နှလုံးရောဂါအကြောင်း သိကောင်းစရာ

နှလုံးရောဂါအကြောင်း သိကောင်းစရာ

နှလုံးရောဂါ ဘာကြောင့်ဖြစ်သနည်းဟုမေးလျှင် ဆေးပညာရှုထောင့်မှ အကြောင်းများစွာရှိသည်။ နှလုံးကြွက်သားများ၊ သွေးလှည့် အဖွဲ့၊ နှလုံးသွေးကြောကျဉ်းခြင်း၊ ပိတ်ခြင်း၊ နှလုံးအခင်များ မာတောင့်ခြင်း၊ နှလုံးဦးခန်း မပိတ်သည့်ရောဂါ၊ နှလုံးမွေးရာပါ အပေါက်မပါခြင်း၊ နှလုံးခုန်ကြိမ် မမှန်ကန်ခြင်း၊ ခုန်သော အလုပ်ကို စည်းဝါးညီအောင်မလုပ်ခြင်း၊ လေးဖက်နာ ပိုးကြောင့် နှလုံးရှိ အခင်များပျက်စီးခြင်း၊ နှလုံးရောင်ခြင်း၊ နှလုံးကြီးခြင်း၊ နှလုံးပွခြင်း စသည့်ရောဂါများစွာရှိသည်။

နှလုံးရောဂါအတွက် ဘာတွေရှောင်ရမလဲဟုမေးလျှင် အဆီအအိမ့်များသောအစာများ စားအုန်းဆီနှင့် နွားနို့မလိုင်၊ ဒိန်ခဲ၊ ထောပတ်စသည်များကို ရှောင်ကြဉ်ရန်သာ အပြောများကြသည်။ ထိုအစာများသည် နှလုံးသွေးကြောပိတ်စေသည်ဟု ရည်ညွှန်း ကြသည်။ သို့သော် နှလုံးသွေးကြောပိတ်စေသော အခြားစားသောက်ဖွယ်များ အရေးတကြီးရှိနေသေးသည်ကိုသတိမပြုမိကြပေ။ ထိုအရာမှာ “သကြား” စားသုံးမှုများခြင်းဖြစ်သည်။

မကြာသေးမီက ပုဂ္ဂလိကသတင်းစာတစ်စောင်တွင် ဆောင်းပါးကောင်းတစ်ပုဒ်ကို ဖတ်လိုက်ရသည်။ နိုင်ငံခြား သတင်းစာကြီး တစ်စောင်မှ ဆောင်းပါးတစ်ပုဒ်ကို ဘာသာပြန်အမှီပြုပြီး ရေးသားထားသော နိုင်ငံရေးဆောင်းပါးဖြစ်သည်။ နိုင်ငံရေးဆောင်းပါး ဖြစ်သော်လည်း ကျန်းမာရေးပညာပေးလောကကို သက်ရောက်မှုရှိနေသည်။

သကြားကြောင့်ဖြစ်သော နှလုံးရောဂါ

ထိုဆောင်းပါးပါအကြောင်းအရာမှာ “သကြားလော်ဘီ” (Sugar Lobby)ဟု ဖြစ်သည်။ ဗြိတိန်နိုင်ငံအခြေစိုက် The Gurdian သတင်းစာမှ  ဖော်ပြထားသော သတင်းဆောင်းပါးကို ကိုးကားထားသည်။ သကြားလော်ဘီဆိုသဖြင့် ထိုဆောင်းပါးမှာ အထူးအဆန်း ဖြစ်နေသဖြင့် ဖတ်ကြည့်သောအခါ တစ်ချိန်က နှလုံးသွေးကြောကျဉ်းရောဂါကို ကမ္ဘာ့လူသတ်သမားရောဂါအဖြစ် သုတေသနပြု သည့် ဆရာဝန်ကြီးများ ပါဝင်သည့်အဖွဲ့ကြီး ပေါ်ပေါက်ခဲ့သည်။ နှလုံးသွေးကြောကျဉ်း ရောဂါဖြစ်စေနိုင်သည့် အချက်များကို လူထုကို ထုတ်ပြန်ဖို့ နှစ်ချီအချိန်ယူ၍ သုတေသနပြုခဲ့သည်။

