COVID-19  ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား   စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ဆက်လက်လက်ခံ

နေပြည်တော်၊ သြဂုတ် - ၇
    
Coronavirus Disease 2019 (COVID-19)  ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား နေပြည်တော်၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းနှင့် ရွှေညောင်မြို့ရှိ တည်းခိုရေးစခန်းတို့၌ လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်စစ်ကြော ရေးနှင့် တည်းခိုရေးစခန်းသို့ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၂၄ ဦး၊ အမျိုးသမီ ၂၀ ဦး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းသို့ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၁၅ ဦး၊ တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၉ ဦး ထပ်မံရောက်ရှိလာပြီး ရွှေညောင်မြို့ရှိ တည်းခိုရေးစခန်းသို့ ထပ်မံရောက်ရှိလာသူမရှိကြောင်း သိရသည်။ ထို့ပြင် နေပြည်တော်စစ်ကြောရေးနှင့်တည်းခိုရေး စခန်းရှိ အမျိုးသမီး ၁ ဦးကို အရေပြားရောဂါနှင့်အဆစ်အမြစ်ရောင်ရောဂါဖြင့် နေပြည်တော် ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပေးခဲ့သည်။
    
စောင့်ကြပ်ကြည့်ရှုထားသူများအနက်မှ ၂၁ ရက်ပြည့်မြောက်သည့် နေပြည်တော် စစ်ကြောရေးနှင့်တည်းခိုရေးစခန်းမှ ၃၀ ဦးကို ယနေ့တွင် ကျန်းမာရေးဦးစီးဌာနနှင့် စောင့်ကြပ်ကြည့်ရှုရေးစခန်းတို့မှ Quarantine  စောင့်ကြည့် ၂၁ ရက်ပြည့်ပြီးကြောင်း လက်မှတ်များနှင့် COVID-19 ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန် စာရွက်စာတမ်း များကို တာဝန်ရှိသူများကပေးအပ်ပြီး သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ တပ်မတော်နှင့် တာဝန်ရှိသူများက စီစဉ်ပေးသည့်မော်တော်ယာဉ်များဖြင့် လိုက်လံပို့ဆောင်ပေး ခဲ့သည်။
    
ထိုသို့လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ည ၇ နာရီအထိ နေပြည်တော် စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ ၂၉၃ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေး နှင့်တည်းခိုရေးစခန်း၌ ၃၄၀ ဦးနှင့် ရွှေညောင်မြို့ရှိ တည်းခိုရေးစခန်း၌ ၈၄ ဦးတို့ကို အသီးသီး လက်ခံထားရှိပြီး စောင့်ကြည့်သူများအားလုံးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်းနှင့် အဆိုပါသီးသန့်စောင့်ကြည့်ရမည့်သူများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များအလိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
    
ယနေ့တွင် လှိုင်မြို့နယ်စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ သီးသန့်စောင့်ကြည့် ရမည့်သူများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးနေမှုများကို ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု၍ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။