အနဂ္ဃရတနာမြေ-မြောက်ဦး တတိယအကြိမ် ဓာတ်ပုံပြပွဲဖွင့်ပွဲကျင်းပ

နေပြည်တော် မေ ၂၀

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦး စီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ရခိုင်ပြည်နယ် ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ကော်မတီ အဖွဲ့ဝင်များ၊ ဓာတ်ပုံပညာရှင်များနှင့် ပရဟိတအဖွဲ့များလိုက်ပါလျက် ယနေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ ကြီးမှူးကျင်းပသည့် အနဂ္ဃရတနာမြေ-မြောက်ဦး  တတိယ အကြိမ် ဓာတ်ပုံပြပွဲဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးသည်။

ဓာတ်ပုံပြပွဲဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက အဖွင့်အမှာစကားပြောကြားရာ၌ ယဉ်ကျေးမှုနှင့် သဘာဝ အမွေအနှစ်များ ထိန်းသိမ်းကာကွယ်ခြင်းဆိုင်ရာ နိုင်ငံတကာသဘောတူညီချက် - ၁၉၇၂ အရ လက်မှတ်ရေးထိုးထားသော အဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံရှိပြီး ယနေ့အထိ ကမ္ဘာ့အမွေအနှစ်စုစုပေါင်း ၁၁၅၄ ခု ရရှိပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ ကမ္ဘာ့အမွေအနှစ် (ပျူမြို့ဟောင်းများ၊ ပုဂံဒေသ) နှစ်ခုရရှိထားကြောင်း၊ မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ်ဒေသကို  ကမ္ဘာ့အမွေအနှစ်စာရင်းဖြစ်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မြောက်ဦး ယဉ်ကျေးမှုဒေသသည် ရခိုင်တစ်မျိုးသားလုံး၏ တန်ဖိုးထားရာ၊ ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာဖြစ်ပြီး ရခိုင်လူမှုအဖွဲ့အစည်း တစ်ရပ်လုံး၏ ဘိုးဘွားစဉ် ဆက်လက်ဆင့်ကမ်းခဲ့ကြသည့် လူမှုစီးပွားဘဝ၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ နိုင်ငံရေး၊ အနုပညာဆိုင်ရာ အားမာန်နှင့် မျိုးချစ်စိတ်ဓာတ်တို့ကိုထင်ဟပ်ဖော်ပြနေသည့်    “ယဉ်ကျေးမှု အမွေအနှစ်ဒေသတစ်ခု” ဖြစ်ကြောင်း၊ မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေးအတွက် မိမိတို့ဝန်ကြီးဌာန၊ ရခိုင် ပြည်နယ် အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဒေသခံပြည်သူများ အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြပါဟု ပြော ကြားသည်။

ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့အား ဓာတ်ပုံ ပညာရှင်များ အဖွဲ့က အမှတ်တရဓာတ်ပုံလက်ဆောင်များ ပေးအပ်သည်။ ၎င်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အနဂ္ဃရတနာမြေ - မြောက်ဦး တတိယအကြိမ်ဓာတ်ပုံပြပွဲတွင် ပြသထားသော ဓာတ်ပုံများကို လှည့်လည်ကြည့်ရှုသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကိုဖီအာနန်အစီရင်ခံစာပါ ဦးရဲကျော်သူ ဘုန်းတော်ကြီးကျောင်း အဆောက် အအုံပြုပြင်ခြင်းလုပ်ငန်း၊ ဆရီဆရီမိုဟာဒေဗ့်ဘာရီ (မဟာသီဝ) ဟိန္ဒူဘုရားကျောင်းနှင့် စိန့်မတ်(ခ်) အင်္ဂလီကန် ခရစ်ယာန်ဘုရား ကျောင်း ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။ ယင်းနောက် စစ်တွေမြို့ ယဉ်ကျေးမှု ပြတိုက်သို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

(၅၀၀)