သုတေသနမှထွက်လာသောအဖြေမှာ အဓိက အဆီကြောင့်၊ အဆီများသော အသားနှင့် ဆီစားသုံးမှု လွန်ကဲခြင်းကြောင့်၊ မသန့်သော ဆီများကြောင့် ဆီကြော်မုန့်၊ အာလူးကြော်များ၊ နှစ်ပြန်ကြော်များသည် နှလုံးရောဂါအတွက် ကြောက်စရာ အစာများဖြစ်သည်ကို တင်ပြလာသောအခါ တစ်ကမ္ဘာလုံးရှိ ဆရာဝန်ကြီး များက လူနာများအား အဆီလျှော့စားကြဖို့ ညွှန်ကြားကြသည်။ အချို့မှာ အဆီကိုရှောင်ပြီး ဟင်းသီးဟင်းရွက်ကိုပင် ပြုတ်စားကြသည့် အခြေအနေအထိ ကြောက်လန့်ကုန်ကြသည်။

ယခုနှစ်ပိုင်းတွင်မှ တိုးတက်သော အမြင်ရှိသည့် ဆရာဝန်ငယ်များမှ သတိပေးသံထွက်ပေါ်လာသည်။ သကြားစားသုံးမှုများခြင်း ကြောင့် နှလုံးရောဂါ ပို၍ပင်ဖြစ်နိုင်သည်။ အဆီကဲ့သို့ပင် သကြားကို ရှောင်ကြဉ်မှသာ နှလုံးရောဂါအမျိုးမျိုးမှ ကင်းဝေးနိုင်မည်ဟု ဆိုသည်။

သို့သော် အဆီအမျိုးမျိုးကို လျှော့စားရှောင်စားနေ ကြပါလျက် နှလုံးသွေးကြောကျဉ်းရောဂါများ လျော့ပါးသွားပါသလားမေးလျှင် မလျော့သွားပါ။ နှလုံးကြောင့် Heart Attack ကြောင့် ဆုံးပါးသွားကြသူများစွာ ရှိနေဆဲဖြစ်ပါသည်။ သကြား မကယ်နိုင်ပါ။ သကြားကယ်စေလိုလျှင်  သကြားကို လျှော့စားကြဖို့လိုပြီဟု ဆိုချင်ပါသည်။

ဆေးလိပ်ကြောင့်ဖြစ်သောနှလုံးရောဂါ

နှလုံးရောဂါသည် အဆီအအိမ့်စားပြီး အငြိမ်းစားနေသူများ၏ ရောဂါဖြစ်သည်ဟု ဆိုသော်လည်း ပြင်းထန်သော လေ့ကျင့်ခန်း လုပ်ခြင်းကိုလည်း မကြိုက်ပေ။ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု၊ မီးခိုး၊ ဓာတ်ဆီ၊ ဒီဇယ်ဆီလောင်ကျွမ်းပြီး ထွက်လာသည့် ကားအိတ်ဇောမှ အငွေ့များကြောင့်လည်း နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်သည်။ ဆေးလိပ်၊ ဆေးပေါ့လိပ်သောက်သူများလည်း နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်သည်။ အထူးသဖြင့် အစာမရှိချိန်နှင့် ညအိပ်ရာဝင်ချိန်တွင် ဆေးလိပ်သောက်သူများသည် နှလုံး အမောဖောက်ရောဂါဖြင့် သေဆုံးလေ့ရှိသည်ဟုဆိုသည်။ ဆေးလိပ်အငွေ့ကို တစ်ဆင့်ခံ ရှူရှိုက်မိသူများတွင်ပင် နှစ်ကြာလျှင် နှလုံးရောဂါ ရနိုင်သည်ဟုဆိုသည်။

