ကြီးမြတ်ဂုဏ်အင် အနာဂတ်ပိုင်ရှင် ဆရာသခင်

ဤ ၂၁ ရာစုသည် ထူးခြားထက်မြက်သည့်ရာစု ဖြစ်သည်။ ကမ္ဘာ့ရွာတွင် ပညာသည်သာရတနာဖြစ်၍ ဆရာကလည်း အခရာဖြစ်ပါသည်။ ပညာကို မှန်ကန်စွာပေးနိုင်သူ၊ ပညာကိုမှန်ကန်စွာ ပေးရမည့် သူသည် ဆရာဖြစ်သည်။ ရှေးပညာရှိကြီးများက “ဆရာကောင်းကို မှီဝဲဆည်းကပ်ပါလေ၊  ဆရာကို လက်မလွတ်ပါ စေလင့်၊ ဆရာမပြ နည်းလမ်းမကျ၊ ဆရာလွတ်တော့ ရိုင်း” ဟု ဆိုရိုးပြုထားခဲ့ကြသည်။

ဆရာသည် မိမိတို့သိအပ်တတ်အပ်သော အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှု၊ ဂုဏ်အရည်အချင်း များနှင့်ပညာရပ်များကိုအသုံးပြု၍ နိုင်ငံနှင့် လူမျိုးအကျိုးကို  လက်ဆင့်ကမ်းဆောင်ရွက်မည့်  နိုင်ငံ့ သားကောင်း   လူ့စွမ်းအားအရင်းအမြစ်များကို  “သားကောင်းတစ်ယောက်၊ ကျောက်ကောင်းတစ်စေ့” ဖြစ်အောင် ကျောက်ရိုင်းတုံးဘဝမှ အရောင်ရွှန်းလက် တောက်ပသော ကျောက်တုံးကလေးများ ဘဝရောက်အောင် သွေးနေသူများဖြစ်သည်။ “ယနေ့လူငယ်၊  နောင်ဝယ်လူကြီး” ဖြစ်ရန်သာမက “ယနေ့လူငယ်၊ နောင်ဝယ်နိုင်ငံ့သားကောင်း” ဖြစ်ရန်လည်း သင်ကြားပြသဆုံးမကာ ဘဝအသိ၊ ဘဝအမြင်၊ ကျွမ်းကျင်မှုခွန်အားများကို တည့်မတ်မှန်ကန်သော ဘဝလမ်းကြောင်းပေါ်သို့ တင်ပေးခြင်း ဖြင့် “ပညာပြည့်၀ နှလုံးလှ” ဆိုသည့်အဖိုးမဖြတ်နိုင်သော  နိုင်ငံ့သားကောင်း ဖြစ်လာရန် သင်ကြားပေး နေသူများဖြစ်သည်။

အနန္တဂိုဏ်းဝင်ကျေးဇူးရှင်ဆရာများကို  ဂုဏ်ပြုသောအားဖြင့် နှစ်စဉ် အောက်တိုဘာလ ၅ ရက် ကို “ကမ္ဘာ့ဆရာများနေ့” ဟူ၍ သတ်မှတ်ခဲ့ကြသည်။ ဆရာများသည် တပည့်များအား လူမှုဘဝနယ်ပယ် တွင်  တင့်တင့်တယ်တယ်အသိအမြင် ကြွယ်သူများအဖြစ် ရပ်တည်နေထိုင်နိုင်အောင် လမ်းမှန်ညွှန်ပြ ပညာသင်ကြားပေးသူများဖြစ်၍ ရိုသေလေးစား တန်ဖိုးထားကြရပါမည်။ ထို့ကြောင့် ဆရာများအား တန်ဖိုးထားသောအားဖြင့် အစဉ်အလာမပျက် နှစ်စဉ်အသိအမှတ်ပြုကြသည်။

မျိုးဆက်သစ်  ကျောင်းသားလူငယ်များသည်  အနာဂတ်ကို ပိုင်ဆိုင်ကြသူများဖြစ်သည်။ ဆရာသည်  အနာဂတ်ကို ပုံဆောင်ထုဆစ်သူဖြစ်သည်။ ထိုသို့ ပုံသွင်းထုဆစ်ရာတွင်  စူး၊ ဆောက်၊ လွှစသည့် လက်နက်ကိရိယာကောင်းများရှိမှ သေသပ်လှပသော  ပုံကောင်းများ ထွက်နိုင်သကဲ့သို့ ဆရာ၊ ဆရာမ များအနေဖြင့်လည်း စူး၊  ဆောက်၊ လွှနှင့်ပမာတူသော  “ပညာလက်နက်” များ ရှိနေကြရမည်ဖြစ်သည်။ သာမန်အားဖြင့် ဆရာဟူသည် ပညာသင်ကြား ရေးသာဖြစ်သည်ဟုဆိုပြီး အလေးမမူမပြုသင့်ပါချေ။

