အလုပ်အကိုင်နှင့်ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် မေ ၂၀

အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးမြင့်ကြိုင်၊ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင်ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသော ဒုတိယ ဥက္ကဋ္ဌ(၁) ဒေါက်တာချာလီသန်း၊ ဒုတိယဥက္ကဋ္ဌ(၂) ဒေါက်တာညွန့်ဖေ၊ ဦးတင်ထွဋ်ဦး၊ ဒေါက်တာမျိုးသိန်းကျော်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဦးရွှေလေး၊ ဒေါက်တာ သက်သက်ခိုင်၊ ဒေါက်တာဌေးအောင်၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဗိုလ်ချုပ်ဖြိုးသန့်၊ ဦးအောင်ကျော်ထွန်း၊ ဦးဝင်းရှိန်တို့ တက်ရောက်ကြပြီး Online မှ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးကျော်ဆန်း၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ အလုပ်သမားရေးရာ ဆိုင်ရာဝန်ကြီးများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ်၊မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်၊     ပြည်တွင်း အလုပ်အကိုင်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ တက်ရောက်သည်။

အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီးကလုပ်သားများ၏ ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျွမ်းကျင်မှု စစ်ဆေး အကဲဖြတ်ပြီး အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များကို ပေးအပ်ချီးမြှင့်နိုင်ရန် အစိုးရ၊ ပုဂ္ဂလိက ကျွမ်းကျင်ပညာရှင်များ ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်း ရေးအဖွဲ့ (National Skills Standards Authority- NSSA) တွင် အလုပ်သမားဝန်ကြီးဌာနက Focal Ministry အဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း   ပြောကြားသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးတင်ထွဋ်ဦးက Test Item Database တည်ထောင်ထားရှိမှုနှင့် ကုန်ကျစရိတ်များကို နိုင်ငံတော်ဘတ်ဂျက်မှ ပုံမှန်ကျခံ သုံးစွဲခွင့် ပြုရေးနှင့် ပတ်သက်၍လည်းကောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဒေါက်တာ မျိုးသိန်း ကျော်က စံချိန် စံညွှန်းသတ်မှတ်ရေးအတွက် နိုင်ငံတကာစံချိန်စံညွှန်းများကို ရယူသင့်ကြောင်းနှင့် ပတ်သက်၍လည်းကောင်း၊ ကျန်းမာရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက နည်းဥပဒေကို အမြန်ဆုံးရေးဆွဲ၍ အကောင်အထည် ဖော်ဆောင်ရွက်ရေးနှင့် ပတ်သက်၍လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က မြန်မာလုပ်သား ထုကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်စေရန် ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ရေးအတွက် လုပ်သား တစ်ဦးချင်း ကုန်ကျစရိတ်များကို ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ သုံးစွဲနိုင်ရေး လုပ်သားတစ်ဦး ကုန်ကျစရိတ်များကို စိစစ်အတည်ပြု၍ စစ်ဆေးအကဲဖြတ်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရေးနှင့်  ပတ်သက်၍လည်းကောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က လုပ်သားများ၏ ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရေး ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်ရေး ရန်ပုံငွေထူထောင်ရေးနှင့်  ပတ်သက်၍လည်းကောင်း အသီးသီးဆွေးနွေး တင်ပြခဲ့ကြသည်။

ယင်းနောက် Online မှတက်ရောက်လာကြသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်နှင့် မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစိုးမင်းအောင်တို့က ဆုံးဖြတ်ရန်အချက်များနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ရှေ့လုပ်ငန်းစဉ်များအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားခဲ့ကြောင်း သိရသည်။

ဇော်မျိုး(နေပြည်တော်)