အမျိုးသမီးထုနှင့်ကြောက်မက်ဖွယ်ဝေဒနာ

ယနေ့ခေတ်၏ စားသောက်နေထိုင်မှုများကြောင့် ကြောက်မက်ဖွယ်ကောင်းသော ကင်ဆာရောဂါကို အနည်းနှင့်အများ ခံစားနေကြရသည်။ အမျိုးသမီးများတွင်မူ ရင်သားကင်ဆာသည်အဖြစ် အများဆုံးအဖြစ် နေရာယူလျက်ရှိသည်။ ဒုတိယအဖြစ်အများဆုံးသော ဝေဒနာမှာ သားအိမ်ခေါင်း တွင်ဖြစ်သော ကင်ဆာရောဂါပင်ဖြစ်သည်။ သားအိမ်ခေါင်းတွင်ဖြစ်သော  ကင်ဆာဆိုသည်မှာ  တိုင်းရင်းဆေးပညာအရ သားအိမ်ခေါင်းတွင်ဖြစ်သော အပူလွန်သန္နိပါတ်နာ ဖြစ်သည်။

တေဇောဓာတ်သည် ခန္ဓာကိုယ်အတွင်းရှိ ကလာပ်စည်းများလောင်ကျွမ်းရာမှ ဓာတ်လေးပါး သို့မဟုတ် တြိဒေါသတို့ပေါင်းစုံပြီး  သန္နိပါတ်စုံနေသည့်အနာမျိုး ဖြစ်သည်။ အာယုဗေဒဆေးပညာအားဖြင့် အဗ္ဗုဒ ဟုခေါ်သည်။ အနောက်တိုင်းဆေးပညာအရ Carcinoma of cervix ဖြစ်သည်။ သားအိမ်ကင်ဆာသည် အာရှနိုင်ငံများတွင် လေးမိနစ်လျှင် တစ်ယောက်နှုန်း သေဆုံးနေသောရောဂါတစ်ခုဖြစ်သည်။ အသက်အရွယ်အားဖြင့် ၃၅ နှစ်မှ ၅၅ နှစ်အတွင်းတွင်အဖြစ်များ သည်။ ၃၅ နှစ်မှ ၅၅ နှစ်အတွင်းတွင် ၅၀ ရာခိုင်နှုန်း တွေ့ရပြီး အသက် ၆၅ နှစ်တွင် ၂၀ ရာခိုင်နှုန်းတွေ့ ရသည်။ အသက် ၃၀ အောက်တွင် ရှားရှားပါးပါးတွေ့ ရတတ်သည်။

(က)သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေရှိသူများ

အသက် ၁၆ နှစ်အောက်အိမ်ထောင်ကျသူ၊ အိမ်ထောင်ဆက်များသူ၊ လိင်ဆက်ဆံဖော်များသူ၊ လိင်ဆက်ဆံမှုဆိုင်ရာ ကူးစက်ရောဂါတစ်ခုခုရှိသူနှင့် ဆက်ဆံမိသူ၊ သားဆက်များသူ၊ မျိုးပွား လမ်းကြောင်းတွင် အနာရှိသူ၊ မူမမှန်အဖြူမကြာခဏဆင်းသူ၊ မျိုးရိုးရှိသူ၊ သွေးဆုံးပြီးသူ၊ သားသမီး လုံးဝမမွေးဖွားဖူးသော  အိမ်ထောင်ရှင်အမျိုးသမီးတို့ဖြစ်သည်။