ဆရာဟူသည် ဆရာဂုဏ်အင်္ဂါများနှင့် ပြည့်စုံညီညွတ်ပြီး ပန်းကောင်းတစ်ပွင့် ကျောက်ကောင်း တစ်စေ့ဖြစ်လာအောင် ဝါသနာ၊ စေတနာ၊ အနစ်နာတည်းဟူသော နာသုံးနာခံကာ တပည့်များအား ပြုစုပျိုးထောင်သူဖြစ် ၍တပည့်များအနေဖြင့် ဆရာများအားလေးစားရိုသေမှု ပြုကြရမည်ဖြစ်သည်။

ပညာရေးကောင်းဖို့၊ ပညာရေးရည်မှန်းချက်များ အောင်မြင်ဖို့၊  တပည့်များလူတော်လူကောင်းဖြစ်ဖို့ သည် အရည်အသွေးပြည့်ဝသည့် ဆရာ၊ ဆရာမကောင်းများအပေါ် များစွာမူတည်နေသည်။ ဆရာ၊ ဆရာမ များကိုယ်တိုင် ပညာပြည့်ဝနှလုံးလှပါမှ တပည့်များ၏ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်မှုသည် အမှန်ပင်ပြည့်စုံ ရှင်သန်လာမည်ဖြစ်သည်။ အမှားနှင့်အမှန်၊ တရားမှုနှင့်မတရားမှု၊ အကောင်းနှင့်အဆိုး၊ အကြောင်းနှင့် အကျိုးတို့ကို ဝေဖန်ဆန်းစစ်နိုင်စွမ်းရှိအောင် သင်ကြားပေးဖို့လိုသည်။ ထို့ပြင်  လူသားတို့ နေ့စဉ်ကြုံတွေ့ ရင်ဆိုင်နေရသည့်စိန်ခေါ်မှုများကို  ရင်ဆိုင်ဖြေရှင်း ကျော်လွှားနိုင်ရန် အရည်အချင်းနှင့် အတွေ့အကြုံ များကိုလည်း  အနာဂတ်ပိုင်ရှင်ဆရာသခင်များက  သင်ကြားပေးလျက်ရှိသည်။

တိုင်းပြည်၏လိုအပ်ချက်ဖြစ်သည့်  ယှဉ်ပြိုင်နိုင်စွမ်းရှိသော လက်ရုံးရည်၊ နှလုံးရည်နှင့်ပြည့်စုံ သည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန် စွမ်းဆောင်ပေးသူများမှာ  ဆရာများပင်ဖြစ်သည်။ ဆရာများသည် စေတနာ၊ ဝါသနာ၊ အနစ်နာ၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာစိတ်အပြည့်ဖြင့်  ကျောင်းသား၊ ကျောင်းသူများ၏ စိတ်ဓာတ်၊ စည်းကမ်းနှင့် ပညာသင်ယူလေ့ကျင့်မှုကောင်းများ အစဉ်မြင့်မားနေစေရန် ပခုံးပြောင်း ပြုစုပျိုးထောင်ပေးနေသူများ ဖြစ်သည်။

ဆရာကောင်း၏ အင်္ဂါလက္ခဏာများကို မန်လည်ဆရာတော်ကြီးက မဃဒေဝလင်္ကာသစ်တွင် “ရိုသေ ချစ်ထိုက်၊ ချီးမွမ်းထိုက်နှင့်၊ လွဲမိုက်ဆုံးမ၊ မေးသမျှခံ၊  ဓမ္မနက်နဲ၊ ဟောနိုင်မြဲ၍၊ ကျိုးနည်းမတန်း၊ ခုနစ်ခန်း နှင့်၊ ပြည့်လျှမ်းညီညာ၊ ဤဆရာ၊ ရှာဖွေတပည့်ခံ” ဟူ၍ သီကုံးဖွဲ့ဆိုခဲ့သည်။   ဆရာသည်  ပညာရေး လုပ်ငန်းကြီးလည်ပတ်ရေး၏ ပင်မပုဂ္ဂိုလ်ဖြစ်သောကြောင့်   စည်းရုံးသူ၊ ဦးဆောင်သူ၊ သင်ပြသူ၊  စံပြ အကောင်အထည်ဖော်သူစသည်ဖြင့် “ဆရာ့ဂုဏ်အင်” မှာစုံလင်လှသည်။ နိုင်ငံ၏ အနာဂတ်ခေါင်းဆောင်များကို  ပုံဖော်မည့်သူများဖြစ်၍  “ကြီးမြတ်ဂုဏ်အင် အနာဂတ်ပိုင်ရှင် ဆရာသခင်”ဟု တင်စားခေါ်ဆိုထိုက်ပါပေသည်။

