အသည်းရောဂါ

အသည်းရောဂါ

အသည်းဟာ ခန္ဓာကိုယ်ရဲ့အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်တယ်။ အသည်းမှာ ရောဂါတစ်ခုခုဖြစ်ရင် စိုးရိမ်ရပါတယ်။ အသည်းရောဂါနဲ့ အရက်သောက်တာ ဆက်စပ်နေတယ်။ အသည်းရောဂါဟာ အသည်းရောင်အေ၊ အသည်းရောင်ဘီ၊ အသည်းရောင်စီတို့ကြောင့် ရောဂါဖြစ်စေ နိုင်သလို အခြားအကြောင်းအရာများကြောင့်လည်း ရောဂါဖြစ်တတ်ပါတယ်။

အသည်းဟာ သွေးသန့်စင်ပေးတယ်။ အသည်းဟာ သွေးထဲက အဆိပ်တွေဖယ်ရှားပေးတဲ့အပြင် အခြားလုပ်ငန်း(၅၀၀)လောက်ကို လုပ်ဆောင်ရတယ်။ အစာချေဖျက်ရာမှာ ကူညီပေးတဲ့ သည်းခြေရည်ကိုလည်း ထုတ်ပေးတယ်။ စားလိုက်တဲ့ အစားအသောက်တွေကို အားအင်နဲ့အာဟာရအဖြစ်  ပြောင်းလဲပေးတယ်။ ခန္ဓာကိုယ်ကနေ ကာဗိုဟိုက်ဒရိတ်ဓာတ် အသုံးပြုရာမှာ ကူညီပေးတယ်။  သွေးခဲ တွေမဖြစ်အောင် ကူညီပေးတယ်။

အသည်းက ဘောလုံးအရွယ်ရှိတယ်။ အလေးချိန်ကသုံးပေါင်ရှိပြီး အရေပြားပြီးရင် ခန္ဓာကိုယ်မှာ အကြီးဆုံးအင်္ဂါ အစိတ်အပိုင်း ဖြစ်တယ်။ နံရိုးအောက် ဝမ်းဗိုက်ညာဘက်ခြမ်းမှာ တည်ရှိပါတယ်။ အသည်းကောင်း၊ မကောင်းသွေးစစ်ကြည့်နိုင်ပါတယ်။ အသည်းနဲ့  ပတ်သက်တဲ့ ထိခိုက်ဒဏ်ရာတွေ၊ ရောဂါတွေနဲ့ကူးစက်ရောဂါတွေကို အသည်းလုပ်ငန်း စမ်းသပ်ချက်နဲ့ သွေးစစ်ခြင်းတို့မှ သိနိုင်ပါ တယ်။ အသည်းကပြန်ကြီးထွားနိုင်ပါတယ်။  အသည်းဟာ  သူ့မှာထိခိုက်ဒဏ်ရာရတာဖြစ်ဖြစ် အသည်းဖယ်ရှားလိုက်ရတာဖြစ်ဖြစ်  သူ့အလိုလိုပြန်ပြီး ကြီးထွားလာနိုင်တဲ့ တစ်ခုတည်းသော  အင်္ဂါအစိတ်အပိုင်းပဲဖြစ်တယ်။

အသည်းလှူဒါန်းတယ်ဆိုရာမှာ  အသည်းအစိတ်အပိုင်း အနည်းငယ်ကိုပဲ  လိုအပ်တဲ့သူဆီလှူဒါန်းနိုင်လို့  နှစ်ဦးလုံး အသက်ရှင်နိုင် တယ်။   အသည်းကို  လစဉ်အဆိပ်အတောက်ထုတ်(Detox) မလုပ်ပေးနိုင်ပါဘူး။ အချို့လူတွေက အသည်းကို အဆိပ်အတောက် ထုတ် (Detox)လုပ်ကြတယ်။ အာဟာရပြည့်ဝတဲ့ ကျန်းမာရေးနဲ့ညီတဲ့အစားအစာစားရုံနဲ့ အသည်းကို ကောင်းအောင် ထိန်းထား နိုင်ပါတယ်။

