတံခါးပဲဖြစ်တယ်။ အူလမ်း ကြောင်းရဲ့ ဝင်ပေါက်တစ်ခုဖြစသလို အစာအိမ်နဲ့လည်း ဆက်စပ်တည်ရှိနေလို့  ဂိတ်တံခါးဖြစ်တယ်။ တစ်နေ့မှာအကြိမ် ၅၀၀-၁၀၀၀ ကွမ်းဝါးမျိုတဲ့ပါးစပ်ဟာ ခန္ဓာကိုယ်အတွက် မျိုးစေ့တွေချပေးနေတယ်။ ခံတွင်းကျန်းမာရေးက အရေးကြီးတယ်။ ခံတွင်းမှာရှိတဲ့ အဏုဇီဝ ပိုးမွှားတွေသာ မကောင်းတဲ့ဗက်တီးရီးယားတွေဖြစ်ရင် ခန္ဓာကိုယ်မညီမမျှဖြစ်ပြီး ကျန်းမာရေး ဆိုးဆိုးရွားရွား ထိခိုက်စေ တယ်။  ခံတွင်းကျန်းမာရေးကောင်းဖို့ အာဟာရဓာတ်တွေပေးဖို့လိုအပ်သလို ကျန်းမာအောင်ထားဖို့လိုအပ်တယ်။

ခံတွင်းစနစ်မှာ ပါးစပ်၊ နှာခေါင်း၊ လည်ချောင်း၊ အာသီး၊ အစာအိမ်ပြွန်တို့ပါဝင်ပြီး သဘာဝအလျောက် သူ့ဘာသာ ညီညွတ်မျှတနေ တယ်။ ခံတွင်းမှာ ရှိနေတဲ့ကောင်းမွန်စေတဲ့ ဗက်တီးရီးယားကသွားကို အက်စစ်ဓာတ် တိုက်ဖျက်မှုကနေ ကာကွယ်ပေးတယ်။ ကောင်းမွန်တဲ့ ဗက်တီးရီးယားပေါက်ပွားမှု မဖြစ်ပေါ်စေဖို့ ကူညီပြီး ခံတွင်းအတွင်း ပီအိပ်(PH)ညီမျှမှုကို ဖြစ်ပေါ်စေတယ်ဆိုတယ်။

ခံတွင်းမှာရှိတဲ့ကောင်းမွန်စေတဲ့ ဗက်တီးရီးယားဆိုတာ သွားကိုအက်စစ်ဓာတ်တိုက်ဖျက်မှုကနေ ကာကွယ်ပေးတယ်။ကောင်းမွန်တဲ့ ဗက်တီးရီးယား ပေါက်ပွားမှုမဖြစ်ပေါ်စေဖို့ ကူညီပေးပြီး ခံတွင်းပီအိပ်ညီမျှမှုဖြစ်ပေါ်စေတယ်လို့ ဆိုတယ်။ ခံတွင်းကျန်းမာစေတဲ့ ပိုးမွှားလေးတွေကို  ထိခိုက်စေနိုင်တဲ့ အပြုအမူတွေရှိတယ်။  ခံတွင်းကျန်းမာရေးကို ကောင်းကောင်းမွေးမြူဖို့ဆိုရင် အလေ့အကျင့် ကောင်းတွေ မွေးမြူဖို့လိုအပ်တယ်။ တိုက်မျှင်အသုံးပြုတာကို သွားမတိုက်ခင်ပြုလုပ်ဖို့လိုတယ်။ သွားတိုက်ပေမယ့်  သွားကြားထဲ ကျန်ရှိနေတတ်တဲ့ အစားအစာ အကြွင်းအကျန်တွေဟာ သွားပိုးစားခြင်းနဲ့ သွားကြေးတက်ခြင်း ဖြစ်စေပါတယ်။