ဆေးလိပ်သောက်သုံးသူများသည် အသက် ၄၀ ကျော်လာလျှင် နှလုံးအင်အားကျဆင်းလာချိန်ဖြစ်သဖြင့် ဆေးလိပ်ဖြတ်သင့်သည်။ ဆေးလိပ်သောက်ခြင်းကြောင့် နှလုံးသွေးကြောများ ကျဉ်းရုံသာမက တစ်ကိုယ်လုံးရှိသွေးကြောများပါ မာဆတ်တောင့်တင်းသွား သည်ဟုဆိုသည်။ အထူးသဖြင့် ခြေဖျားလက်ဖျား အစွန်အဖျားရှိ သွေးကြောကလေးများသွေးမရောက်ဖြစ်ကာ ဖြတ်ပစ်ရသူများပင် ရှိသည်။ Heart Attack (နှလုံးတိုက်ခိုက်မှု) ခံရသူအတော်များများမှာ ငယ်စဉ်က ပင် ဆေးလိပ်သောက်ခဲ့သူများဖြစ်သည်ကို လေ့လာ တွေ့ရှိရသည်။ ဆေးလိပ်ဖြတ်ခြင်းသည် နောက်ကျသည်ဟူ၍ မရှိပေ။ ဆေးလိပ်မသောက်ဘဲ ဖြတ်ထားပြီး လေးနာရီကြာ လျှင်ပင် သွေးကြောများ ပြန်လည်ပျော့ပျောင်းလာသည်ဟု ဆိုသည်။ ဆေးလိပ်ဖြတ်ပြီး တစ်နှစ်ခန့်ကြာသောအခါ နှလုံးသွေးကြောမ ကြီးများပင် ပြန်လည်ပျော့ပျောင်း၍ အင်အားကောင်းလာသည်ဟုဆိုသည်။ ဆေးလိပ်ဖြတ်ခြင်းဖြင့် ရုတ်တရက် နှလုံးတိုက် ခိုက်ခံရခြင်း၊ ရုတ်တရက်သေဆုံးခြင်း၊ အိပ်ပျော်နေရင်းသေဆုံးခြင်း စသောနှလုံးရပ်၍သေဆုံးရခြင်း ဘေးအန္တရာယ်မှ လွတ်ကင်း နိုင်ပေသည်။

ခြင်ဆေးခွေပြဿနာ

ဈေးချိုတော်တွင် ဆိုင်ထွက်သော မိတ်ဆွေတစ်ဦးမှာ ရင်ကျပ်နှင့်နှလုံးရောဂါ စတင်ဝင်ရောက်လာသဖြင့် အထူးကု ဆရာဝန်ကြီးနှင့် ပြပြီး ကုသနေရသည်။ သူသည် အသက် ၅၀ ကျော်သာရှိသေးသည်။ သူ၏ပြစ်ချက်ကို လေ့လာဆန်းစစ်ကြည့်သောအခါ သူ၏ဆိုင် ခန်းမှာ ထောင့်ကျပြီး အလင်းရောင်အဝင်နည်းကာ ခြင်ကိုက်သဖြင့် ခြင်ဆေးခွေနှစ်ခွေကို အမြဲထွန်းထားသည်။ ထိုခြင်ဆေး အငွေ့များကို တစ်နှစ်လုံး ရှူရှိုက်ပြီးနောက် သူ့တွင်ရင်ကျပ်အမောရောဂါ ရလာခြင်းဖြစ်သည်။ ယခုအခါ သူသည် နှလုံးဆရာဝန်၏ အကြံပေးချက်အရ နံနက်တိုင်း ကျုံးနံဘေးတွင် လမ်းလျှောက်ပြီး လေ့ကျင့်ခန်း လုပ်နေသည်ကိုတွေ့ရသည်။ သူ၏ဖြစ်ရပ်ကို ကြည့်ပြီး ခြင်ဆေးခွေ ထွန်းသူများကို အသိပညာပေးဖို့ လိုအပ်ကြောင်းတွေ့ရပေသည်။

