ကုန်းတွင်းမုန်တိုင်းငယ် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့အနီးမှ ဆက်လက်ရွေ့လျားလျက်ရှိသဖြင့် အညိုရောင်အဆင့်သတ်မှတ်

ကုန်းတွင်းမုန်တိုင်းငယ် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့အနီးမှ ဆက်လက်ရွေ့လျားလျက်ရှိသဖြင့် အညိုရောင်အဆင့်သတ်မှတ်

နေပြည်တော်   မေ   ၂၀

“ယနေ့ည ၉ နာရီခွဲအချိန် တိုင်းထွာချက်များအရ မြန်မာနိုင်ငံ ကရင်ပြည်နယ် ဘားအံမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သော ကုန်းတွင်း မုန်တိုင်းငယ်သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး လှိုင်းဘွဲ့မြို့အနီးမှ ဆက်လက်ရွေ့လျားလျက်ရှိပါသဖြင့် အညိုရောင်အဆင့်ဟုသတ်မှတ်သည်။”

အဆိုပါ ကုန်းတွင်း မုန်တိုင်းငယ်သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ နောက်သုံးနာရီအတွင်း ရှမ်းရွာသစ် အနီးသို့ ရောက်ရှိနိုင်ပြီး နောက် ၁၂ နာရီအတွင်း အားကောင်းသောလေဖိအားနည်းရပ်ဝန်းအဖြစ်သို့ တဖြည်းဖြည်း အားလျော့ကာ မြန်မာနိုင်ငံနှင့်ဆက်စပ်လျက်ရှိသော ထိုင်းနိုင်ငံအနောက်မြောက်ပိုင်းသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။

အဆိုပါ ကုန်းတွင်းမုန်တိုင်းငယ်(Land Depression)၏ အရှိန်ကြောင့် ယနေ့ညမှ ၂၁.၅.၂၀၂၂ ရက်အတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများဖြစ်ပေါ်နိုင်ပါသည်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်သည်။

မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၄၅ မိုင်အထိ တိုက် ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၄)ပေခန့်ရှိနိုင်သည်။

သို့ဖြစ်ပါ၍ ကုန်းတွင်းမုန်တိုင်းငယ်၏အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်းနှင့်အတူ ဒေသအလိုက်မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် အသိပေးနှိုးဆော်အပ်သည်။

(မိုး/ဇလ)