သွားတိုက်မျှင်ကို သေချာမသုံးတတ်ရင် သွားဖုံးသွေးယိုခြင်း၊ သွားဖုံးရောင်ရမ်းခြင်းပြဿနာတွေ အစပိုင်းပေါ်လာတယ်။ စနစ်တကျ လုပ်ဆောင်သွားရင် သွားကျန်းမာရေး အထောက်အကူပြုတယ်။  သွားလိုပဲလျှာတွေမှာလည်းမကောင်းတဲ့ ဗက်တီးရီးယား ပိုးမွှားတွေ ကျန်ရှိနေနိုင်လို့   အခါးအရသာတွေပါးစပ်ထဲမှာ ကျန်နေတတ်တယ်။ လျှာကိုပါသေချာစွာသန့်စင်ပေးဖို့လိုအပ်ပါတယ်။မကောင်းတဲ့  ဗက်တီးရီးယားပိုးမွှားတွေဟာ သကြားအလွန်ကြိုက်ပါတယ်။ အက်စစ်ဓာတ်များတဲ့ခံတွင်းမှာ သကြားအချိုဓာတ်ကို စားသုံးရင်း  ကြီးထွား တတ်ကြတယ်။ ဒါကြောင့် ခံတွင်းကျန်းမာရေးကို ဂရုစိုက်မယ်ဆိုရင် သကြားနဲ့အသင့်စားအစားအစာ ဟမ်ဘာဂါ၊ ဆင်းဒဝှစ်၊ ပီဇာ၊ အာလူးချောင်းကြော်နဲ့ လမ်းဘေး ထမင်းဟင်းတွေ ရှောင်သင့်ပါတယ်။

အရက်ဟာခံတွင်းကို ခြောက်သွေ့စေတယ်။ မကောင်းတဲ့ ဗက်တီးရီးယားနဲ့အတူ ကောင်းတဲ့ ဗက်တီးရီးယားပါ သေသွားနိုင်ပြီး ခံတွင်းမှာရှိတဲ့  ဂေဟစနစ်တစ်ခုလုံး ပျက်စီးနိုင်တာကြောင့် ကြောက်မက်ဖွယ်ကောင်းတယ်။ ပရိုဘိုင်အိုတစ်  သောက်သုံးခြင်းဟာ ခန္ဓာကိုယ် တစ်ခုလုံးကျန်းမာရေးကို ကောင်းမွန်စေနိုင်ပါတယ်။ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီက ခံတွင်းကျန်းမာရေး သီးသန့် ပရိုဘိုင်အိုတစ်တွေ ထုတ်ဖို့ပြင်ဆင်နေကြပြီ။ဆေးဝါးအစား အချဉ်ဖောက် အစားအစာတွေစားသုံးပေးဖို့ သဘာဝကျန်းမာရေး အထောက် အကူပြုပိုးမွှားတွေ မွေးမြူနိုင်ပါတယ်။

ခံတွင်းကျန်းမာသန့်စင်မှုဟာမျှတပြီး ပီအိပ်(PH)အဆင့်(၆-၇)ကြားထိန်းသိမ်းပေးထားရမှာဖြစ်ပေမယ့် ပါးစပ်နဲ့အသက်ရှူမယ်ဆိုရင် ခံတွင်းမှာခြောက်သွေ့မှုဖြစ်နိုင်တယ်။ အိပ်မပျော်ခြင်း၊ သွားဖုံးရောင်ရမ်းခြင်းနဲ့ သင်ယူမှုနှေးကွေးခြင်းအထိ ပါသက်ရောက်နိုင်လို့ ခံတွင်းကျန်းမာရေးကို အထူးအလေးပေးစေချင်တယ်။ ခံတွင်းကို  ညစ်ပတ်စေတဲ့ကွမ်းစားတဲ့နိုင်ငံတွေမှာအိန္ဒိယ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ မြန်မာ၊ ဘူတန်နိုင်ငံလောက်ပဲရှိတယ်။ မလေးရှား၊ အင်ဒိုနီးရှား၊ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းအနည်းငယ် စားကြပါတယ်။ မြန်မာတို့က ကွမ်းစားကြမ်းသလို လမ်းပေါ် ကွမ်းသွေးထွေးချတတ်လို့ လမ်းပေါ်ညစ်ပတ်နေတဲ့ ကွမ်းသွေးတွေ၊ အဆောက်အအုံ၊ အခန်းနံရံတွေ၊ လှေကားထောင့်တွေမှာ ကွမ်းသွေးနဲ့ ညစ်ပတ်နေတတ်တယ်။