ဆရာများသည် ပညာရေးစနစ်၏ နှလုံးသည်းပွတ်ဖြစ်သည်။ လူငယ်လူရွယ်ကျောင်းသား၊  ကျောင်းသူများ၏ ဘဝကို ထုဆစ်ပုံဖော်ပေးကြရာတွင် လည်းကောင်း၊  လူငယ်လူရွယ်နှင့်လူကြီးများကို  ပညာပေးရာတွင် လည်းကောင်း ဆရာများမရှိလျှင်  မဖြစ်နိုင်ပါ။  လူငယ် လူကြီးများအားလုံး  လူ့အဖွဲ့အစည်းအသီးသီးတွင်  တာဝန်သိစိတ်ဖြင့်  တက်ကြွစွာပါဝင်ရေးအတွက်  ပြင်ဆင်ပေးရာတွင် ဆရာများသည်  တန်ဖိုးဖြတ် မရလောက်အောင် အရေးပါသော  အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက် နေကြသည်။

တပည့်ဟူသည် ဆရာအပေါ်တွင် အမှီသဟဲပြုနေသဖြင့် ဆရာသည်လည်း ဆရာ့ကျင့်ဝတ်နှင့်အညီ တပည့်သည်လည်း တပည့်ကျင့်ဝတ်နှင့်လိုက်နာကျင့် ကြံနေထိုင်ရမည်ဖြစ်သည်။ ဆရာတို့သည် “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့  ကျင့်ဖို့ဝတ်ငါးဖြာ” ဆိုသည့် အတိုင်းသိသင့်သမျှ အတတ်ပညာတို့ကို သင်ကြားပေးရခြင်း၊ တပည့်များ ဘေးအန္တရာယ် မဖြစ်စေရန် ကြိုတင်တားဆီးကာကွယ်ပေးရခြင်း၊ ဆုံးမသြဝါဒပေး၍ ပြုပြင်ရခြင်း၊   မိမိထက်ကျေးဇူး ပြုနိုင်မည့် ဆရာသမားတို့ထံ  အပ်နှံပေးရခြင်းတို့ကိုဆောင်ရွက်ကြရသည်။

လူသားတစ်ဦးဖြစ်တည်ဖွံ့ဖြိုးလာမှု၌  မိဘပြီးလျှင် ဆရာသည် အရေးပါသည့်ပဲ့ကိုင်ရှင်ဖြစ်သည်။ ထူးချွန် ထက်မြက်သော လူသားတစ်ဦးဖြစ်တည်လာရေး၌  မိဘ၊ ဆရာတို့၏ ထိန်းကျောင်းပဲ့ပြင်ပြုစုပျိုးထောင် သင်ကြားပြသပေးနိုင်မှုသည် အဓိကကျသည့်အချက် ဖြစ်သည်။  တိုင်းပြည်တစ်ပြည်အတွက်  အားကိုး အားထားပြုရမည့် မျိုးဆက်သစ်လူငယ်တို့သည်  ထိုတိုင်းပြည်၏အနာဂတ်ကို ပိုင်ဆိုင်ကြသူများသာဖြစ် သည်။ တိုင်းပြည်၏ အနာဂတ်ကိုပိုင်ဆိုင်ရာ၌ အရည်အချင်းပြည့်ဝသော၊ စိတ်ဓာတ်ကြံ့ခိုင်သော၊ ထူးချွန် ထက်မြက်သော မျိုးဆက်သစ်များဖြစ်ရန်လိုအပ်သည်။ ထိုကဲ့သို့ မျိုးဆက်သစ်လူငယ်များဖြစ်လာအောင် နေ့စဉ်အချိန်ပြည့် သင်ကြားပြသနေသူများ၊ ဆုံးမ ပဲ့ပြင်သွန်သင်နေကြသူများ၊  ပြုစုပျိုးထောင်ပေးနေ ကြသူများမှာ ဆရာများပင်ဖြစ်သည်။