(ခ)ခံစားရသောလက္ခဏာများ

မွေးလမ်းကြောင်းမှ ပုံမှန်မဟုတ်သောသွေးဆင်းခြင်း၊ ဆိုးဝါးသောအနံ့များနှင့်အဖြူများဆင်းခြင်း၊ ယောနိပူခြင်း၊ ယားခြင်း၊ အဖုအပိမ့်များထွက်ခြင်း၊ လိင်ဆက်ဆံမှုအပြီးတွင် သွေးဆင်းခြင်း၊ သွေးဆုံးပြီး အဖြူဆင်းခြင်း၊ သွေးဆုံးပြီးမှသွေးဆင်းခြင်း၊ ရောဂါပြင်းထန်လာပါက နေ့စဉ်သွေးဆင်းခြင်း၊ ခါးနှင့်ဆီးအိမ်တို့ လွန်စွာကိုက်ခဲခြင်း၊ အအိပ်အစားပျက်ခြင်း၊ အားအင်ကုန်ခန်းခြင်း၊ သွေးအား နည်း၍ ကိုယ်သားကိုယ်ရေ ဖျော့တော့ခြင်း၊ ပင်ပန်းမောဟိုက်ခြင်း၊ ဝမ်းဗိုက်ဖောင်းခြင်းနှင့်လေပွခြင်း၊ မကြာခဏ ဆီးပုံမမှန်သွားခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခါးအောက်ပိုင်းနာကျင်ခြင်း၊ အလွန်အမင်း ဝမ်းချုပ်ခြင်းတို့ဖြစ်သည်။

(ဂ)ကုထုံးဆေးချက်

သားအိမ်ကင်ဆာကို တိုင်းရင်းနည်းဖြင့် ဆေးတိုက်ကျွေးမည်ဆိုလျှင် နံနက်နှင့်ညတွင်ဆေးအမှတ်(၆) ဟလိဒ္ဒစုဏ္ဏငန်းဆေး နှစ်ပဲသားနှင့် ဆေးအမှတ်(၂၃) ဆေးပုလဲကလာပ်နှစ်ပဲသားတို့ကို ရေနွေးဖြင့် ပေးနိုင်သည်။ နေ့တွင် တပင်တိုင်မြနန်းလေးပဲသားကို ရေနွေးနှင့်ပေးနိုင်သည်။ အကယ်၍  ကိုက်ခဲ နေမည်ဆိုလျှင် စတုရဂ်ကိုကွမ်းရွက်ပြုတ်ရည်နှင့် ပေးနိုင်သည်။ ခါးအောက်ပိုင်း ကိုက်ခဲခြင်းများကို သက်သာစေရန် ဆေးအမှတ်(၄၃) အကင်းဆယ်ပါးဆေးကို သနပ်ခါးဖြင့်လိမ်းပေးနိုင်သည်။ တြိဖလ ပြုတ်ရည်နွေးဖြင့် သားဖွားလမ်းကြောင်းကို ဆေးကြောပေးရမည်။ လူနာသည် သွေးမဆုံးသေးပါက အထောက်အကူပြုဆေးချက်အဖြစ် သကြားကဲမီးယပ်ဆေးကိုပေးရမည်။ သွေးဆုံးပြီးဖြစ်ပါက သကြားရေစင်ဆေးကိုပေးရမည်။ မိယှ လောဟိတတေဆေးကိုလည်း ကျွေးနိုင်သည်။ သားအိမ်ထဲသို့ တြိဖလချက်ဆီထည့်ပေးနိုင်သည်။

(ဃ)ဆောင်ရန်၊ ရှောင်ရန်များ

ပါစကမဖြစ်စေသောအသားကင်များ၊ အသားစိမ်း၊ ငါးစိမ်းများစားခြင်း၊ အသားချဉ်များစားခြင်း၊ လက်လုပ် ချဉ်များစားခြင်း၊ ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်း၊  လိင်ဆက်ဆံဖော်များခြင်း၊ အသက် ၁၆ နှစ်အရွယ် မတိုင်မီ အိမ်ထောင်ပြုခြင်း၊ မသန့်ရှင်းသောအမျိုးသမီး လစဉ်သုံးပစ္စည်းများ သုံးစွဲခြင်း တို့ကို ရှောင်ကြဉ်ရမည်။ ဆောင်ရန်အနေဖြင့် ကြေကျက်လွယ်သောအစား အစာများသာ စားသောက်ခြင်းကိုပြုလုပ်ရမည်။ ကိုယ်ကျင့်တရားကောင်းမွန်အောင် နေထိုင်ရမည်။ အရည် ရွှမ်းသော သဘာဝအသီးအနှံများကို စားသုံးပေးရမည်။ ဥပမာ- အစိမ်းရောင်ဟင်းသီးဟင်းရွက်များဖြစ်သည့် ဆလတ်ရွက်၊ ဟင်းနုနယ်ရွက်၊ မုန်ညင်း၊ တရုတ်နံနံ၊ ပန်းပွင့်စိမ်း၊  ကြက်သွန်ဖြူတို့သည် ကင်ဆာဆဲလ်များကို တားဆီးနိုင်စွမ်းရှိခြင်းကြောင့် စားသုံးပေးသင့်သည်။