တရုတ်ပြည်မှဝင်လာသော ခြင်ဆေးခွေတစ်မျိုးတွင် ပိုးသတ်ဆေးအဆိပ်များ လိုအပ်သည်ထက်ပို၍ ပါဝင်နေသဖြင့်   အငွေ့ရှူရှိုက်မိ သူလူအများအတွက် အန္တရာယ်ရှိနိုင်ကြောင်း ထိုနှစ်က ကြေညာခဲ့သည်။ သို့သော် အရပ်ထဲရှိ အိမ်ဆိုင်များတွင် တိုးတိုးတိတ်တိတ် ဆက်လက်ရောင်းချနေဆဲဖြစ်ကြောင်း တွေ့ရသည်။ ဒီမှာရှိတဲ့ခြင်ဆေးတွေက ရိုးသွားပြီ။ ခြင်တွေကမကြောက်တော့ဘူး။ ဒီတရုတ် ခြင်ဆေးကမှ ခြင်သေတာ။  ဖြတ်ပြေးတာနဲ့သေတာပဲ။  ဈေးကလည်း သက်သာတယ်၊ ဒါကြောင့် ရောင်းရတယ်။ ဝယ်သူတွေက ဒါပဲမေးကြတယ်ဟု ပြောသံကြားရပါသည်။ တတ်ကျွမ်းနားလည်သူ ပညာရှင်များက ကျန်းမာရေးကို ထိခိုက်နိုင်သဖြင့် သတိပေး သည်ကို သတိမမူကြ။ ခြင်ပြေးသည့်အကျိုးကိုသာ ကြည့်ဝယ်ကြသည်ကိုတွေ့ရသည်။ လူထုကို အသိပညာပေးရသော အလုပ်သည်  လက်တွေ့အကျိုးနှင့်ယှဉ်လာလျှင် အလွန်ခက်ခဲမှုများရှိကြောင်း တွေ့ရပါသည်။ လူ့ခန္ဓာကိုယ်တွင်ရှိသော အင်္ဂါအစိတ်အပိုင်းများ သည် အိပ်စက်ချိန်တွင်  အနားရကြသော်လည်း  လုံးဝအနားမရဘဲ သေသည်အထိ အလုပ်လုပ်သွားရသော အင်္ဂါမှာ နှလုံးကြွက်သား များ ပင်ဖြစ်သည်။ ကြွက်သားများဖြင့် ညှစ်ခြင်း၊ ကျုံ့ခြင်း၊ ပွခြင်းအလုပ်များကို စက္ကန့် မလပ်လုပ်ဆောင်ရင်း ခန္ဓာကိုယ်အနှံ့အပြားသို့ သွေးများရောက်အောင်ပို့ဆောင်ပေးနေသည်။ ခန္ဓာကိုယ်အစွန်အဖျားမှ ဟောင်းညစ်သွားသောသွေးများကို သွေးပြန်ကြောများမှ တစ်ဆင့် ပြန်လည်သိမ်းဆည်းရသည်။ အမှတ်မထင်ပြုမူမိသော အမှားတစ်ခုကြောင့် နှလုံးရောဂါဖြစ်ပြီး မမျှော်လင့်ဘဲ နှလုံး တိုက်ခိုက်မှုခံရကာ သေဆုံးနိုင်သည်ကို သတိပြုကြဖို့လိုသည်။

သင့်တင့်သောလေ့ကျင့်ခန်းမလုပ်ခြင်း၊ လေ့ကျင့်ခန်းလုပ်မှု လွန်ကဲခြင်း၊ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဓာတုဗေဒပစ္စည်းအငွေ့ အသက်များရှူရှိုက်မိခြင်းတို့ကို အထူးသတိပြုကြစေလိုသည်။

နှလုံးရောဂါမဖြစ်စေရန် ဆင်ခြင်ရမည့်အချက်များ

(၁)       ဆေးလိပ်မသောက်ပါနှင့်။ သောက်သုံးနေသူများ၏ အငွေ့ကိုပင်ရှောင်ပါ။

(၂)        အလွန်ပင်ပန်းသောလေ့ကျင့်ခန်းများ မလုပ်သင့်ပါ။

(၃)       အချိုနှင့်အဆီအအိမ့် အလွန်အကဲ မစားပါနှင့်။ သကြားလျှော့စားပါ။

(၄)       စိတ်ပင်ပန်းမှုနှင့် အိပ်ရေးပျက်သောအလုပ်များကို ရှောင်ရှားပါ။

(၅)       သန့်ရှင်းမှုမရှိ၊ လေကောင်းလေသန့်မရသော နေရာများတွင် နေထိုင်ခြင်း၊ အလုပ်လုပ်ခြင်းမှ တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။

ကံ၊ စိတ်၊ ဥတု၊ အာဟာရကြောင့် အကြောင်းများစွာရှိသည်မှာ မှန်သော်လည်း မိမိနှင့်အနီးစပ်ဆုံး၊ အနေအထိုင် အစားအသောက် ဆင်ခြင်စရာအချို့ကို ဆင်ခြင်နေထိုင်လျှင် မဖြစ်သင့်သောနှလုံးရောဂါကို မဖြစ်ရလေအောင် ကြိုတင်ကာကွယ်ရာရောက်ပေသည်။ ခက်ခက်ခဲခဲမဟုတ်ဘဲ လွယ်ကူစွာ သတိပြု ဆင်ခြင်နိုင်မည့် အကြောင်းအရာများကို ဆင်ခြင်စားသောက်နေထိုင်ပြုမူသဖြင့်   နှလုံးရောဂါဒဏ်ခံစားရခြင်း၊ ရုတ်တရက် နှလုံးတိုက်ခိုက်ခံရခြင်း၊ Heart Attack ဖြင့် အသက်ဆုံးရှုံးရခြင်းများ မဖြစ်ရလေအောင် ဆင်ခြင်နိုင်ကြောင်း တင်ပြရေးသားလိုက်ရပေသည်။  ။

ကြည်လွင်မြင့်(မုဒြာ)