အရက်ကအသည်းရဲ့ ဆဲလ်တွေကိုပျက်စီးစေပါတယ်။ အသည်းဟာသောက်လိုက်တဲ့ အရက်တွေကို ချေဖျက်ပြီးခန္ဓာကိုယ် ကနေ ဖယ်ရှားပေးတယ်။ အသည်းကလုပ်ခိုင်းနိုင်တာထက် ပိုပြီးသောက်ရင်အသည်းကို ထိခိုက်စေပါတယ်။ အရက်နဲ့ဆက်စပ်နေတဲ့ ရောဂါတွေက အသည်းအဆီဖုံးရောဂါ၊ အသည်းရောင်၊ အသည်းခြောက်၊ အသည်းကင်ဆာတို့ဖြစ်တယ်။ အသက်အန္တရာယ် စိုးရိမ် ရတာ ကြောင့်အရက်ကိုဖြတ်သင့်ပါတယ်။

အကိုက်အခဲပျောက်ဆေးက အသည်းကိုထိခိုက်စေပါတယ်။ အကိုက်အခဲပျောက်ဆေးဓာတ်က ဆေးအမျိုးအစားများစွာမှာ ပါဝင်နေ တတ်ပြီး အအေးမိ၊ ချောင်းဆိုးဖြစ်ရာမှာသောက်တဲ့ ဆေးဝါးတွေမှာလည်း ပါနေတတ်တယ်။ ပါရာစီတမောဆေးမှာ အကိုက်အခဲ ပျောက်ဆေးဓာတ် ပါဝင်နေတာကြောင့် တစ်နေ့ကို ခြောက်လုံးထက် ပိုမသောက်သင့်ပါဘူး။ ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သင့် သလို ဆေးပမာဏကိုနှစ်ပတ်နဲ့အထက်စွဲသောက်ရင် အသည်းမှာအန္တရာယ်ရှိပါတယ်။

အသည်းရောင်အသားဝါ ရောဂါဖြစ်လျှင်အရေပြား၊   ဆီးနဲ့မျက်စိတို့ ဝါလာတတ်ပါတယ်။ သွေးထဲမှာ ဘီလီရူဘင်များရင်အရေပြားနဲ့ မျက်စိတွေ ဝါလာတတ်တယ်။ ဘီလီရူဘင်ဆိုတာ သွေးနီဥတွေကိုချေဖျက်ရာမှာ ခန္ဓာကိုယ်ကနေ ပြုလုပ်ပေးတဲ့   အဝါရောင်ခြယ် ပစ္စည်းဖြစ်တယ်။ ပုံမှန်မှာအသည်းက အဆိုပါဓာတ်စစ်ပေးတယ်။ အသည်းမှာရောဂါဖြစ်နေရင်၊ ဘီလီရူဘင်များရင် အသည်းရောင် အသားဝါရောဂါ ဖြစ်တတ်ပါတယ်။

မွေးခါစကလေးတွေမှာ အသည်းကကြီးထွားဆဲမို့ ဘီလီရူဘင်ဓာတ်တွေစစ်ထုတ်ရာမှာ အခက်အခဲဖြစ်ပြီး အသားဝါရောဂါရ တတ်ပါတယ်။ အသည်းခြောက်ဖြစ်ရတာဟာ အရက်အလွန်အကျွံ  သောက်တာတစ်ခုလည်း ပါဝင်တယ်။ အရက်သမားငါးဦးမှာ တစ်ဦး အသည်းခြောက်ရောဂါဖြစ်နိုင်ပါတယ်။ အသည်းခြောက်ရောဂါကြောင့် အသည်းပျက်စီးရင် ပြန်ပြင်ဖို့မလွယ်တော့ပါဘူး။ အသည်းရောဂါ တစ်ခုခုဖြစ်တာနဲ့ တန်းပြီးမသိနိုင်ပါဘူး။ အကိုက်အခဲပျောက်ဆေးတွေ များများသောက်သုံးရင် အသည်းထိခိုက် တယ်။ အသည်းရောဂါက အချိန်ကြာတဲ့ထိရှိနေမှန်းမသိနိုင်ပါဘူး။ တော်ရုံနဲ့ရောဂါလက္ခဏာ မပြတတ်ပါဘူး။ အလွန်အမင်း ပင်ပန်း နွမ်းနယ်တာ၊ ကြွက်သားတွေနာကျင်ကိုက်ခဲတာမျိုးလောက်ပဲ သတိပေးလက္ခဏာပြတတ်တယ်။ အသားတွေယားယံတာ၊ ဝမ်းဖော ဝမ်းရောင်တာ၊ ဆီးအရောင်ရင့်တာ၊ မျက်စိနဲ့အရေပြားအရောင်ဝါတာတွေက အသည်းရောဂါလက္ခဏာတွေပဲဖြစ်တယ်။

