နိုင်ငံချစ်စိတ်ဖြင့် တိုးတက်အောင်ကြိုးစား

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ မေ ၂၁ ရက်)

ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးသည် မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာခေတ်၏စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်ရေး ကြိုးပမ်းလျက်ရှိသည်။ နိုင်ငံတစ်နိုင်ငံတွင် သဘာဝသယံဇာတမည်မျှပင် ပေါကြွယ်ဝစေကာမူ လူသားအရင်းအမြစ်ကြွယ်ဝမှုမရှိလျှင် ထိုနိုင်ငံဖွံ့ဖြိုးတိုးတက်မှုမရှိနိုင်ပါ။ ကမ္ဘာ့နိုင်ငံ အသီးသီးသည် မိမိနိုင်ငံရှိ လူသားအရင်းအမြစ်ကြွယ်ဝစေရန်အတွက် မျိုးဆက်သစ် လူငယ်များကို ဘက်ပေါင်းစုံတွင် ထူးချွန်ထက်မြက်အောင်ပြုစုပျိုးထောင်ပေးလျက်ရှိကြသည်။

မြန်မာနိုင်ငံတွင်လည်း လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နိုင်သမျှ လုပ်ဆောင်ပေးလျက်ရှိပါသည်။ ယနေ့လူငယ် များသည် အနာဂတ်နိုင်ငံတော်ကို ဖန်တီးပုံဖော်ကြမည့် မျိုးဆက်သစ်များဖြစ်ကြသည်။ မျိုးဆက်သစ်တို့အနေဖြင့် အရာရာတွင် တော်နေ သိနေတတ်နေဖို့လိုပေသည်။ လူငယ်များကိုယ်တိုင် ရိုးသားကြိုးစားရမည်ဖြစ်သလို လူကြီးများကလည်း ပြုစုပျိုးထောင်ပေး ကြရမည်ဖြစ်သည်။ ပညာ ဆိုသည်မှာ ဘောင်အကန့်အသတ်မရှိ နက်ရှိုင်းကျယ်ပြန့်လှသည်။ မိမိ၏ကာယ၊ ဉာဏစွမ်းအားအပေါ် မူတည်ပြီး ထူးချွန်ထက်မြက်မည်သာဖြစ်သည်။ ပညာတတ်ချင်းတူလျှင်သော်မှ စဉ်ဆက်မပြတ် လေ့လာဆည်းပူးနေသူက အမြဲ သာလွန်နေပေလိမ့်မည်။

နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ်တည်ဆောက်ရာတွင် အသိပညာတစ်ခုတည်းဖြင့် တည်ဆောက်၍ မရနိုင် သကဲ့သို့ အတတ်ပညာတစ်ခုတည်းနှင့်လည်း တည်ဆောက်၍မရနိုင်ပေ။ အသိပညာနှင့် အတတ်ပညာနှစ်မျိုးပေါင်းစပ်ပြီး နှံ့နှံ့စပ်စပ် ကျွမ်းကျင်စွာ တတ်မြောက်ထားမှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် လူ့ဘောင်အဖွဲ့အစည်းကို တည်ဆောက်နိုင်ပေမည်။ အသိပညာ ကိုအခြေခံပြီးလက်တွေ့နယ်ပယ်တွင် အတတ်ပညာရှင်အဖြစ် အများအကျိုးကိုဖော်ဆောင်ပေးနိုင်အောင် ယနေ့လူငယ်တိုင်း ကြိုးစား သင့်လှပေသည်။ အသိပညာ အတတ်ပညာများအတွက် အကောင်းဆုံးမိတ်ဆွေမှာ စာကောင်း ပေမွန်များ ဖတ်ရှုခြင်း ဖြစ်သည်။ အလိမ္မာစာမှာရှိသည်ဆိုသည့်အတိုင်း အကျိုးရှိသည့်စာများကိုများများ ဖတ်ကြရမည်သာဖြစ်သည်။ ဖတ်ရုံသာမက မှတ်လည်း မှတ်ရပေမည်။

ယနေ့လူငယ်အချို့သည် အတုမြင်လျှင် အတတ်သင်တတ်ကြသည်။ အရာရာကိုစူးစမ်းလိုကြသည်။ ကောင်းသောနေရာတွင် အတုယူသည်မှာ ကောင်းသည့်ကိစ္စဖြစ်သည်။ မကောင်းသောအရာတွင် စူးစမ်း လျှင်ကား မကောင်းသောကိစ္စဖြစ်လာမည်။ မကောင်း သည့်အရာ အရက်ကလေးတစ်ခွက်လောက်၊ မူးယစ် ဆေးဝါးလေးတစ်ပြားလောက်စူးစမ်းမိလျှင်ကား မိမိဘဝ၏ တိုးတက်မှုကို ဖျက်ဆီးနင်းခြေပစ်လိုက်သည်နှင့် တူပေသည်။ အတုယူလွဲမှားခြင်းမရှိအောင် ပြုမူနေထိုင်သင့်လှပေသည်။ အပေါင်းကြောင့် ဂုဏ်ပျက်၊ အပေါင်းကြောင့် ဂုဏ်တက်ဆိုစကားကဲ့သို့ မိမိဂုဏ်တက်စေမည့် အပေါင်းအသင်းမျိုးကိုသာ ရွေးချယ်ပေါင်းသင်းသင့်လှ ပေသည်။