ဆရာသည် အနန္တဂိုဏ်းဝင်ကျေးဇူးရှင်ဖြစ်သည်။ အစဉ်အလာအရ၊ ယုံကြည်ကိုးကွယ်မှုအရ  ရိုသေဆည်းကပ် ထိုက်သူများဖြစ်သည်။ တပည့်တို့အပေါ်  ဆရာ၏စေတနာ၊ မေတ္တာသည် မိဘနှင့် မခြားကြီးမားလှသည်။ ယနေ့ ပညာခေတ်၏လူ့အဖွဲ့အစည်းတွင်  ဆရာများ၏သင်ပြမှု၊ ထိုသင်ပြမှု၏ အကျိုးသက်ရောက် မှု၊ အနာဂတ်အတွက် လိုအပ်မှုစသည်တို့ကို လွှမ်းခြုံ ပေးနေပြီဖြစ်ရာ ဆရာတို့သည်   တပည့်များပညာ အဆင့်မြင့်မားရေးသာမက လောကအတွင်း ဝင်ဆံ့နိုင်ရေးနှင့်လူ့ဘောင်ကို တည်ဆောက်နိုင်ရေးတို့တွင် အရေးပါသည့် ပဲ့ကိုင်ရှင်များဖြစ်သည်။

ဆရာများထံမှ စနစ်တကျသင်ယူမှုနှင့် နာယူမှုကို တပည့်များက ဆောင်ယူကြရမည်ဖြစ်သည်။ အနာဂတ် လူ့ဘောင်လောက တောက်ပြောင်ရေးအတွက် သင်ကြား လမ်းညွှန်ပေးကြရမည့်သူများသည်  ယနေ့ဆရာများပင်ဖြစ်သည်။ ဆရာသည် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များအား  စာပေသင်ကြားပေးရုံသာမက အတွေးအမြင်မှန်ကန်စေရန်၊ အကောင်းအဆိုးဝေဖန် ပိုင်းခြားတတ် စေရန်၊ ပြဿနာများကိုဖြေရှင်းတတ်စေရန်  ဆုံးမပဲ့ပြင်လမ်းညွှန်ပေးသည်။ အသိအလိမ္မာရှိ၍ စေတနာကောင်းမွန်လှပစေရန်  ပန္နက်ချပေးသည့် ဗိသုကာဖြစ်သည်။

ကမ္ဘာပေါ်၌ တာဝန်အကြီးမားဆုံးနှင့် အသိမ်မွေ့ဆုံးသောလုပ်ငန်းများကို ဆောင်ရွက်ပေးနေသူများမှာ ကမ္ဘာ့ဆရာများဖြစ်သည်။ အနာဂတ်အကျိုးသယ်ပိုးကြမည့် နိုင်ငံ့သားကောင်း၊ သမီးကောင်းများ မွေးထုတ်ပေးရေး တာဝန်ယူကြသူများမှာ ဆရာများဖြစ်သည်။ မျိုးဆက်သစ်များ  နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် အစဉ်လေ့လာ ဆည်းပူးနေရသူများမှာလည်း ဆရာများဖြစ်သည်။ အသိပညာ၊  နည်းနာတို့အား တပည့်တို့ကို ပြန်လည်မျှဝေပေးနေသူများမှာ  ဆရာများပင်ဖြစ်သည်။

နိဂုံးချုပ်ဆိုရပါလျှင် ရိုသေလေးစား တန်ဖိုးထားအပ်သော အနန္တဂိုဏ်းဝင်မြတ်ဆရာများ၏ ကျေးဇူးကို တပည့်ကျောင်းသား၊ ကျောင်းသူများက မမေ့မလျော့ ရှိကြရမည်ဖြစ်သည်။ ကောင်းမွန်သောအနာဂတ် အဖြစ်  ပုံဖော်ထုဆစ်ပေးကြသော မြတ်ဆရာများကို အသိအမှတ်ပြုကြရမည်ဖြစ်သည်။ ထူးချွန် ပြောင်မြောက် သောလူသားများဖြစ်ထွန်းရေး   ဖန်တီးပေးသော  “ကြီးမြတ်ဂုဏ်အင် အနာဂတ်ပိုင်ရှင် ဆရာသခင်” များအား  ကမ္ဘာ့ဆရာများနေ့တွင်  အလေးအနက်ထား ဂုဏ်ပြုရေးသားလိုက်ရပါသည်။  ။