အသည်းရောင်ဘီပိုးက ကာကွယ်ဆေးထိုးနှံနိုင်ပါတယ်။ ကလေးဘဝကာကွယ်ဆေးငါးမျိုးမှာ အသက်နှစ်လ၊ လေးလ၊ ခြောက်လ အရွယ်တွေမှာ ဆုံဆို့၊ မေးခိုင်၊ကြက်ညှာ၊ အသည်းရောင်ဘီ၊ ဦးနှောက်အမြှေးရောင်ကာကွယ်ဆေးတို့ကိုထိုးပြီး ပါးစပ်က ပိုလီယို အစက်ချ ဆေးတိုက်တယ်။ အသက်နှစ်လမှာ အဆုတ်တီဘီကာကွယ်ဆေး(BIG)ထိုးနှံစေကာ အသက်ကိုးလ၊ ၁၀ လမှာ ဝက်သက် ကာကွယ်ဆေးထိုးနှံစေတယ်။ အသက် ၁၄ နှစ်အောက်မှာဝက်သက်နှင့် ဂျိုက်သိုးကာကွယ်ဆေးထိုးနှံပြီး အသက်ရှစ်နှစ်အရွယ် မိန်းကလေးတွေမှာ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပါတယ်။ အသက်ငါးနှစ်အောက်မှာ ဝမ်းကိုက် ကာကွယ်ဆေး ထိုးနှံပေးပါတယ်။

အသည်းရောင်အသားဝါစီပိုးက လိင်ကတစ်ဆင့်ကူးစက်နိုင်ပါတယ်။ သွေးကတစ်ဆင့်ဆေးရုံသုံးအပ်တွေ မတော်တဆထိမိကာ    မူးယစ်ဆေးဝါးသုံးတဲ့အခါ အပ်တစ်ခုတည်းမျှသုံးတာ၊ လိင်ဆက်ဆံတဲ့အခါအကာအရံ (Condom)မသုံးတာတွေမှာ အသည်းရောင် အသားဝါစီရောဂါ ကူးစက်နိုင်ပါတယ်။ အသည်းရောင်စီရောဂါရှိတဲ့ မိခင်မှကလေးမွေးဖွားရာမှာ မိခင်ကနေ ကလေးထံ ကူးစက် တတ်ပါတယ်။

အသည်းနဲ့ပတ်သက်ရင် ဒေသထွက်အရက်တွေပိတ်ပင်ခြင်း သို့မဟုတ်   စံမီအောင်ချက်လုပ်သင့်ပါတယ်။  အရက်သောက်ခြင်းဖြင့် အသည်းအဆီဖုံးရောဂါ၊ အသည်းရောင်အသားဝါရောဂါ၊ နာတာရှည်အသည်းရောင်ရောဂါ၊  အသည်းအမှတ်စွဲထင်ခြင်း၊ အသည်းကြွပ် ဆတ်နာ၊ အသည်းကင်ဆာတို့ကို ဖြစ်စေနိုင်ပါတယ်။ ဒေသထွက်အရက်ကို လူသောက်သုံးဖို့လုံးဝမဖြစ်နိုင်တဲ့ ဆာလဖျူရစ် အက်စစ်ပြင်း၊ ပလတ်စတစ်၊ ပုလဲဓာတ်မြေသြဇာ၊ အင်ဒရင်းစတာတွေနဲ့ အချဉ်မြန်မြန်ပေါက်၊အရက်ဘဝမြန်မြန်ရောက်အောင်  စီးပွားရေးအတွက် ကြည့်ပြီး ချက်လုပ်ကြတဲ့အခါအသည်းရောဂါမျိုးစုံ ငယ်ငယ်ရွယ်ရွယ်နဲ့ရလာစေပါတယ်။ အရက်သောက် သက်ဘယ်လောက်မှ မကြာသေးဘဲ အသည်းကြွပ်ဆတ်၊ အသည်းကင်ဆာဖြစ်ကာ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးတတ်လို့ မအိုဆေးအဖြစ် လှောင်ပြောင်ခေါ်ဝေါ်ကာ သောက်သုံးနေကြဆဲဖြစ်တယ်။ ။

ဒေါက်တာလွင်သန့်