ငယ်ဘဝ

ယမန်နေ့မှအဆက်

စဉ့်ကိုင်မြို့အလယ်တန်းကျောင်း

ကျောင်းဖွင့်သည်နှင့် မောင်ငြိမ်းချမ်းစဉ့်ကိုင်ကျောင်းမှာ တက်ရသည်။ အလယ်တန်းကျောင်းသား ဖြစ်သွားပြီ။ ရွာမှာအလယ်တန်းကျောင်းတက် သူတစ်ယောက်မျှမရှိ၍ မောင်ငြိမ်းချမ်းကျောင်းသွား ဖော်ပင်မရှိ၊ လုံချည်စိမ်းနှင့် အင်္ကျီအဖြူဝတ်ပြီး ရွာမှတစ်ယောက်တည်း ထွက်ရသည်။ အဖေကြီးဝယ် ထားသော စက်ဘီးလေးနှင့်ဖြစ်သည်။

ကိုယ့်ရွာမှာတော့ ကိုယ့်ဘီးကလေးနှင့် ဂုဏ်တင့်နေသည်။ ကြော့ကြော့ကလေး စီးထွက်လာခဲ့သည်။ ရွာအရှေ့ပေါက်မှ ထွက်သည်နှင့် ကသစ်ပင်တန်းလေးရှိသည်။ ကသစ်ပန်းပွင့်ချိန်ဆိုလျှင် တစ်လမ်း လုံးရဲရဲနီနေ၏။ ကသစ်တန်းလွန်လျှင် သရက်ပင်တန်းရှိသည်။ သရက်တန်းလွန်သည်နှင့် မြောင်း ပေါင်ရောက်၏။

ကျောက်ဆည်မြို့မှ စီးဆင်းလာသော ဆည်ရေသောက်မြောင်းမကြီး ဖြစ်သည်။ မြောင်းပေါင်တစ် လျှောက်မှာ သပြေဖြူ၊ သပြေနီပင်များ တန်းစီပေါက်နေသည်။ မြောင်းပေါင်လမ်းမှာ ညီညာပြန့်ပြူး သော စက်ဘီးလမ်းဖြစ်သည်။ လှည်းများမြောင်းပေါင်ပေါ် ဖြတ်မမောင်းရ။ မောင်းလျှင် အရေးယူ သည်။ စက်ဘီးစီး၍ အလွန်ကောင်းသော လမ်းဖြစ်သည်။

ဆည်ကတော်ရွာကို ဖြတ်ကျော်ပြီးသော် မြောင်းနှစ်ခွဆုံရာ ရေထိန်းတံခါးကို ရောက်သည်။ ထိုနေရာ မှာ နှစ်ထပ်ဗိုလ်တဲကြီးတစ်ခု ခမ်းခမ်းနားနား ဆောက်ထားသည်။ ဆည်မြောင်း အရာရှိများ တည်း ရန်နေရာဖြစ်သည်။ ရေတံခါးလွန်သော် မြောင်းပိုကြီးလာသည်။ မြောင်းပေါင်လည်း ပိုကျယ်သည်။ စက်ဘီးစီး၍ ပိုကောင်းသည်။ တစ်မိုင်ခန့်သွားလျှင် ဖလံဗိုလ်ရွာ ရောက်သည်။

ဖလံဗိုလ်ရွာမှ အရှေ့တည့်တည့်သွားသော လမ်းအတိုင်း သုံးမိုင်ကျော် လေးမိုင်နီးပါး စက်ဘီးစီးလျှင် စဉ့်ကိုင်ရောက်မည်။ ဖလံဗိုလ်ရွာတွင် အလယ်တန်းကျောင်းသား ကျောင်းသွားဖော်များရှိပြီ။ မောင် ငြိမ်းချမ်းနှင့် လေးတန်းတစ်နှစ်တည်း အောင်ကြသူများဖြစ်၏။ ဖလံဗိုလ်ရွာမှ ခင်မောင်၊ မြောင်း ဆုံရွာမှ ကျော်သောင်း၊ ဟင်းငူမှ ဘမောင်နှင့် ခင်မောင်ကြည်ဖြစ်သည်။ အားလုံးမှာ မူလတန်း ကျောင်းအုပ်ဆရာကြီးများ၏ သားများဖြစ်ကြသည်။

ဖလံဗိုလ်မှ စဉ့်ကိုင်သွားသောလမ်းမှာ ကုန်းနီအထိ အလွန်ဆိုးပါသည်။ လှည်းလမ်းလှည်းဘီးရာ အတိုင်း စက်ဘီးနင်းရသည်။ နေရာများစွာတွင် လှည်းဘီးရာမှ တစ်ပေကျော်နက်သော ချောက်ကြီး များဖြစ်နေသည်။