ခံတွင်းကင်ဆာဟာ ကမ္ဘာကိုခြိမ်းခြောက်နေတဲ့ ကင်ဆာထဲမှာ အဆင့်(၁၁)ရှိပြီးကင်ဆာကြောင့် သေဆုံးမှုတွေထဲမှာ အဆင့်(၆) နေရာရပ်တည်တယ်။  ခံတွင်းကင်ဆာလူနာသစ် ၄၀၅၀၀ နှစ်စဉ်တိုးပွားနေကာ သုံးပုံနှစ်ပုံမှာ မြန်မာအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေက ပဲဖြစ်တယ်။  မြန်မာနိုင်ငံမှာ ခံတွင်းကင်ဆာဟာ အမျိုးသားတွေအဆင့်(၆)ဖြစ်ပြီး အမျိုးသမီးတွေအဆင့်(၁၀)အဖြစ်  ရပ်တည်တယ်။ မြန်မာနိုင်ငံမှာ  ခံတွင်းကင်ဆာသတ်မှတ်ခံရပြီး ငါးနှစ်အသက်ရှင်နိုင်တာ ၂၀  ရာခိုင်နှုန်းသာရှိလို့အသေအပျောက်များလှတဲ့ ကင်ဆာ ရောဂါပဲဖြစ်တယ်။ ခံတွင်းကင်ဆာဖြစ်ပွားရတဲ့အကြောင်းရင်းမှာ

(၁) ဆေးငုံခြင်း၊   ကွမ်းစားခြင်း၊   ဆေးလိပ်သောက်ခြင်းတို့ဖြစ်တယ်။ မြန်မာမှာ အဆိုပါအချက်ကြောင့် ခံတွင်းကင်ဆာ(၈၀-၉၀ ရာခိုင်နှုန်း)ဖြစ်နေတယ်။ 

(၂) အရက်အလွန်အကျွံသောက်တတ်တယ်။ ကင်ဆာလူနာအားလုံးရဲ့ (၇၅-၈၀ ရာခိုင်နှုန်း)ဟာအရက်ခုံမင်တယ်။

(၃) နေရောင်ထိတွေ့မှုများတာဟာ နှုတ်ခမ်းသား(အပြင်နှုတ်ခမ်းသား)ကင်ဆာဖြစ်စေတဲ့ အဓိကအကြောင်းရင်းဖြစ်တယ်။

(၄) ပူစပ်တဲ့အစာစားသုံးခြင်း၊ ငရုတ်ကောင်း၊ ငရုတ်သီးစားသူတွေမှာ ခံတွင်းကင်ဆာဖြစ်နိုင်တယ်။

(၅)  အချို့ဗိုင်းရပ်အိပ်ပီဗွီက ခံတွင်းကင်ဆာနဲ့ဆက်စပ်နေတယ်။

(၆) မျိုးရိုးဗီဇဘိုးဘွား ညီအစ်ကိုမောင်နှမတွေမှာဖြစ်ရင် ဖြစ်နိုင်ခြေများတယ်။

(၇) ထိခိုက်ရှနာအမျိုးမျိုး၊ သွားကျိုးပဲ့ခြင်း၊ ချွန်နေခြင်း၊ ရှနေခြင်း၊ တပ်ဆင်ဖို့မလိုတဲ့ကျိုးပဲ့နေတဲ့ အသေစိုက်သွားတွေမှာ ဂရုမစိုက်မပြင်ခဲ့ရင် ခံတွင်းကင်ဆာဖြစ်လာနိုင်ပါတယ်။

ခံတွင်းကျန်းမာရေးဆိုတာ လူတစ်ယောက်အတွက် ဦးစားပေးကျန်းမာရေးပဲဖြစ်တယ်။ အစာအိမ်၊ နှလုံးအပြင် အာရုံကြောစနစ်တွေနဲ့ ဆက်စပ်နေတဲ့ ခံတွင်းကျန်းမာရေးဟာ တစ်ခုခုဆိုးရွားနေရင်လည်း အခံရခက်ပါတယ်။ သန့်ရှင်းမှု အစားအစာ အသက်ရှူခြင်း အစပြုလို့ သွားပွတ်တံ၊ သွားတိုက်ဆေး၊ လျှာပွတ်တံ အသုံးအထောက်ပြုတဲ့ ခံတွင်းကျန်းမာရေး ဂေဟစနစ်ပဲဖြစ်တယ်။ တစ်နှစ်မှာ တစ်ကြိမ်သွားဆရာဝန်နဲ့ပြသင့်တယ်။ ကင်ဆာဖြစ်နှုန်းဖြစ်တဲ့ ကွမ်းယာမှာ ဆေးရွက်ကြီးကင်ဆာဓာတ်၊ ကွမ်းသီးမှာအရိုကိုလင်၊  ဂါဗာဆင်ကင်ဆာဓာတ်၊ ထုံးမှာပူလောင်စေတဲ့ ကင်ဆာဓာတ်ပါဝင်နေလို့   ကွမ်းစားခြင်းကိုစွန့်လွှတ်သင့်ပါတယ်။ ။     

ဒေါက်တာလွင်သန့်