(င)ကင်ဆာရောဂါများနှင့် သတိပြုစရာများ

သားအိမ်ခေါင်းကင်ဆာသာမက အခြားကင်ဆာ အားလုံးသည် ကုသခြင်းထက် ကာကွယ်ခြင်းကပိုမို အကျိုးသက်ရောက်မှုရှိသည်ကို အထူးသတိပြုစေလိုသည်။ ကင်ဆာနှင့်ပတ်သက်၍ WHO ၏သတိပေး နှိုးဆော်ချက်အချို့ကို တင်ပြပေးလိုသည်။ ကင်ဆာရောဂါသည် အရမ်းကြောက်စရာမလိုတော့ဘဲ ကာကွယ်နိုင်၊ ကုသနိုင်ပြီဖြစ်သည်။ သို့သော် နောက်မကျစေရန် အထူးလိုအပ်သည်။ ထို့အတူ လေထုညစ်ညမ်းမှု၊ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါးများ၊ အစားအစာများ၊ ဆေးဝါးများ၊ ဓာတ်ရောင်ခြည်သင့်ခြင်းများ၊ လုပ်ငန်းခွင်၊ ပတ်ဝန်းကျင် လူနေမှုဘဝအတွင်းများမှာ ကင်ဆာဖြစ်စေ သော အကြောင်းရင်းများဖြစ်ကြောင်းကိုဖြင့် သတိပြုစေလိုသည်ဟု ဖော်ပြထားသည်ကိုတွေ့ရသည်။

ကင်ဆာရောဂါများနှင့်ပတ်သက်၍ နောက်ဂရုပြုရမည့်အချက်တစ်ချက်မှာ ကင်ဆာဟုသိလိုက်သည် ဆိုသည်နှင့်ကျွမ်းကျင်သောဆေးပညာရှင်များနှင့်သာ ဦးစွာပြသင့်သည်။ ရပ်ကွက်ထဲမှပါးစပ်သတင်းများ နှင့်ကုသနေမည်ဆိုလျှင် နောက်ကျမှလွန်သွားသည့် အဆင့်များသို့ ရောက်ရှိသွားသောလူနာများကို တွေ့ရှိမှုများနေရခြင်းကြောင့်ဖြစ်သည်။

ကင်ဆာရောဂါများကို စိတ်ဖြေလျှော့အနားယူခြင်း၊ တရားထိုင်ခြင်း၊ အစားအစာများ ရွေးချယ် စားသောက်ခြင်း၊ ကိလေသာ၊ တဏှာ၊ ဒေါသ၊ မောဟ၊ လောဘ တို့ကို လျှော့ချခြင်း၊ ယောဂကျင့်ခြင်း၊ ဆေးပညာရှင်များ၏ ညွှန်ကြားမှုများအတိုင်း လိုက်နာဆောင်ရွက်ခြင်းများဖြင့် ပြည့်စုံသောကုထုံး၊ ကုသမှုများကိုရရှိ ပိုင်ဆိုင်နိုင်မည်ဖြစ်ပါကြောင်း တင်ပြရင်း အမျိုးသမီးထုနှင့် ကြောက်မက်ဖွယ်ဝေဒနာ သားအိမ်ခေါင်း ကင်ဆာအကြောင်းတင်ပြလိုက်ရပါသည်။   ။