အချို့နေရာမှာ ချောက်ကအလွန်ကျဉ်းသည်။ စက်ဘီးခြေနင်းစီးနှင့် ဘေးဘက်မှ ချောက်ခယောင်း များတိုက်ပြီး မကြာခဏကျွမ်းပစ်လဲသည်။ အချို့ချောက်ကြီးများမှာ အလွန်နက်၍ စီးရသည်မှာ လည်း အလွန်ခက်သည်။ လဲလျှင်လည်း အလွန်နာသည်။ ဘေးမှခယောင်းအမာများနှင့် ထိမိခိုက်မိ သည်။ ပေါက်ပေါက်ပြဲပြဲဖြစ်ရသည်။ မလဲသောနေ့မရှိ၊ မပေါက်မပြဲသောနေ့မရှိ။ အဝတ်များမှာ လည်း ချွေးနှင့်ဖုန်ရောပြီး ပေပေတေတေဖြစ်ရပြီ။ စဉ့်ကိုင်မြို့ကျောင်းသို့ ရောက်သောအခါ မြို့ပေါ် ကျောင်းသားများ၏ စက်ဘီးများက ကိုယ့်ဘီးနှင့်မယှဉ်သာအောင် ကောင်းနေကြသည်။ များသော အားဖြင့် ရာလေးဘီး၊ ဟမ်းဘားဘီး အသစ်များဖြစ်သည်။ နေအရောင်မှာ တပြောင်ပြောင် တလက် လက်တောက်ပနေကြသည်။

အသစ်မဟုတ်သော စက်ဘီးများကပင် ကိုယ့်ဘီးထက် အများကြီးသာ လွန်ကောင်းမွန်နေကြသည်။ အသေအချာ နှိုင်းယှဉ်ကြည့်သောအခါ ကိုယ့်ဘီးသည် အားလုံးထဲမှာ အညံ့ဆုံးလောက်ဖြစ်နေသည်။ စက်ဘီးချင်းယှဉ်လိုက်တိုင်း မောင်ငြိမ်းချမ်းက ချည်းရှုံးနေသည်။ မောင်ငြိမ်းချမ်း စက်ဘီးမှာ နေရောင်ထဲသွားလျှင်လည်း ဘာအရောင်မျှမထွက်။

“ကောင်းတယ်...ငါ့စက်ဘီးက ဘယ်သူ့မျက်စိမှ ဒုက္ခမပေးဘူး...”

မောင်ငြိမ်းချမ်းက အဆင်ပြေအောင် တွေးလိုက်ခြင်းဖြစ်၏။

အဝတ်အစားချင်း ယှဉ်တော့လည်း မြို့ပေါ်မှကျောင်းသားများကို မောင်ငြိမ်းချမ်းမမီ။ သူတို့က ကျောင်းနှင့် အိမ်နီးသည်။ စက်ဘီးစီးပြီး ကြော့ကြော့လေးလာရသည်။ သူတို့အင်္ကျီ၊ လုံချည်များမှာ ချွေးမပေ၊ ဖုန်မကပ်၊ မီးပူကျ သပ်ရပ်လှပနေကြသည်။ မောင်ငြိမ်းချမ်းကတော့ ခြောက်မိုင်ခရီး စက် ဘီးစီးလာရ၍ ချွေးရွှဲသည်။ စက်ဘီးလဲတိုင်း ဖုန်ပေသည်။ ချွေးနှင့်ဖုန်ရောသောအခါ ပို၍ ညစ်ပေ နွမ်းသည်။

လုံချည်စိမ်းနှင့် အင်္ကျီဖြူချင်းတူသော်လည်း ပိတ်စချင်းမှာ အကောင်းအညံ့ကွာသေးသည်။ မုန့်ဖိုး ချင်းယှဉ်တော့လည်း မောင်ငြိမ်းချမ်းရှုံးသည်။ မောင်ငြိမ်းချမ်းကို အမေကြီးက နေ့စဉ်မုန့်ဖိုးတစ်မူး သာပေးနိုင်သည်။ ထိုအချိန်က မူးသုံးမတ်သုံးသောကာလ။ တစ်မတ်ပေးလျှင် ခေါက်ဆွဲသုပ်၊   မုန့်တီ သုပ်၊ လက်သုပ်စုံစားနိုင်သည်။ တစ်မူးဆိုလျှင် ဂျုံယိုတစ်ခွက်သာရ၏။ ဂျုံစေ့ကို ထန်းလျက်နှင့် ကျိုပြီး အုန်းသီးဆန် အဖတ်ကလေးများထည့်ပေးထား၏။ ဂျုံယိုတစ်ခွက်ဆိုလျှင် ဗိုက်တင်းအောင် သောက်ရ၏။ မြို့ပေါ်မှ ပြည့်စုံသော ကျောင်းသားများက မုန့်ဖိုးတစ်မတ်ငါးမူးရ၍ ကောင်းသည် များစားနိုင်ကြသည်။

မောင်ငြိမ်းချမ်း မြို့ကျောင်းမှာ စက်ဘီးချင်းယှဉ်လျှင်လည်း ရှုံးသည်။ အဝတ်ချင်းလည်း ရှုံးသည်။ မုန့်ဖိုးချင်းယှဉ်လည်း  ကိုယ်ကရှုံး၌ မသိမသာနှိုင်းယှဉ်မိရာမှ မသိမသာ အားငယ်စိတ်ဝင်ရသည်။ ထိုကိစ္စများထက် ပိုဆိုးသည်မှာ စာကျတော့လည်း မြို့ပေါ်မှကျောင်းသားများကိုမမီ။ မယှဉ်နိုင်ခြင်း ဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်။