ယနေ့ခေတ်သည် နည်းပညာအမျိုးမျိုး၏ ထိုးဖောက်ဝင်ရောက်မှုကြောင့် ပညာရေးနယ်ပယ်၊ ယဉ်ကျေးမှုနယ်ပယ်တို့တွင် အတုယူ လွဲမှားစေသောအရာများ တွေ့မြင်နေကြရသည်။ လူငယ်များဆောင်ရွက် သမျှသည် မိမိနိုင်ငံ၊ မိမိလူမျိုး တိုးတက်ကြီးပွားရေး အတွက်သာဖြစ်သင့်သည်။ လူငယ်တိုင်း စိတ်ဓာတ် ခိုင်မာရမည်။ မိမိနိုင်ငံ၏ ကြီးမားသည့်ယဉ်ကျေးမှု အမွေအနှစ်များ၊ သမိုင်း ကြောင်းများကိုလည်း ထဲထဲ ဝင်ဝင်လေ့လာသိရှိထားသင့်သည်။ မြန်မာ့သမိုင်းတွင်ထင်ရှားခဲ့သောဘုရင်မင်းမြတ်များအကြောင်းနှင့်

သူတို့၏ဘာသာသာသနာကို အလေးထားတန်ဖိုးထားစိတ်များကို အတုယူကြရမည်။ ပထမမြန်မာနိုင်ငံ တော်ကိုတည်ထောင်ခဲ့သော အနော်ရထာမင်းကြီး၊ ဒုတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သော ဘုရင့်နောင်မင်းတရားကြီးနှင့် တတိယ မြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သော အလောင်းမင်းတရားကြီး ဦးအောင်ဇေယျတို့အကြောင်းသည် လူငယ်တိုင်း အတုယူလေးစားထိုက်သော ပုဂ္ဂိုလ်များဖြစ်သည်။

ထိုမင်းသုံးပါးတို့၏ အမျိုးဘာသာ၊ သာသနာနှင့်မျိုးချစ်စိတ်ကြောင့် မြန်မာနိုင်ငံသည် ယနေ့တိုင်ကမ္ဘာ့အလယ်တွင် ခံ့ခံ့ညားညားရှိ နေခြင်းဖြစ်သည်။ မျိုးဆက်သစ်လူငယ်များကို တိုင်းပြည်နှင့်လူမျိုးကို ချစ်တတ်သောစိတ်၊ မိမိတို့ကိုးကွယ်သောဘာသာတရားကို မြတ်နိုး တန်ဖိုးထားသောစိတ်များရှိနေရန် လိုအပ်ပေသည်။ နိုင်ငံတော်တစ်ရပ် စဉ်ဆက်မပြတ်တိုးတက်ဖွံ့ဖြိုးရန်မှာ မျိုးဆက်သစ် များကို ကောင်းမွန်စွာ ပြုစုပျိုးထောင်ပေးခြင်း ဖြစ်သည်။ အနာဂတ်တွင် အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်လာကြမည့် လူငယ် အပေါင်းတို့သည် မိမိတို့အတွက် အသိပညာအတတ်ပညာများ တိုးတက်သည်ထက်တိုးတက်အောင် ရှာဖွေဖြည့်ဆည်းနေကြရမည် ဖြစ်သကဲ့သို့ တိုင်းပြည်နှင့်လူမျိုး၊ ယဉ်ကျေးမှု၊ ဘာသာသာသနာကို တန်ဖိုးထားသော စိတ်ဓာတ်များကိုလည်း မွေးမြူရမည်ဖြစ်သည်။ သူများထက် ပိုတော်စေချင်လျှင် သူများထက်ပိုကြိုးစားရမည်မှာ အမှန်တရားဖြစ်သည်။ လူငယ်မှန်သမျှသည် အနာဂတ်ကာလတွင် လူရွယ်များအဖြစ်၊ ထိုမှတစ်ဆင့်လူကြီးများအဖြစ် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ကြရမည်ဖြစ်ပေရာ နိုင်ငံချစ်စိတ်ဖြင့် လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးစားလုပ်ဆောင်ကြပါရန် ရေးသားလိုက်ရပေသည်။    ။